မွန်အမျိုးသားကွန်ဖရင့်ကို သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပမည်

မွန်အမျိုးသားကွန်ဖရင့်ကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ကျေးရွာတွင် သြဂုတ်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၂၄ ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

logo-copy

ယင်းအမျိုးသားကွန်ဖရင့်ကို တက်ရောက်ရန် မွန်သံဃာတော်များ၊ မွန်ခရစ်ယာန်အဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအပြင် အမျိုးသားရေးကိစ္စတွင် ပါဝင်ဆောင်ရွက်နေသော ပုဂ္ဂိုလ်အချို့တို့ကို ဖိတ်ကြားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“၂၁ ရာစု ပင်လုံညီလာခံနဲ့ နီးကပ်နေတဲ့အတွက် မွန်လူမျိုးတွေရဲ့အသံ တစ်သံတည်းထွက်ပေါ်နိုင်ဖို့အတွက် ၂၁ ပင်လုံကို အဓိကထားပြီးတော့ ဆွေးနွေးမယ်၊ မွန်အမျိုးသားစည်းလုံးညီညွတ်ရေးကလည်း လုပ်ရမယ်။ ဒါက အမြဲတမ်းလုပ်နေရမယ့် ကိစ္စဖြစ်တယ်”ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်ဝင်းလှက ဆို သည်။

အဆိုပါ အစည်းအဝေးတွင် ၂၁ ရာစုပင်လုံညီလာခံနှင့် မွန်အမျိုးသားစည်းလုံးညီညွတ်ရေး အချက်နှစ်ချက်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းကွန်ဖရင့် ဖြစ်မြောက်ရေးကော်မတီ၏ ဒုတိယ ဦးဆောင်သူ မိကွန်းချမ်း နွန်က ဖြည့်စွက်ပြောကြားသည်။

“မွန်လူမှုအဖွဲ့အစည်းကတော့ ဒေသ ၅ ခုနဲ့ ခွဲထားတယ်၊ မွန်ပြည်နယ် ၁၀ မြို့နယ်၊ တနင်္သာရီ၊ ကရင်ပြည်နယ်ထဲက အချို့မြို့နယ်တွေပါတယ် ရန်ကုန်တို့ ပဲခူးတို့လည်းပါတယ် အကုန်လုံးဆိုရင် မြို့နယ် ၂၀ မြို့နယ်ကျော်ရှိမယ်၊ ဒီအထဲက ကျွန်မတို့ ဒေသ ၅ ခုနဲ့ ခွဲထားတယ်” မိကွန်းချမ်းနွန်က ဆိုသည်။

ထို့ပြင် ကွန်ဖရင့်သို့ အဖွဲ့အစည်းအားလုံးမပါဝင်ပါက တက်ရောက်နိုင်သည့်သူများသာ အသံတစ်ခုတည်းထွက်ပေါ်လာနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ရှင်းပြပြောဆိုသည်။

နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပလာခဲ့သော မွန်အမျိုးသားကွန်ဖရင့်ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် မော်လမြိုင်မြို့ ၊ ပြည်နယ်ခန်းမတွင် နောက်ဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရှစ်ကြိမ်မြောက် မွန်အမျိုးသား ကွန်ဖရင့်ကိုမူ ထိုင်း – မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာ၌ မေလ ပထမအပတ်တွင် ကျင်းပမည်ဖြစ်သည်။

Similar Articles

Leave a Reply

Top