လွှတ်တော်တွင် အစိုးရအဖွဲ့ ဖြေနိုင်သော မေးခွန်းများကိုသာ မေးမြန်းရန် ရန်ကုန်တိုင်းအစိုးရ ကြိုတင် ညှိနှိုင်း

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် အစိုးရအဖွဲ့ ဖြေနိုင်သော မေးခွန်းများကိုသာ လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော် ဥက္ကဋ္ဌ များနှင့် ညှိနှိုင်းပြောဆိုထားကြောင်း အမည်မဖော်လိုသူ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်တစ်ဦး ကပြောကြားသည်။

pmt

ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမတိုင်မီ စက်တင်ဘာ ၂၈ရက်နေ့က ဆွေးနွေးမည့် မေးခွန်း နှင့် အဆိုများ နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့ နှင့် လွှတ်တော်ဥက္ကဋ္ဌများ ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေး ကျင်းပခဲ့ခြင်းကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်မှုများရှိခဲ့ပြီး လွှတ်တော် အစည်းအဝေးကျင်းပသည့် နေ့တွင်လည်း ပြည်သူအကျိုးရှိမည့်မေးခွန်း၊ အဆိုများ တင်ပြဆွေးနွေးခဲ့ခြင်း မရှိ သည်ကိုတွေ့ရသည်။

“ ပထမနေ့ လုပ်မယ့်အစည်းအဝေးမှာ အစိုးရအဖွဲ့က ဖြေချင်တဲ့ မေးခွန်းတွေပဲ မေးပါလို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ညှိပါတယ်၊” ဟု အဆိုပါ အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

ထို့အပြင် လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်များ မေးမြန်းမည့် မေးခွန်းပေါင်း အခု ၂၀ဝ အတွင်းမှ ထက်ဝက်ကိုသာ သက်ဆိုင်ရာ ဝန်ကြီးများက နှုတ်ဖြင့် ဖြေကြားမည်ဖြစ်ပြီး ကျန်ရှိသည့် တစ်ဝက်ကို စာဖြင့်သာ ဖြေကြားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ကြိုတင် ညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုသွားကြောင်း ၎င်းကဆိုသည်။

“ဒါပေမယ့် စာနဲ့ဖြေရင် ပြန်လှန်မေးခွန်း မေးလို့မရတာကြောင့် သက်ဆိုင်ရာ တာ ဝန်ရှိသူတွေကို နှုတ်နဲ့ပဲဖြေဖို့ လွှတ်တော်ဥက္ကဋ္ဌကို တင်ပြသွားပါမယ်။” ဟု ၎င်းကထောက်ပြပြောဆိုသည်။

ယင်းနောက် စက်တင်ဘာလ ၂၉ ရက်နေ့ တွင်ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် သက်ဆိုင်ရာမြို့ နယ် အတွင်း မီသတ်ယာဉ် တစ်စီး ဖြည့်တင်းပေးရန်၊ မီးလုံးများ တပ်ဆင်ပေးရန်၊ ကွန်ကရစ်ခင်းပေးရန်၊ ရဲစခန်းအဆောက်အဦး ထိန်းသိန်း ပြုပြင်ပေးရန် အပါအဝင် သာမန် ဖြစ်လေ့ဖြစ်ထရှိသော မေးခွန်းများ၊ အဆိုများကိုသာ မေးမြန်ခဲ့သည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်း က “ အန်တီအနေနဲ့ ရန်ကုန်တိုင်းလွှတ်တော်ကို ဒီထက်ပိုမြန်ဆန်ပြီး ပြည်သူတွေအတွက် ထိရောက်တဲ့ လွှတ် တော် တစ်ခုဖြစ်စေချင်တယ်၊ ရန်ကုန်မှာက တခြားတိုင်းနဲ့ပြည်နယ်လို မဟုတ်ဘဲ ဖြစ်နေတဲ့ ပြသနာအကြောင်း အရာတွေ အများကြီးပဲ၊ အခုဖြစ်နေတဲ့ အခြေအနေကတော့ အားရစရာမရှိပါဘူး။ ” ဟု ရှင်းပြပြောဆိုသည်။

လက်ရှိ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို ပြသနေသည့် လူသတ်မှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးအမှု နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဖြစ်ပွားလျက်ရှိပြီး ယင်းကိစ္စများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်မှ တစ်ဆင့် အစိုးရကို ထိန်းကျောင်းရန်လည်း အရေးတကြီးလိုအပ်လျက်ရှိသည်။

သို့သော်လည်း လွှတ်တော်၏ နည်းဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် လွှတ်တော်တွင် မေးမြန်းဖြေကြား ဆွေး နွေးရမည့် မေးခွန်းအဆိုများကို ဝန်ကြီးချုပ်နှင့်ကြိုတင် ညှိနှိုင်းရမည်ဟု မပါရှိကြောင်း၊ ယင်းသို့ ညှိနှိုင်းတိုင်ပင် သည့်အတွက် လွှတ်တော်၏ အစိုးရအပေါ်တွင် ထိန်းကျောင်းနိုင်သည့် အင်အားလျော့နည်း သွားမည်ကို စိုးရိမ် မိကြောင်း ဒေါက်တာညိုညိုသင်းက ထောက်ပြပြောဆိုသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို လာမည့် အောက်တိုဘာ ၃ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။

Leave a Reply

Top