မော်လမြိုင်တွင် အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်မည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ ။ ။ အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေးရေး အလုပ်ရုံဆွေးနွေးပွဲကို မော်လမြိုင်မြို့ ငွေမိုးဟိုတယ်တွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှှူး ဦးဟောက်ကျင်မုန်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို မန္တလေး၊ ရန်ကုန်၊ ပုဂံ စသောမြို့ကြီးများတွင် ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်တွင် ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

ယင်း အသိပညာပေးဆွေးနွေးပွဲတွင် အာဆီယံ အစိမ်းရောင်ဟိုတယ်များစံနှုန်း၊ အာဆီယံ သန့်ရှင်း သောမြို့ တော်များ ခရီးသွား လုပ်ငန်းစံနှုန်း၊ အာဆီယံ လူမှုအဖွဲ့အစည်းအခြေခံ ခရီးသွား လုပ်ငန်းစံနှုန်းနှင့် ခရီးသွားလုပ်ငန်းများအကြောင်း အသိပညာပေးရှင်းလင်းခြင်း စသည့်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဟောက်ကျင်မုန်က ဆိုသည်။

“လုပ်ငန်းတွေမှာ သူများနိုင်ငံနဲ့ နည်းတူ အရည်အချင်းတွေ ရှိလာမယ်၊ အာဆီယံအသိုက်အဝန်း ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ များလာမယ် ကိုယ်လည်းပဲ သူများစံနှုန်းကိုမှီအောင် လိုက်လုပ်နိုင်မယ်”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ နိုင်ငံတကာ ဆက်ဆံရေး ဌာနခွဲ၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ Action AID Myanmarနှင့် မြန်မာ့ခရီးသွားလုပ်ငန်း လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဆွေးနွေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

Similar Articles

Leave a Reply

Top