“ပြည်သူက ပြောင်းလဲချိန်တန်ပြီးဆိုပြီး အော်နေတယ် ၊ ကျွန်တော်တို့ဘက်မှာလဲ လုပ်လို့မရသေးတာ အများကြီးရှိနေတယ်”

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် တွေ့ဆုံခြင်း

မွန်ပြည်နယ် တွင် အစိုးရ အဖွဲ့ အတွင်း ပူးပေါင်း ဆောင်ရွက် မှုမရှိ ဟု ဝေဖန်မှု များ ထွက် ပေါ် လာသည့် အပြင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်း လွှတ်တော် မတက် ရောက် သောကြောင့် လွှတ်တော် ကိုယ်စား များ အရေး ယူရန်ပြင်ဆင် သည့် အထိ ဖြစ်လာခဲ့သည်။ လွှတ်တော် အမတ်များ မေးမြန်းသည့် မေးခွန်း များ ကို ပြည်နယ် ဝန်ကြီးများ တိတိ ကျကျ မဖြေနိုင်မှု ရှိလာ ခဲ့သည်။ ယင်း ပြဿနာများ ကို မွန်ပြည်နယ် ဝန်ကြီး အနေနှင့် မည်သို့ ဖြေရှင်း မည် ကို ဟင်္သာ မီဒီယာ ကတွေ့ဆုံမေးမြန်း ၍ ဖော်ပြ လိုက်ရပါသည်။
mmo

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ အစိုးရအဖွဲ့ အချင်းချင်း ပူပေါင်းဆောင်ရွက်မှု အာနည်းတယ်။ သဘောထားကွဲတာတွေ ရှိနေတယ်လို့ အစိုးရအဖွဲ့ဝန်ကြီး တစ်ဦးက ပြောထားပါတယ်။ အဲ့ကိစ္စနဲ့ပတ်သတ်ပြီ ဝန်ကြီးချုပ် ဘယ်လို မြင်သလဲ။

ဦးမင်းမင်းဦး။ ။ အဲလိုဟာက ပြဿနာလေး တစ်ခုအပေါ်မှာ လူတစ်ယောက်ရဲ့ လွတ်လပ်ဆိုပြောဆိုပိုင်ခွင့် အနေအထားအရ ပြောလိုက်တာဖြစ်တယ်၊ အမှန်မှန်မှာတော့ ဒီလောက်အထိ မရှိပါဘူး၊ အစ်ကိုတို့ အားလုံးက ပြဿနာ မတတ်ကြပါဘူး၊ အစိုးရအဖွဲ့တွေ အစည်းအဝေး ထိုင်နေကြပါတယ်၊ လွှတ်တော်ရောက်ရင်တော့ ကိုယ်စားလှယ်တစ်ဦးချင်းက လွတ်လပ်စွာ ဆွေးနွေးပိုင်ခွင့်ရှိတယ်၊ဒါကတော့ လူတိုင်းရဲ့ လွတ်လပ်စွာဆွေးနွေး ပိုင်ခွင့်ပဲလေ၊ အစ်ကိုတို့မှာ အားနည်းချက်မရှိပါဘူး၊ ဝန်ကြီးတွေက သူတို့ဌာနတွေကို သူတို့ကိုင်နေကြတယ်၊ သူတို့ကိုလည်း လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထာတယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်တို့ အနေနဲ့ ပြည်နယ်စီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက် အစိုးရအဖွဲ့အချင်းချင်း ဆွေးနွေးတဲ့နေရာမှာ ဘယ်လိုသတ်မှတ်ချက်တွေထားပြီး ဆွေးနွေးဖြစ်လဲ၊ ဒီနေရာမှာ သဘောထားကွဲလွဲမှုတွေ ရှိနေလား၊

ဦးမင်းမင်းဦး။ ။ မရှိပါဘူး၊ တစ်ခုခုကို လုပ်ထုံလုပ်နည်းနဲ့ အညီ တင်ကြတယ်၊ လုပ်ထုံလုပ်နည်း မညီတဲ့အခါကျ တော့ နားလည်မှုလွဲမှားရင် အပြန်အလှန် ဆွေးနွေးကြတယ်၊ အများကတော့ လုပ်ထုံလုပ်နည်းနဲ့ အညီတင်ကြ ပါတယ်၊ ပုံမှန် ကပ်ဘိနက် အစည်းအဝေးကို ကြာတာပသေးနေ့တိုင် လုပ်ကြတယ်၊ အဲဒီအစည်းအဝေးမှာ အကုန်လုံး တင်ကြတယ်၊ အရမ်းလိုအပ်လာရင်တော့ အရေးပေါ်အစည်းအဝေး ခေါ်လိုက်တယ်။

ဟင်္သာမီဒီယာ။ ။ ဒီလိုအစည်းအဝေးတွေမှာ အစိုးရအဖွဲ့က လုပ်ဖို့ ဆုံးဖြတ်ထားပြီးမှ လွှတ်တော်ရောက်တော့ ဦးမင်းထင်အောင်ဟန်က ထောက်ခံဆွေးနွေးတဲ့ ဘက် ရောက်သွားတာတွေ ရှိနေတယ်၊ ဥပမာအဆင့်မြှင့်ဧည့်ရိပ်သာစီမံကိန်းနဲ့ ဥပဒေချုပ်ရုံး ကိစ္စတွေမျိုးပေါ့။

ဦးမင်းမင်းဦး။ ။ ဒါက လူတိုင်းမှာ လွတ်လပ်စွာ ဆွေးနွေးပိုင်ခွင့်ရှိတယ်လေ၊ ဒီမှာတော့ အားလုံး သဘောတူတယ်ဆိုပေမယ့် အစည်းအဝေး တစ်ခုမှာ အများက သဘောတူရင် အတည်ဖြစ်တယ်လေ၊ ဒီမိုကရေစီစနစ်မှာ အများက သဘောတူရင် အတည်ပဲလေ၊ ဟိုရောက်တော့လည်း သူ့ သဘောထားအရ ပြောင်းလဲ ဆွေးနွေးခွင့်ရှိတယ်၊ ဒါက ဒီမိုကရေစီအခွင့်အရေးပဲလေ၊ ဒီမှာက အများစုက အတည်ပြုလိုက်ရင် အတည်ဖြစ်သွားပြီး၊ ဟိုရောက်တော့မှ သူဘာသာ သူ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တင်ပြဆွေးနွေး ချက်အပေါ် သူရဲ့ ဆုံးဖြတ်ပိုင်ခွင့်အတိုင်းပဲ သွားတာလေ၊ ဒါက သူအခွင့်အရေး ဖြစ်တော့ ဘာမှပြောစရာတော့ မရှိပါဘူး။

ဟင်္သာမီဒီယာ။ ။ အခုဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေကို နောက်ပိုင်းမှာ ဘယ်လိုပူပေါင်းဆောင်ရွက်သွားဖို့ရှိလဲ။

ဦးမင်းမင်းဦး။ ။ လက်ရှိအခြေအနေအရ လက်ရှိအတိုင်းသွားမယ်၊ ဒါတွေက အတည်ဖြစ်သွားပြီး၊ နောက်ပိုင်းမှာ နည်းနည်း ညှိနှိုင်းဆောက်ရွက်သွားမယ်၊ ဘာမှမလုပ်ရသေးတဲ့ အခြေအနေမှာ ဘာမှမလုပ်ရသေးတာ မပြောသေးတာကောင်းမယ်၊ အမှန်မှာတော့ လွှတ်တော်ဆိုတာက မလုပ်ရသေးတဲ့ စီမံကိန်းတွေကို မေးမြန်ခွင့်တောင် မရှိဘူး၊ တင်ပြတဲ့အခါမှ တင်ပြဆွေးနွေးတာ ကောင်းမယ်၊ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် နောက်ပိုင်းများ ခေါ်ယူ ညှိနှိုင်းတွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်၊ တကယ်ကျတော့ ကိုယ်ပြည်နယ်အတွက်ရတဲ့ အခွင့်အရေးတွေ နာသွားတာပေါ့၊ ပြည်သူပဲ နာသွားတယ်၊ ဒါမှမလုပ်ဘူးလို့ တင်လိုက်တော့ ပြည်သူပဲနာသွားတယ်၊ ဘယ်သူကြောင့် မရလဲဆို သူတို့ကြောင့် မရတာဖြစ်သွားတယ်၊ အစ်ကိုတို့ ဘာမှမနစ်နာသွားဘူး၊ အစိုးရကလည်း အစိုးရရဲ့ ခံစားခွင့်ရှိသလို လွှတ်တော်ကိုယ်စားလှယ်ကလည်း လွှတ်တော်ကိုယ်စားလှယ် ခံစားခွင့်အတိုင်းရှိတယ်၊ဒီပြည်နယ်အတွက် ချထားပေးတာကို မလုပ်ရင် ဘာဖြစ်သွားမလဲ၊ အစ်ကို အဲဒီအတိုင်းပဲ စဉ်းစားတယ်၊ ကိုယ်ပြည်နယ်အတွက် ရတဲ့ အခွင့်အရေးကို အပြည့်သုံးမယ် ၊ အစ်ကိုက ပြည်နယ်ကို တာဝန်ခံရတာဖြစ်တော့ ဒီပြည်နယ်အတွက် ရတဲ့အခွင့်အရေးကို ရသလိုသုံးမယ်၊ အဲဒီမှာ ပယ်ချလိုက်တာတော့ မတတ်နိုင်ဘူး၊ ပယ်တဲ့သူကတော့ သူတာဝန်ပေါ့၊ ဘယ်သူပယ်လဲ ပယ်တဲ့သူတာဝန်ပါ၊ အချို့ကတော့ ခေါင်းစဉ်ပြောင်းပြီး သုံးခိုင်းဖို့ ပြောတယ်၊ အချိန်မှီရင်တော့ ပြဿနာမရှိဘူး၊ မမှီရင်တော့ ပြဿနာပေါ့။

ဟင်္သာမီဒီယာ။ ။ နောက်ပိုင်း ပြည်နယ်မှာ လုပ်မယ့် စီမံကိန်းတွေကို ဘယ်လိုဆက်လုပ်သွားမလဲ။

ဦးမင်းမင်းဦး။ ။ အစ်ကိုတို့အနေနဲ့ လုပ်သင့်တဲ့ စီမံကိန်းတွေကို အစိုးရအဖွဲ့မှာ အရင်တင်ပြရတယ်၊ အားလုံးက သဘောတူရင် လွှတ်တော်ကို ပြန်တင်တယ်၊ လွှတ်တော်က သဘောတူမှ ဆက်လုပ်သွားမယ်။

ဟင်္သာမီဒီယာ။ ။ လွှတ်တော်ကိုယ်စားလှယ်မေးတဲ့ မေးခွန်နဲ့ အစိုးရအဖွဲ့ ဖြေတဲ့ အဖြေမှာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ ဝေဖန်နေကြတယ်၊ အဲ့ဒါ ဘာကြောင့်လဲ။

ဦးမင်းမင်းဦး။ ။ သူတို့ ထပ်မေးလို့ရတယ်၊ လွှတ်တော်မှာ ပါပြီးသာ မရှင်းလင်းလို့ရှိရင် ထပ်ဆင့်မေးလို့ရတယ်၊ အစ်ကိုတို့မှာလည်း တိုက်ရိုက်ဖြေနိုင်ရင် ဖြေ မဖြေနိုင်ရင် စာနဲ့ရေးသားဖြေဆိုနိုင်တယ်ဆိုတာ ပါပြီးသာ၊ ရှင်းရှင်းလေးလေးပါ၊ လုပ်ထုံလုပ်နည်းတွေရှိတယ်၊ အစ်ကိုတို့မှာက ဌာနတွေကို ပေါင်းပြီးကိုင်ထားရတာ၊ ဝန်ကြီးတစ်ယောက်မှာ ၃၁ ဌာနလောက်ကို ကိုင်ထားရတာ၊ ဒီကာလလေးနဲ့ သူတို့ ဒီလောက်လုပ်နိုင်တာ ဘာလိုပဲဖြစ်ဖြစ်လေ အစ်ကိုတို့ အစိုးရသက်တမ်းက နုနုလေးပဲရှိသေးတယ်၊ သူတို့မေးတာကို အခြေအနေ အချိန်အခါနဲ့ ဖြေပေးတယ်၊ သူတို့မရှင်းရင် ထပ်မေးလို့ရတယ်၊ လွှတ်တော်ဥက္ကဋ္ဌကလည်း ခွင့်ပြုတယ်။

ဟင်္သာမီဒီယာ။ ။ ကိုယ်စားလှယ်တွေ ပြောတာကတော့ အစိုးရအဖွဲ့က ဝန်ကြီးတွေက အောက်ခြေအထိ
အလုပ် ဆင်းလုပ်တာ မဟုတ်လို့ အဖြေတွေ လွဲနေတာဆိုပြီးဝေဖန်တာပေါ့နော်၊ ဝန်ကြီးချုပ်နေနဲ့ကော အောက်ခြေအထိ ဆင်းပြီးတော့ လုပ်ဖြစ်လား။

ဦးမင်းမင်းဦး။ ။ လုပ်ဖြစ်ပါတယ်၊ ဒီနေ့ဆို ဝန်ကြီးနှစ်ပါးက နေပြည်တော်သွားတယ်၊ ကျန်တဲ့ဝန်ကြီးတွေက သူဌာနအတွက် ကွင်းဆင်းဆောင်ရွက်နေတယ်၊ ဒီနေ့လုပ်ဖို့ စီစဉ်ထားတဲ့ အစည်းအဝေးတောင် မလုပ်ဖြစ်ဘူး၊ အားလုံးက ပြေးလွှားပြီး လုပ်နေကြရတယ်၊ အစ်ကိုတို့မှာ မီဒီယာ အားသိပ်မရှိလို့ အစ်ကိုတို့ လုပ်နေတာကို ဘယ်သူမှ သိပ်မသိကြတာဖြစ်တယ်၊ နောက်ပြီး ဝန်ကြီးတွေယူထားရတဲ့ ဌာနတွေများတော့ သက်ဆိုင်ရာဌာနတွေရဲ့ အခမ်းအနားတွေနဲ့ လုပ်ငန်းတွေကို တလျှောက်လုပ်နေကြတယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်ရဲ့ သက်တမ်း ရှစ်လမှာ ပြည်နယ်ဖွံ့ဖြိုးမှု အပြောင်းအလဲ သိပ်မရှိသေးဘူးလို့ ပြောနေကြတယ်။အစိုးရအဖွဲ့ အားနည်းတယ်လို့လဲ ဝေဖန်တာတွေရှိတယ်၊ အဲ့ဒါကို ဝန်ကြီးချုပ်အနေနဲ့ လက်ခံ
ပါသလာ။

ဦးမင်းမင်းဦး။ ။ သူတို့ကတော့ သူတို့အမြင်ကို ပြောမှာပဲ၊ အစ်ကိုတို့ကတော့ အစ်ကိုတို့ လုပ်နေတယ်၊ အဖြေမထွက်သေးလို့ကတော့ ပြောနေကြမှာပဲ၊ အချိန်ကာလတိုသေးတယ်၊ အစ်ကိုတို့လည်း အခုဆို လုပ်နေတဲ့ စီမံကိန်းတွေထဲက ပြောသင့်တဲ့ စီမံကိန်းတွေကို ပြောလာတယ်၊ ကျန်တဲ့အချိန်မှာဆို ဘဏ္ဍာချက်ကသွားတဲ့အတိုင်း အခုဆို တင်ဒါတွေကို တလျှောက်ခေါ်နေရတယ်၊ နောက်ပြီး လုပ်သင့်တဲ့စီမံကိန်းတွေကို အစ်ကိုတို့ ပြည်နယ်က ခွင့်ပြုလိုက်ပေမယ့် MLC နဲ့ အဆင်မပြေတာတွေလည်း ရှိတယ်၊ ဖောင်စိန်တို့ မင်းရွာစီမံကိန်းတွေကိုလည်း အကောင်အထည် ဖော်နေတယ်၊ နောက်ဆို လာပါဦးမယ် ဝါဒတ်ကွင်းတို့ ဘာတို့ကိုလည်း လုပ်ဖိုရှိတယ်၊ စက်မှုဇုန်အတွက်လည်း မြေနေရာတွေ ရှာဖွေနေတယ်။ကျွန်တော်တို့တော့ လုပ်နေတာပါပဲ။

ဟင်္သာမီဒီယာ။ ။ အစိုးရကတိကဝတ် စောင့်ကြည့်ရေးကော်မတီအနေနဲ့က ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုထားတဲ့ အဆိုတွေ မေးခွန်းတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ အားနည်မှုတွေရှိနေတယ်လို့ ပြောနေကြတယ်။ အတည်ပြုထားတဲ့ အဆိုတွေ မေးခွန်းတွေကို အကောင်အထည် မဖော်နိုင်တာ အစိုးရ
အဖွဲ့ထဲမှာ အခက်အခဲတွေရှိနေလို့လား

ဦးမင်းမင်းဦး။ ။ တချို့ကိစ္စတွေကို လာမည့် စီမံကိန်းမှာ ထည့်ပေးမယ်လို့ ပြောထားတယ်၊ ဥပမာ ဒီလမ်းမပြင်သေးဘူးလား၊ အစ်ကိုတို့ ချက်ချင်း ပြင်ပေးလို့မရဘူး၊ လာမည့် စီမံကိန်းမှာ ထည့်သွင်းမှ ရမယ်၊ အဲဒါတောင် အစ်ကိုတို့ ထည့်ဆွဲပြီးမှ ပြန်ဖျက်ချလိုက်ရင် ဘာမှ မတတ်နိုင်ဘူး၊ အစ်ကိုတို့ မလုပ်ပေးတာ မဟုတ်ဘူး၊ ဥပမာ အာဇာနည်ကျောက်တိုင်တို့ ဘာတို့ပေါ့၊ အချို့ဟာတွေဆို သူများတွေ ပိုင်ထားတဲ့ မြေကို သွားဝယ်ရတာဖြစ်တယ်၊ နောက်ပြီး တိုင်းရင်းသားရေးရာ ကိစ္စတွေ ပြည်ထောင်စုအဆင့်က လုပ်ရမယ့်ဟာတွေ ပါတယ်၊ အခုဟာတွေက အရင်အစိုးရရဲ့ စီမံကိန်းအတိုင်းသွားနေတာ အစ်ကိုတို့က ဖြည့်စွက်လောက်ပဲ လုပ်ရတယ်။

ဟင်္သာမီဒီယာ။ ။ အစိုးရသက်တမ်း ရှစ်လအတွင်းမှာ ဝန်ကြီးချုပ်တို့ အတွေ့အကြုံအရ အခက်အခဲတဲ့ အပိုင်းတွေ ရှိနေလား။

ဦးမင်းမင်းဦး။ ။ လက်ရှိကတော့ ဘာမှ ခက်ခက်ခဲခဲတော့ မရှိသေးပါဘူး၊ ဒီလိုပဲ ကျော်ဖြတ်လိုက်နေရတယ်၊ အဓိကက လွှတ်တော်က လာလာမေးတဲ့ အခါကျရင် အစ်ကိုတို့က လုပ်လို့မရသေးတဲ့ ရှိနေတယ်၊ သူတို့ကလည်း သိချင်တယ်၊ သူတို့က ဖြစ်ချင်တာတွေများတယ်၊ ပြည်သူက အော်နေတယ်။
အရမ်းပြောင်းလဲချိန်တန်ပြီးဆိုပြီး ပြောင်းချင်တယ်၊ အစ်ကိုတို့မှ လုပ်လို့မရသေးတာ အများကြီးရှိနေတယ်၊ အစ်ကိုဆို လာသမျှ နိုင်ငံခြားတွေကို တွေ့ဆုံတယ်၊ ပြည်နယ်အစိုးရလုပ်ပိုင်ခွင့်ရှိရင် လုပ်ပေးတယ်။လုပ်လို့
မရတဲ့ အနေအထားတွေလည်းရှိပါတယ်။

Similar Articles

Leave a Reply

Top