လမ်းဘေးစျေးသည်နှင့် စကားများရာမှ စည်ပင်ဝန်ထမ်း ပါးရိုက်ခံရ

 

50579-ninenine-papawady-3

ရန်ကုန်၊ ဇန်နဝါရီ ၃
ယနေ့နံနက်ပိုင်းက လမ်းမတော်မြို့နယ် တွင် စျေးသည်များကို စည်ပင်သာယာရေးကော်မတီက ရှင်းလင်းရာတွင် စည်ပင်ဝန်ထမ်းများနှင့် လမ်းဘေးစျေးသည်များ အချင်းများကြရာမှတစ်ဆင့် စည်ပင်ဝန်ထမ်းတစ်ဦး ပါးရိုက်ခံရမှုဖြစ်ပွားကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှသိရှိရသည်။
လမ်းမတော်မြို့နယ် သုံးရပ်ကွက် အနော်ရထာ ရှစ်လမ်းထိပ်၌ လိုင်စင်မဲ့ဆိုက်ကားနှစ်စီးပေါ်တွင် စျေးဗန်းများတင်ရောင်းချနေမှုကို စည်ပင်ဝန်ထမ်းများက ဖမ်းဆီးသိမ်းယူရာမှ အဆိုပါ စျေးသည်များနှင့် စည်ပင်ဝန်ထမ်းများအချင်းများကြခြင်းဖြစ်ကြောင်း ရဲစခန်းမှ တာဝန်မှူး ဒုရဲမှူး ကျော်လင်းထွန်းက ပြောကြားသည်။
ယင်းကဲ့သို့ အချင်းများရာတွင် စည်ပင်ဝန်ထမ်းများကို လမ်းဘေးစျေးသည်များဘက်မှ ဆဲရေးတိုင်းထွာခြင်းများပြုလုပ်ခဲ့ပြီး အမြဲတမ်းစာရေး စည်ပင်ဝန်ထမ်းတစ်ဦးကိုပါး ရိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟု ၄င်းကဆိုသည်။
ယင်းအပြင် လမ်းဘေးစျေးသည်များဘက်မှ ပုလင်းဖြင့်ရိုက်ခြင်း ၊ ကျောက်ပြားဖြင့် ထုရိုက်ခြင်း၊ ရင်ဘက်ဆောင့်တွန်းခြင်းများကိုလည်း ပြုလုပ်ခဲ့ပြီး စည်ပင်ဝန်ထမ်းအချို့တွင် နာကျင်ဒဏ်ယာများရှိခဲ့ သည်ဟု ၄င်းကဆက်လက်ပြောကြားသည်။
ယင်းကြောင့် စည်ပင်ဝန်ထမ်းများဘက်မှ တာဝန်ဝတ်တရားနှောက်ယှက်မှုဖြင့်အတူ နာကျင်ဒဏ်ရာ ရရှိစေခြင်းများကြောင့် ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် လမ်းမတော်မြို့နယ် လက်ထောက် အုပ်ချုပ်ရေးမှူး စည်ပင်သာယာရေးကော်မတီက တရားလိုပြုလုပ်ပြီး လမ်းဘေးစျေးသည် ခုနှစ်ဦးကို (ပ) ၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၂/၂၉၄/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ဒုရဲမှူးကျော်လင်းထွန်းက ဆိုသည်။
သို့သော်လည်း ယင်းအချင်းဖြစ်ပွားစဉ်တွင် စည်ပင်အငယ်တန်းစာရေးတစ်ဦးက လမ်းဘေးစျေးသည် တစ်ဦးဖြစ်သူ အမျိုးသမီးကို ရင်သားကိုကိုင်၍စောင့်တွန်းခြင်းပြုလုပ်ခဲ့သည်တွက် အမျိုးသမီးကာ အိန္ဒြေပျက်ပြားစေသည်ဟု ဆိုကာ စျေးသည်များဘက်မှ (ပ) ၅/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၅၄ ဖြင့်လာရောက်အမှုဖွင့်ထားကြောင်း ၄င်းကဆိုသည်။
“အခုသူတို့က အပြန်အလှန်အမှုဖွင့်တိုင်ထားတဲ့အတွက်ကြောင့် အမှုတွေကလည်း ရဲရေးပိုင်အမှုတွေဖြစ်နေတော့ ကျွန်တော်တို့ အမှုလက်ခံရေးဖွင့်ထားပါတယ်ခင်ဗျာ အမှုတွေက ရဲရေးပိုင်ဖြစ်သလို အာမခံပေးလို့ရတာကြောင့် ကျွန်တော်တို့က အခုလက်ရှိတော့ အာမခံပေးထားပါတယ်”ဟု ၄င်းကဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာလအတွင်းက စတင်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကမ်းနားလမ်းညစျေး မြေနေရာများသတ်မှတ်ပေးခဲ့ပြီး စျေးသည်များကို ပြောင်းရွှေ့နေရာချထားခဲ့သည်။
ယင်းနောက် ရန်ကုန်မြို့တွင်း အဓိကနေရာခြောက်ခုတွင် စျေးရောင်းချခြင်းမပြုရန် ကြေညာထားပြီး ရောင်းချသည်များကိုတွေ့ရှိပါက လမ်းလေးစျေးသည်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥပဒေနှင့်အညီ အရေးယူမှုများပြုလုပ်သွားမည်ဟုလည်း ကြေညာထားပြီးဖြစ်သည်။
ယခုလို စည်ပင်သာယာဝန်ထမ်းများနှင့် လမ်းဘေးစျေးသည်များ အချင်းများခြင်းအပေါ် အနောက်ပိုင်း ခရိုင် စီမံရေးရာဌာန(စည်ပင်သာယာ) လက်ထောက်ဌာနမှူး ဦးငွေစိုးက “ဒါတွေကိုတော့ အမြဲတွေ့ ကြုံနေကျပါဘဲ မဆန်းတော့ပါဘူး အခုလိုသူတို့ကလုပ်တယ်ဆိုတာက ဒါ၀တ္တရားနှောက်ယှက်တာပေါ့ အမှုဖွင့်တယ်ဆိုတော့လည်းရင်ဆိုင်လိုက်ရုံပေါ့”ဟု ပြောကြားသည်။

Leave a Reply

Top