ဘီးလင်းမြို့နယ်က သုဝဏ္ဏဘူမိရှာပုံတော် အပိုင်းအစများ

ယနေ့အချိန်အခါထိ သမိုင်းသုတေသန ပညာရှင်များအကြား အငြင်းပွားနေဆဲဖြစ်သည့် သုဝဏ္ဏဘူမိ တည်နေရာသည် မြန်မာနိုင်ငံတွင် ရှိမရှိဟူသော ပြဿနာတစ်ရပ်ရှိနေသေးသည်။

dsc_6700-copy

သုဝဏ္ဏဘူမိ တည်နေရာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသာမက အခြားအရှေ့တောင်အာရှ နိုင်ငံများကလည်း စိတ်ဝင်စားလျက်ရှိနေသည်။
သုဝဏ္ဏဘူမိ ဒေသသည် အိန္ဒိယနိုင်ငံအရှေ့ဘက် သမုဒ္ဒရာကို ဖြတ်သန်းသွားရသော နေရာတွင် တည်ရှိသည် ဟူ၍ကား ရှေးကျသောစာပေ၊ သက္ကတစာပေ ပါဠိစာပေများတွင် ဖော်ပြထားမှုများလည်း ရှိနေသည်ဟု ဆိုကြသည်။

အိန္ဒိယနိုင်ငံသားတို့သည် ရှေးကျသော ကာလကပင် အရှေ့ဘက် အင်ဒိုချိုင်းနားကျွန်းဆွယ် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံ အောက်ပိုင်း တစ်ခွင်တစ်ပြင် ဒေသကြီးကို သုဝဏ္ဏဘူမိဟူ၍ လည်းကောင်း သုဝဏ္ဏဒီပဟုလည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။

မြန်မာသမိုင်းပညာရှင်များသည် ရှေးသထုံပြည်ကို သုဝဏ္ဏဘူမိဟု ခေါ်ဆိုရခြင်းမှာ ဓမ္မစေတီမင်းကြီး ရေးထိုးခဲ့သည့် ကလျာဏီကျောက်စာအရ ဖြစ်သည်ဟု သမိုင်းသုတေသန (ငြိမ်း) ဆရာဦးစံဝင်းရဲ့ သုဝဏ္ဏဘူမိသုတေသနစာအုပ်တွင် ပါမောက္ခဒါက်တာကျော်ဝင်း၏ အမှာစာအရ သိရသည်။

ကလျာဏီကျောက်စာတွင် သုဝဏ္ဏဘူမိတိုင်းကို အုပ်စိုးနေသည့် စူဋ္ဌသီရိမာသောက ဘုရင်လက်ထက်တွင် သာသနာပြုရန် ရှင်သောဏနှင့် အရှင်ဥတ္တရတို့ ရောက်ရှိခဲ့ကြောင်း၊ နန်းတွင်း၌ ညဘက် ကလေးများကို ခိုးစားနေသည့် ဘီလူးကိုမရောက်လာစေရန် မနုဟာသီဘုရင် ရုပ်တုကို ထုလုပ်ခဲ့ကြသည်။

မနုဟာသီဘုရင် ရုပ်တုကြောင့် ဘီလူးများ မရောက်လာခြင်းကို အဆိုပါ ကျောက်စာတွင် ထည့်သွင်းထားကာ သုဝဏ္ဏဘူမိအရပ်ကို ယခုဘီးလင်းမြို့နယ် ကေလာသတောင်ခြေရင်းရှိ အရက်သည်မ ကျေးရွာနှင့် ဝင်းက ကျေးရွာအနီးတစ်ဝိုက်ဖြစ်ပြီး မင်းနေပြည်တော်ထားရှိသည့် အရှေ့ထက်ဝက်သည် တောင်စောင်းရှိကြောင်းနှင့် အနောက်ထက်ဝက်တွင် မြေညီရှိကြောင်းလည်း ဖော်ပြထားသည်။

မည်သို့ပင် ဆိုစေကာမူ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ရန်အတွက် ၁၉၇၀ ခုနှစ် နောက်ပိုင်းမှစ၍ သုဝဏ္ဏဘူမိမြို့ဟောင်း ရှာပုံတော်ကို ရှေးဟောင်းသုတေသန ဦးစီးဌာနအနေဖြင့် ဘီးလင်းမြို့နယ် ဝင်းကကျေးရွာတွင် ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းမှု ခေါင်းစဉ်နှင့် ရှာဖွေရေး လုပ်ငန်းများကို အကောင်အထည် ဆောင်ရွက်ခဲ့သည်။

သို့သော် ၁၉၇၄-၇၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေး ပြဿနာများကြောင့် သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်း ရှာဖွေရေး လုပ်ငန်းစဉ်များ ရပ်နားခဲ့ရသည်။
နှစ်ပေါင်း ၃၀ ကျော်ကြာရပ်နားထားသည့် ရှေးဟောင်း အမွေအနှစ်များထိန်းသိမ်းမှု လုပ်ငန်းကို ၂၀၁၁ ခုနှစ်က မွန်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်နှင့် သမိုင်းသုသေသန ပညာရှင်များက သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်း ရှာဖွေရေးခေါင်းစဉ်နှင့် ရှာဖွေရေးလုပ်ငန်းများကို ပြန်စတင်ရန် ကြိုးပမ်းခဲ့ကြသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးခုနှစ်တွင် နိုင်ငံတော်အစိုးရက သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းရှာဖွေရေး လုပ်ငန်းအတွက် ဘတ်ဂျက်ငွေ သိန်း ၂၀ဝ ကို လုပ်ငန်းလုပ်ဆောင်ရန် ချထားပေးခဲ့ပြန်သည်။

stone

“အဲဒီနှစ် တူးဖော်မှုမှာ သုဝဏ္ဏဘူမိမြို့ဟောင်း တည်ရှိမည့်နေရာဟု ယူဆရတဲ့ ကုန်းပေါင်း ၄၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့တယ်”ဟု သမိုင်းသုသေသီ ဆရာဦးစံဝင်းက ပြောဆိုသည်။

ယင်းဘဏ္ဍာရေးနှစ်တွင် ဘီးလင်းမြို့နယ် ဝင်းကကျေးရွာရှိကုန်းအမှတ် (၇)၊ (၈)၊ (၉) အပါအဝင် တောင်ကြီး၊ အုတ်ပေါက်ကုန်းများကို စတင်တူးဖော်ခဲ့သည်။
ကုန်းအမှတ် (၈) အားတူးဖော်စဉ် အုတ်ခွက်ဘုရားအပါအဝင် ထုံးကျောက်နှင့် ပြုလုပ်ထားသည့် ဗုဒ္ဓဆင်းတုတော်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများကို တွေ့ရှိခဲ့ပြီး၊ ကုန်းအမှတ် (၇) တွင် ဂဝံကျောက် လိပ်ရုပ်များ၊ လိပ်သဲကျောက် စေတီပုံများကို ထပ်မံတွေ့ရှိခဲ့ကြောင်း မွန်ပြည်နယ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ပြောကြားသည်။

တောင်ကြီး၊ အုတ်ပေါက်ကုန်းနေရာတွင် ရှုပ်ထွေးနေသည့် အဆောက်အဦ ပန္နက်ပုံစံ နတ်ကွန်းနတ်နန်းနှင့် ဝေခွဲမရသည့် အဆောက်အဦများတွေ့ရှိခဲ့ပြီး၊ တောင်ကြီး အုတ်ပေါက်ကုန်းရှိ မြို့ရိုးကို ဖြတ်ပိုင်းတူးဖော်ရာတွင် လိပ်သဲကျောက်များ စီထားသည့် ကျောက်တန်းများကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရက သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်း ထပ်မံတူးဖော်ရေးအတွက် ဘတ်ဂျက်ငွေ သိန်း ၈၀ဝ ကျော်ကို ချထားပေးခဲ့သဖြင့် အဆိုပါနှစ်တွင် ဝင်းကကျေးရွာတွင် ကုန်းအမှတ် (၁၀)၊ (၁၁)၊ (၁၂)၊ (၁၃)နှင့် မလော့ချောင်ကုန်းများကို တူးဖော်ရေးလုပ်ငန်း စတင်ခဲ့သည်။

ကုန်းအမှတ် (၁၀)၊ (၁၁)၊ (၁၂)၊ (၁၃) တို့တွင် ပုတီးလုံးများ၊ အိုးအပိုင်းအစများ၊ ဆီမီးခွက်များ၊ ဘာသာရေး အဆောက်အဦများကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဦးအောင်နိုင်မိုးက ပြောသည်။

ဝင်းကကျေးရွာရှိ ကုန်းအမှတ် (၁၀) ပြန်လည်တူးဖော်ရာတွင် စိတ်ဝင်စားဖွယ် ကောင်းသည့် အချက် အလက်များကို တွေ့ရှိခဲ့ကြောင်း သမိုင်းပညာရှင်များက ဆိုနေကြသည်။

အဆိုပါကုန်း တူးဖော်တွေ့ရှိရမှုများ၌ ခေတ်ကာလ အဆက်ဆက်တွင် သုံးလေးကြိမ်မက အဆင့်ဆင့်ငုံ၍ တည်ထားသော သာသနိက အဆောက်အအုံ (စေတီ) ဖြစ်နိုင်သည့်အပြင် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတို့တွင် တွေ့ရသည့် အချို့သော စေတီတော်များ၏ ပန္နက်ပုံနှင့် ဆင်တူကြောင်း သမိုင်းပညာရှင်များက ပြောဆိုနေကြသည်။

ဘီးလင်းမြို့နယ် ဝင်းကကျေးရွာနှင့် အရက်သည်မကျေးရွာတွင် သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းတူးဖော်မှုကို လိုလားကြသည့် ဒေသခံများ ရှိနေသလို လက်မခံသည့် ဒေသခံများလည်း ရှိနေသည်။

“မလော့ချောင်မှတော့ တစ်ပိုင်းပဲတူးလို့ရတယ်၊ တစ်ပိုင်းက ပိုင်ရှင်က ခွင့်မပြုဘူး၊ ခွင့်မပြုတော့ အဆောက်အဦ တစ်ခုလုံးရဲ့ တစ်ခြမ်းကိုပဲ ဖော်ပြရတဲ့အတွက် ကောက်ချက်ဆွဲပြောလို့ မရဘူး၊ ကုန်းတစ်ကုန်း မတူးလိုက်ရတဲ့ အတွက် ဘာမှ မသိလိုက်ရဘူး၊ ခံတပ်လား မြို့စားအိမ်လားဆိုတာ မသိလိုက်ရဘူး”ဟု ဦးအောင်နိုင်မိုးက ပြောသည်။

ရှေးဟောင်း သမိုင်းအမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းချပြခြင်း လုပ်ငန်းသည် လုပ်သင့်သော အလုပ်တစ်ခုဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ထောက်ပြ ပြောဆိုသည်။

“သုဝဏ္ဏဘူမိ မြို့ဟောင်းကို ပြန်တူးတာ မြန်မာတွေရဲ့ သမိုင်းအမွေအနှစ်ကို ထုတ်ဖော်တာဖြစ်လို့ သိ်ပ်ကောင်းတဲ့ အစီအစဉ် တစ်ခုဖြစ်တယ်”ဟု ဝင်းကကျေးရွာမှ အသက် ၇၀ ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

နိုင်ငံတော် အစိုးရအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်ငွေ ချထားခြင်းမရှိဘဲ သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်း ရှာဖွေရေးလုပ်ငန်းများကိုလည်း ယာယီရပ်ဆိုင်းခဲ့သည်။

သို့သော် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရှေးဟောင်းသုတေသနတူးဖော်မှု ပြုလုပ်ထားသည့် ကုန်းများကို ပြန်လည်ထိန်းသိမ်းရန် ပြည်ထောင်စု ဘတ်ဂျက်ငွေသိန်း ၁၅၀ဝ ကို ချထားပေးခဲ့ပြီး စီမံကိန်းလုပ်ငန်းကို နိုဝင်ဘာလတွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ဦးအောင်နိုင်မိုးက ပြောသည်။

ယင်းဘတ်ဂျက်ငွေကို တူးဖော်ထားသည့်ကုန်းများ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် သိန်း ၁၄၅၀ ကျော်ကို အသုံးပြုဆောင်ရွက်မည်ဖြစ်ပြီး ကျန်ရှိသည့်ဘတ်ဂျက်ဖြင့် ကုန်းအမှတ် ၁၁ ကို ပြန်လည် တူးဖော်ရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီနှစ်မှာတော့ အဓိကအနေဖြင့် တူးဖော်ပြီးသားကုန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လုပ်ဆောင်သွားဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
တူးဖော်ထားသော အဆောက်အအုံများသည် ရှေးခေတ်လက်ရာ အဆောက်အအုံများ ဖြစ်သည့်အတွက် လေဒဏ်မိုးဒဏ်ကြောင့် မပျက်စီးစေရန် သွပ်အမိုး၊ ခြံအကာများဖြင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားသည်။
သုဝဏ္ဏဘူမိ ရှေးမြို့ဟောင်းတူးဖော်ရေး လုပ်ငန်းများကို အစိုးရအနေဖြင့် တစိုက်မတ်မတ် လုပ်ဆောင်ရန် သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများက လိုလားနေကြသည်။

“ဒီအစိုးရလက်ထက်မှာတော့ ဒီဟာတွေကိုတူးဖို့ မူတွေချထားတယ်၊ နောက်အစိုးရ လက်ထက်မှာ ဒီမူကို နောက်ဆုတ်သွားတာတော့ မဖြစ်စေချင်ဘူး၊ ဒီဖော်ထုတ်မှုကို အစိုးရတိုင်း ဆက်လုပ်သွားဖို့ လိုတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။

နိုင်ငံတကာတွင် သမိုင်းအမွေအနှစ် အဆောက်အဦများကို ပြန်လည်ပြုပြင် ထိန်းသိမ်းရာတွင် နှစ် ၁၀ဝ ကျော် အထိ အချိန်ယူကာ ဆောက်လုပ်လျက်ရှိပြီး၊ ရှေးဟောင်းသမိုင်းအမွေအနှစ် အဆောက်အဦများကို ဖော်ထုတ်ခြင်းအားဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် အဖိုးမဖြတ်နိုင်သည့် မီးခိုးတိတ်စက်ရုံများ ဖြစ်လာနိုင်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

မြို့ဟောင်းရှိ ကုန်းများကို တူးဖော်ရာတွင် ဖြည်းဖြည်းနှင့် မှန်မှန် လုပ်ဆောင်သွားရမည်ဖြစ်ပြီး၊ တစ်နှစ်လျှင် တစ်ကုန်းနှုန်းလောက်သာ တူးသင့်ကြောင်း သမိုင်းပညာရှင်များက ဝေဖန်ပြောဆိုနေကြသည်။

သို့သော် ရှေးဟောင်းသုတေသနတူးဖော်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ငွေအား၊ လူအားဖြင့် စီမံချက် ချမှတ်ထားသော်လည်း ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှု အားနည်းခြင်းကြောင့် အခက်အခဲအချို့ ရှိနေသည်။

“ကျွန်တော်တို့အနေနဲ့ သူများအကျိုးစီးပွား ထိခိုက်မယ့် ဘယ်အလုပ်မျိုးကိုမှ မလုပ်ကြပါဘူး၊ အိမ်တွေလည်း မဖယ်ခိုင်းပါဘူး၊ ဖြစ်နိုင်မယ်ဆိုရင် နွားတင်းကုတ်တောင် မဖယ်ခိုင်းပါဘူး”ဟု သုဝဏ္ဏဘူမိမြို့ဟောင်းရှာဖွေရေး တာဝန်ခံတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ဘက်က အဲ့ဒီမြေကို ဌာနအနေနဲ့ သိမ်းလည်းမသိမ်းဘူး၊ ယူလည်း မယူဘူး၊ အဲ့မှာပဲထားမယ် သင့်တင့်သလောက် ခြံစည်းရိုးခတ်မယ်၊ အမိုးမိုးမယ် ဒီလောက်ပဲပေါ့၊ ဒီလုပ်ငန်းကို ကမ္ဘာကလည်း စိတ်ဝင်စားလာတဲ့ အခါကျရင် အဲ့ဒီဒေသက ပြည်သူတွေပဲ အကျိုးရှိမယ်”ဟု ဦးအောင်နိုင်မိုးက ပြောသည်။
ဘီးလင်းမြို့နယ်သည် မိုးများသည့် ဒေသတစ်ခုဖြစ်ခြင်းကြောင့် တူးဖော်ရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ထိန်းသိမ်းစောင့်ဆောက်မှု လုပ်ငန်းကို ဦးစားပေးနေရကြောင်း ၎င်းက ပြောဆိုသည်။

“ယာယီအမိုးတွေနဲ့မိုးတယ်၊ တချို့ကို သံဖရိန်နဲ့မိုးတယ်၊ မိုးများတဲ့ဒေသ ဖြစ်တဲ့အတွက်ကြောင့် အခုလို ပြုလုပ်ရတာဖြစ်တယ်။ ဒီအတိုင်းထားရင် ပျက်စီးသွားနိုင်တယ်၊ တူးဖော်ထားတာတွေက အုတ်ရိုးတွေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ၀ နီးပါး ပတ်ဝန်းကျင်က အခုမိုးရေနဲ့ထိမယ်ဆိုရင် ပျက်စီးသွားနိုင်တယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြည်သူများ အနေဖြင့် ရှေးဟောင်းသမိုင်းအမွေအနှစ်များ ရှာဖွေနေသည့် လုပ်ငန်းများကို တတ်နိုင်သလောက် ဝိုင်းဝန်းကူညီ ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားသည်။

မြို့ဟောင်းများဖြစ်သည့် ကျိုက္ကသာ၊ ဝင်းက ၊ အရက်သည်မ၊ သထုံ၊ မုသင်၊ စမ္ပာနဂို၊ မုတ္တမ နှင့် ကတိုက်ကြီး၊ ကတိုက်လေး၊ ဇုတ်သုတ်အပါအဝင် သံလွင်မြစ်နှင့် စစ်တောင်းမြစ်အကြားထင်ရှားသည့် နေရာများကို လိုက်လံ ရှာဖွေ တူးဖော်သွားမည်ဖြစ်ကြောင်း သမိုင်းပညာရှင်များက ပြောဆိုနေသည်။

၂၁ ရာစုနောက်ပိုင်း ထိုင်းနိုင်ငံရှိ နိုင်ငံတကာ လေဆိပ်ကို သုဝဏ္ဏဘူမိ လေဆိပ်ဟု သတ်မှတ်ခေါ်ဆိုခြင်းသည် မြန်မာနိုင်ငံအတွက် များစွာနစ်နာမှုများရှိနေကြောင်း သမိုင်းသုသေသနပညာရှင်များက ထောက်ပြပြောဆိုမှုများ ရှိနေသည်။

“ထိုင်းနိုင်ငံကလည်း တရားဝင် ကြေညာထားတာက သုဝဏ္ဏဘူမိဟာ သူတို့ရဲ့နယ်မြေမှာ ရှိတယ်လို့ပြောတယ်၊ ကျွန်တော်တို့ကတော့ မိမိတို့ရဲ့ အမွေအနှစ်တစ်ခုကို သူများတွေက ကောက်စားသွားတာ ဘယ်လိုမှ မဖြစ်သင့်ဘူး”ဟု သမိုင်းလေ့လာသူတစ်ဦးက ဆိုသည်။

ယင်းကိစ္စကို အစိုးရအနေဖြင့် ပေါ့ပေါ့တန်တန် သဘောမထားဘဲ လုပ်ငန်းတစ်ခုအား ဖြေရှင်းသည့် ပုံစံမျိုးဖြစ် ဖြေရှင်းလုပ်ဆောင် သွားသင့်သည်။
သုဝဏ္ဏဘူမိ မြို့ဟောင်းတူးဖော်ရေးမှ ရရှိထားသည့် မြို့ရိုးအထောက်အထားများ၊ အုတ်ခွက် ဘုရားများ၊ ဆင်းတုတော်များစသည့် ရှေးဟောင်းပစ္စည်းအမျိုးပေါင်း ၁၀ဝ ကျော်ကို မွန်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်တွင် ထိန်းသိမ်းထားရှိထားသည်။
လက်ရှိတွင် သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေးလုပ်ငန်းကို သမိုင်းပညာရှင်များ၊ ကျောင်းသူ ကျောင်းသားများ၊ သမိုင်းဝါသနာရှင်များကသာ လာရောက်လေ့လာလျက်ရှိသည်။

သို့သော် တွေ့ရှိရမှုများ တူးဖော်မှု လုပ်ငန်းများ ပြီးဆုံးခြင်းမရှိသေးသဖြင့် ကောက်ချက်ချရန်နှင့် ခေတ်ကာလ အခြေအနေများကို သုံးသပ်ပြောဆိုရန် အလွန်စောသေးကြောင်း သမိုင်းပညာရှင်များက ပြောဆိုနေကြသည်။

သုဝဏ္ဏဘူမိမြို့ဟောင်းကို မွန်ပြည်နယ်ရှိ သံလွင်မြစ်နှင့် စစ်တောင်းမြစ် အနီးတစ်ဝိုက်တွင် ရှာဖွေရေး လုပ်ငန်းများကို အစဉ်မပြတ် လုပ်ကိုင်ပါကတိကျသည့် အဖြေတစ်ခု ထွက်လာမည်ကို ယုံကြည်နေကြသူများလည်း ရှိနေသည်။

“ဒီသံလွင်မြစ်နဲ့ စစ်တောင်းမြစ်အကြားမှာရှိတဲ့ ဒေသတွေကိုတော့ လိုက်လံတူးဖော်ရင်တော့ အဖြေတစ်ခုတော့ ထွက်လာမယ်”ဟုဦးအောင်နိုင်မိုးက ပြောဆိုသည်။
မည်သို့ပင်ဖြစ်စေ သုဝဏ္ဏဘူမိ မြို့ဟောင်းရှာပုံတော်ကို ဖြည်းဖြည်းမှန်မှန်ဖြင့် တတ်နိုင်သလောက် နှစ်စဉ် ဆောင်ရွက်သင့်သည် လုပ်ငန်းတစ်ခု ဖြစ်နေသည်။

Written by – ဇော်ထိုက်၊ ဟိန်းထက်

Similar Articles

Leave a Reply

Top