ရော်ဘာကိုဘယ်သူကယ်ပါ့မယ်

တစ်ချိန်ကသူတို့မိသားစုဝမ်းရေးအပြင် အနာဂတ် စိတ်ကူးအိပ်မက်တွေကိုပါ ဖြည့်ဆည်းပေးခဲ့သည့် ရော်ဘာပင်များကို ဦးတင့်လွင် အမြတ်တနိုးတန်ဖိုးထားခဲ့သော်လည်းယခုအခါမှာတော့ မတည်ငြိမ်သည့် ရော်ဘာဈေးကြောင့် သူ၏ရော်ဘာခြံကိုရောင်းချရန် ကြေညာထားပြီး ဖြစ်သည်။

rubber

“ဟိုတုန်းကရော်ဘာဈေးကောင်းတယ်။ ရော်ဘာဈေးတွေကျနေတာ ကြာပြီ။ အလုပ်သမားပေးရတာနဲ့ မြေဆီဖိုးနဲ့ နောက် ပေါင်းရှင်းရတာနဲ့ ကိုယ့်အတွက် ဘာမှမကျန်တာကြာပြီ။ ဒီနှစ်တော့ နည်းနည်းလေးဈေးပြန်ရလာတယ်။ ဒါပေမယ့် ကျွန်တော်တော့ ဆက်မလုပ်ချင်တော့ဘူး။ အခုတောင်ရောင်းဖို့ ဖေ့ဘွတ်မှာတင်ထားတယ်။ ရောင်းမရရင် ဆိုင်ကယ်နဲ့ အလဲအထပ်လုပ်ဖို့လည်းတင်ထားတယ်”ဟုမွန်ပြည်နယ် သထုံမြို့နယ်မှ ဦးတင့်လွင်ကပြောသည်။

လွန်ခဲ့သော ၂၀၁၃ ခုနှစ်မှစ၍ ရော်ဘာဈေးနှုန်းကျဆင်းလာခဲ့ရာရော်ဘာလုပ်ငန်းရှင်အချို့က ၎င်းတို့၏ ရော်ဘာခြံများကိုပိတ်ထားခဲ့ကြသည်။ ရော်ဘာဈေးနှုန်း ပြန်လည်ဦးမော့ လာလိမ့်နိုးမျှော်လင့်ချက်ဖြင့် ဦးတင့်လွင်က ၎င်းပိုင်ဆိုင်သောရော်ဘာခြံသုံးဧကကိုအလုပ်သမားနှင့် ထက်ဝက်စားနှုန်းဖြင့် ဆက်လက် လုပ်ကိုင်လာခဲ့သော်လည်းမတည်ငြိမ်သည့် ရော်ဘာဈေးကြောင့် သူ၏ရော်ဘာခြံကိုယခုနှစ်မှာရောင်းချရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရော်ဘာကို ၁၉၀၅ ခုနှစ်၌ စီးပွားဖြစ် စတင်စိုက်ပျိုးလာခဲ့ပြီးအိမ်နီးချင်းထိုင်းနိုင်ငံက မြန်မာနိုင်ငံထက် ၃ နှစ်နောက်ကျ၍ ၁၉၀၈ ခုနှစ်မှသာရော်ဘာကိုစီးပွားဖြစ်စိုက်ပျိုးခဲ့ကာ မြန်မာနိုင်ငံတွင်ရော်ဘာကိုပြည်သူပိုင်သိမ်းချိန်၌ထိုင်းနိုင်ငံကThe Office of Rubber Replanting Aid Fund (ORRAF) ဖွဲ့စည်းကာရော်ဘာကို ပြည်ပတင်ပို့ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက ၁၅ သိန်းခန့်ရှိပြီး၊ အစေးထုတ်ယူနိုင်သည့်ဧကခုနစ်သိန်းနီးပါးရှိနေသည်။ ရော်ဘာကိုမွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်းအများအပြားစိုက်ပျိုးကြသည်။
၂၀ဝ၀ ခုနှစ်နောက်ပိုင်းရော်ဘာတစ်ပေါင်လျှင် ၁၀ဝ၀ ကျပ်ရှိခဲ့ရာမှ ၂၀၁၃ ခုနှစ်နောက်ပိုင်း၌ ရော်ဘာဈေးနှုန်းများကျဆင်းလာပြီးရော်ဘာဈေးကွက် ပျက်လာခဲ့ရပြီး၂၀၁၃ ခုနှစ်တွင် ရော်ဘာလုပ်ငန်းရှင်များကိုဂျပန်ချေးငွေဖြင့် ကူညီမည်ဆိုသောကြောင့် ရော်ဘာခြံရှင်အချို့မှာအားတက်ဖွယ် ဖြစ်ခဲ့သော်လည်းအရာမထင်ခဲ့ပေ။

ဂျပန်နိုင်ငံကမြန်မာ့ရော်ဘာကို ဝယ်ယူရန်အတွက် အရည်အသွေးပိုင်းဆိုင်ရာမြှင့်တင်နိုင်ရန် ပံ့ပိုးကူညီမည်ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း Myanmar Rubber Planters and Producers (MRPPA) မှတာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

မြန်မာ့ရော်ဘာတွင် အရည်အသွေးအားနည်းချက်များရှိနေခြင်းကြောင့် အရည်အသွေးတိုးတက်လာစေရန် နည်းပညာအကူအညီပေးရန်နှင့် ပြည်ပဈေးကွက် ရရှိလာစေရန် ဂျပန်-မြန်မာပူးပေါင်းလုပ်ဆောင်သွားရန် ရှိကြောင်း ၎င်းက ပြောသည်။

မြန်မာ့ရော်ဘာသည်ကမ္ဘာ့ဈေးကွက်ထဲ ဝင်ရောက်နိုင်ရန် အရည်အသွေးကောင်းမွန်ရန် လိုအပ်နေပြီး၊ အိမ်နီးချင်းတရုတ်၊ အိန္ဒိယ နိုင်ငံတို့ထက် ဈေးကွက်ပိုကောင်းသောဥရောပနိုင်ငံများသို့ ထိုးဖောက်နိုင်ရန် အရည်အသွေးမြှင့်တင်ပေးရန် လိုအပ်နေသည်။ လက်ရှိအချိန်အထိ မြန်မာ့ရော်ဘာဈေးကွက်မှာတရုတ်နိုင်ငံ၏ ဝယ်လိုအား အပေါ်တွင်သာအမှီပြုနေရသည်။

သို့သော် ဥရောပစီးပွားရေးပိတ်ဆို့မှုဖြေလျှော့ခဲ့ပြီးနောက် မြန်မာရော်ဘာကိုဥရောပသို့ တန်ချိန် ၂၀ စတင် ပို့နိုင်ခဲ့သည်ဟုMRPPA က ဆိုထားသည်။
ဈေးကွက်ပျောက်နေသောမြန်မာ့ရော်ဘာကိုမသန့်စင်နိုင်ခြင်းကြောင့် ကမ္ဘာ့ရော်ဘာဈေးကွက်ဝင်နိုင်ရန် အရည်အသွေးအဆင့်သတ်မှတ်ချက် Ribbed Smoked Sheets (RSS) အဆင့် ၅ တွင်သာရှိနေကြောင်းရော်ဘာလုပ်ငန်းရှင်အချို့က ပြောသည်။

“မြန်မာ့ရော်ဘာက RSS-3 ကနေ RSS-5 အထိရှိတယ်။ ကော်ပြားသန့်သန့်လိုချင်ရင် ရော်ဘာခဲတဲ့ ပုံးတွေနဲ့ဆိုင်တယ်။ ရော်ဘာခဲမယ့်ပုံးသန့်သန့်သုံးရင် ရနိုင်တယ်။ အခုလက်ရှိ ခြံသမားတွေသုံးနေတာကပုံးကြမ်းနဲ့သုံးနေတာ။ ပုံးကြမ်းနဲ့ခဲရင် သဲကတပြင်လုံးပြန့်ကုန်ရော”ဟုရော်ဘာလုပ်ငန်းရှင် ကိုချမ်းကရာဘာမသန့်စင်သည့် အဓိကအချက်ကိုရှင်းပြခဲ့သည်။

ကမ္ဘာ့အရည်အသွေးမီ ရော်ဘာသန့်စင်လိုပါက ရော်ဘာအစေးကိုစတီးစကာအပေါက် ၆၀ မှ ၈၀ အထိသုံး၍ သန့်စင်ရန်လိုပြီး၊ သတ္တုအရည်ခဲကန်ကိုသုံး၍ ခေတ်မီ ကြိတ်စက်၊ ဖိစက်များဖြင့် ပြုလုပ်ရန် လိုအပ်ကြောင်း ရော်ဘာလုပ်ငန်းရှင်အချို့က ထောက်ပြ ပြောဆိုကြသည်။

သို့သော် ရော်ဘာလုပ်ငန်းရှင်များအတွက် အက်ဆစ်နှင့် သတ္တုအရည်ခဲကန်များကို ပြည်တွင်း၌ အလွယ်တကူဝယ်ယူရန် ခက်ခဲနေပြီး၊ အစိုးရမှ ရော်ဘာလုပ်ငန်းရှင်များအတွက် လိုအပ်သောနည်းပညာ၊ စက်ပစ္စည်းနှင့် အသုံးအဆောင်များကိုကူညီထောက်ပံ့ပေးပါက ရော်ဘာအရည်အသွေး မြှင့်တက်လာနိုင်ကြောင်းရော်ဘာလုပ်ငန်းရှင်များကပြောသည်။

“ရော်ဘာဝယ်နေကြတာကလည်း အသန့်ဈေးနဲ့၊ ဗြွန်းဈေးနဲ့ သိပ်မကွာဘူး။ အသန့်လုပ်ရတာအဆင့်တိုင်းမှာပင်ပန်းတယ်။ ဥပမာ RSS-1 နဲ့ RSS-3 နဲ့ကတစ်ပေါင် ငွေတစ်ရာမကွာဘူးဆိုတော့ အကုန်လုံးကဒီအတိုင်းပဲသွားနေကြတာ။ တရုတ်က ဝယ်တာလဲ သန့်တာ၊ မသန့်တာမကြည့်ဘူး။ ဒီအတိုင်း ဝယ်တာ”ဟု ရော်ဘာလုပ်ငန်းရှင် ကိုချမ်းကပြောသည်။

ပြီးခဲ့သည့်နှစ်က ပြည်တွင်းရော်ဘာဈေးနှုန်းမှာတစ်ပေါင်လျှင် ၄၅၀ ကျပ်သာရှိခဲ့ပြီး၊ ယခုနှစ်တွင် ၇၅၀ ကျပ်မှ ၈၀ဝ ကျပ်အထိမြင့်တက်လာခဲ့သည်။
ပြည်တွင်းရော်ဘာဈေးမတည်မငြိမ်ဖြစ်လာသည့်အချိန်မှစ၍ ရော်ဘာအစေးခြစ် ကျွမ်းကျင်လုပ်သားများလည်းအိမ်နီးချင်းထိုင်းနိုင်ငံသို့ တဖြည်းဖြည်းရောက်ရှိသွားရာ ရော်ဘာစိုက်ပျိုးသူများအတွက် လုပ်သားရှားပါးမှုများလည်းရှိလာခဲ့ရသည်။

လက်ရှိအချိန် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရော်ဘာအစေးခြစ်ပေါက်ဈေးမှာတစ်ပင်လျှင် ခုနစ်ကျပ်မှ ကိုးကျပ်အထိရှိနေပြီး၊ အချို့သော ရော်ဘာခြံရှင်များကအစေးခြစ်အလုပ်သမားနှင့် ထွက်ရှိသည့် ရော်ဘာအစေးအပေါ် ထက်ဝက်ခွဲယူကြခြင်းနှင့် ခြံရှင်က ၆၀ ရာခိုင်နှုန်း၊ အလုပ်သမားက ၄၀ ရာခိုင်နှုန်းလည်းယူကြသည်လည်းရှိသည်။

“ဒီမှာရော်ဘာခြစ်ရင် တစ်ညတစ်သောင်းရဖို့ မနည်းခြစ်ရတယ်။ ထိုင်းမှာရော်ဘာတစ်ညခြစ်ရင် ဘတ် ၂၀ဝ၀ ကျော်လောက် ရတယ်”ဟုထိုင်းနိုင်ငံသို့ ရော်ဘာသွားရောက်ခြစ်မည့် ကိုအောင်ထူးကပြောသည်။

ရော်ဘာအစေးခြစ် ကျွမ်းကျင်လုပ်သားနည်းပါးလာနေပြီး၊ အလုပ်သမားမရှိသော ရော်ဘာခြံအချို့မှာ နှစ်စဉ်လိုလို ခြံပိတ်ထားကြရသည်။
“အလုပ်သမားကမမြဲဘူးလေ၊ ပိုက်ဆံပိုရတဲ့ဆီသွားကြတာပေါ့။ သွားရင်တော့ ထိုင်းမှာသွားလုပ်ကြတယ်။ အလုပ်သမားဖိုးနဲ့၊ မြေဆီ၊ ပေါင်းရှင်းတာနဲ့ဆို ပြန်တွက်ရင် မကိုက်ဘူး။ မနှစ်ကတော့ ခြံပိတ်ထားရတယ်”ဟုပေါင်မြို့နယ်၊ ကျုံကကျေးရွာမှ ကိုသက်ဦးကပြောသည်။

ယခင်စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရော်ဘာစိုက်ပျိုးရန် လမ်းညွှန်ချက်ကြောင့် ပလပ်မြေ၊ သစ်တောမြေ၊ ကျေးရွာစားကျက်မြေစသည့် မြေလွတ်မြေလပ်များ၌ နီးစပ်ရာအလိုက် မြေဦး၊ ခြံခတ်ယူငင်ခဲ့ကြသည့် အကျိုးဆက်ကြောင့် အချို့ရော်ဘာခြံများသည် မြေယာအငြင်းပွားမှုများရှိနေရကြောင်းမွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ နိုင်ကျန်ရစ်ကပြောသည်။

“ရော်ဘာခြံတွေ အတော်များများကမြေယာပြဿနာရှိနေတယ်။ အခုထိလည်းရှင်းလို့ကိုမပြီးနိုင်ဘူး။ လက်ရှိအနေအထားအရရော်ဘာထပ်မံတိုးချဲ့စိုက်ပျိုးလို့ လုံးဝမဖြစ်နိုင်ဘူး။ ရော်ဘာထပ်စိုက်စရာ မြေလုံးဝ မရှိတော့ ဘူး”ဟု၎င်းက ပြောသည်။

ရော်ဘာစိုက်ပျိုးသူများကိုအစိုးရမှ တောင်သူများနည်းတူချေးငွေထုတ်ပေးရန် လိုအပ်နေပြီးရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှလည်းထိရောက်သည့် အကူအညီမပေးနိုင်သေးကြောင်း နိုင်ကျန်ရစ်ကပြောသည်။

“ရော်ဘာကလက်ရှိထွက်သလောက်ကိုပဲရောင်းချပြီးတော့ စားဝတ်နေရေး ဖြေရှင်းနေရတာရှိတယ်။ ရော်ဘာအထွက်တိုးဖို့၊ အောက်ခြေ ခြုံရှင်းဖို့၊ မြေဩဇာစနစ်တကျထည့်သွင်းဖို့တို့ကရော်ဘာစိုက်တဲ့သူတွေ အများစုကအရင်းအနှီးမတတ်နိုင်ကြဘူး” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်၌ ရော်ဘာဗဟိုဈေးဖွင့်လှစ်နိုင်ခဲ့ပါကရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအတွက် ပြည်ပ Buyer များနှင့် တိုက်ရိုက်ရောင်းဝယ်နိုင်မည်ဖြစ်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လည်းရာဘာစက်ရုံဆောက်လုပ်ရန်ရှိသဖြင့် မြန်မာ့ရော်ဘာဈေး ပြန်လည်ဦးမော့လာနိုင်မည် ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုမျှော်လင့်နေသော မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကုန်ကြမ်းဖြစ်သော ရော်ဘာကိုအရည်အသွေး မြှင့်တင်ထားရန် လိုအပ်နေပြီးအာဆီယံနိုင်ငံဈေးကွက်နှင့် ကမ္ဘာဈေးကွက်သို့ ဝင်ရောက်နိုင်ရန် အစိုးရအနေဖြင့် ကူညီပေးသွားရန် လိုအပ်နေသည်။

Written by – နေလင်းထိုက် (Gfm)

Similar Articles

Leave a Reply

Top