စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာနှင့် ပို့ကုန်ကဏ္ဍ (၁)

0050_1

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် အမျိုးသား စီမံကိန်း ကော်မရှင် အစည်းအဝေး (၁/၂၀၁၇) အား နိုင်ငံတော် သမ္မတအိမ်တော်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ပထမ ၆ လပတ်အတွင်း စီးပွားရေး တိုးတက်မှု နှေးကွေးခဲ့ကြောင်း၊ အထူးသဖြင့် လယ်ယာ သီးနှံများ အထွက် ကျဆင်းခြင်း၊ ပို့ကုန်ဈေးနှုန်းများ ကျဆင်းခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုနှေးကွေးခြင်းများသည် အဓိက အကြောင်းအရင်းများ ဖြစ်ကြောင်း၊ ကမ္ဘာ့ နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှု အခြေအနေများသည် မြန်မာ့စီးပွားရေးအပေါ် အနည်းငယ် ရိုက်ခတ်မှုရှိကြောင်း ပြောကြားသွားခဲ့သည်။

အမျိုးသား စီမံကိန်းရေးဆွဲခြင်း
နိုင်ငံတော် သမ္မတအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း (မူကြမ်း) အား လွှတ်တော်သို့ မတင်ပြမီ ကော်မရှင်တွင် ဆွေးနွေးသည့်အချိန်၌ မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေအား ပြောကြားသွားခဲ့ခြင်းလည်း ဖြစ်ပါသည်။ အစိုးရအသစ်အနေဖြင့် စီးပွားရေးမူဝါဒ ၁၂ ရပ်ကို ချမှတ်ထားပြီး ဖြစ်သော်လည်း ယင်းတို့ကို အသေးစိတ် အကောင်အထည်ဖော်မည့် အမျိုးသားစီမံကိန်းမှာမူ ယခုမှပင် ပထမဆုံး အကြိမ်အဖြစ် ရေးဆွဲခဲ့ခြင်းလည်း ဖြစ်ပါသည်။
အစိုးရအသစ် စတင်တာဝန်ယူခဲ့ရသည့်ကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ယခင်အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း အသက်ဝင်နေသေးသည့် ကာလလည်းဖြစ်သည်။ ဆိုရလျှင် အစိုးရအသစ်အနေဖြင့် ယခုရေးဆွဲထားသည့် ၂၀၁၇-၂၀၁၈ အမျိုးသားစီမံကိန်းဖြင့် နိုင်ငံ၏ စီးပွားရေးကဏ္ဍကို မောင်းနှင်တော့မည့် သဘောဖြစ်ပါသည်။ သို့သော်လည်း ယခုရေးဆွဲထားသည့် စီမံကိန်းသည် လွှတ်တော်တွင်တင်ပြဆွေး နွေးရဦးမည်ဖြစ်ပြီး လိုအပ်သည်များကို ပြင်ဆင်/ ဖြည့်စွက်ကြရဦးမည် ဖြစ်ပါသည်။

အလွှာအသီးသီး၏ စီးပွားရေးမျှော်လင့်ချက်
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် နှစ်လိုဖွယ်ကောင်းသော အနေအထားတစ်ရပ် မဖြစ်တော့သည်မှာ နှစ်ကာလများစွာပင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အစိုးရအဆက်ဆက် စီးပွားရေးပိတ်ဆို့မှုများ၊ စီမံကိန်း မှားယွင်းမှုများနှင့် စီမံခန့်ခွဲမှု အမှားများ၊ မူဝါဒပိုင်းဆိုင်ရာ လွဲမှားမှုများကြောင့် မြန်မာ့စီးပွားရေး ကဏ္ဍသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်ခဲ့ရသည်။ နိုင်ငံ၏စီးပွားရေးမတည်ငြိမ်မှုသည် အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းကို အစပြုစေကာ ပြည်သူလူထု၏ စား၊ ဝတ်၊ နေ ရေးအခြေအနေ မပြေလည်ခြင်းများကို ဖြစ်ပေါ်လာစေခဲ့သည်။ အစိုးရသစ် စတင်တာဝန်ယူသည့်အချိန်က ပြည်သူလူထု အများစု မျှော်လင့်ကြသည်မှာ အထွေထွေ အကျပ်အတည်းများမှ လွတ်မြောက်စေရေးဖြစ်ပြီး လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်အများအပြားမှ မျှော်လင့်ကြသည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေ ရေးဖြစ်သည်။

ပထမ (၆) လပတ် အခြေအနေများ
သို့သော်လည်း အစိုးရသစ် စတင်တာဝန်ယူသည့် အချိန်မှအစပြုကာ ယနေ့ကာလအထိ နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှု (Growth) နှင့် တိုးတက်မှု (Development) တစ်စုံတစ်ရာအား ထင်ထင်ရှားရှား မတွေ့ခဲ့ကြရဘဲ အထွေထွေဈေးနှုန်းများ မြင့်တက်လာခြင်းကိုသာ ရင်ဆိုင်ခဲ့ကြရသည်။ ဆိုရလျှင် အစိုးရ အသစ်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသော ရလဒ်ကောင်း တစ်စုံတစ်ရာကိုမျှ ဆောင်ရွက်ခြင်း မပြုနိုင်ခဲ့ပေ။ အစိုးရသစ်အနေဖြင့် စီးပွားရေးမူဝါဒ ၁၂ ရပ်ကို ထုတ်ပြန်ခဲ့သည့်တိုင် လက်တွေ့တွင် အကောင်အထည်ဖော်နိုင်မှု နည်းပါးခဲ့သည်။

နိုင်ငံစီးပွားရေး၏ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု အစရှိသည့် ကဏ္ဍများအားလုံးသည် ယခင်အခြေအနေ အတိုင်းပင် မပြောင်းမလဲ တည်ရှိနေခဲ့ပြီး ပြည်သူလူထု၏ နေ့စဉ် ဘဝများသည်လည်း မပြောင်းမလဲ ဖြစ်ခဲ့သည်။ နိုင်ငံတကာ အခြေအနေများအရ ဒေါ်လာဈေးရုတ်တရက် မြင့်တက်လာမှုများ ဖြစ်ပေါ်လာသည့် အခါ ပြည်ပမှ တင်သွင်းရသည့် စားသောက်ကုန်၊ လူသုံးကုန်များပါ မကျန် ပြည်တွင်းထုတ်ကုန်များပါ ဈေးမြင့်တက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြန်သည်။

စိုက်ပျိုးရေးကို အခြေခံထားသော နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သော ဒေသများ ရေဘေးဒဏ် ခံစားရမှုမှာ အကြီးမားဆုံးသော ရိုက်ခတ်မှုဖြစ်သည်။ ယခင်အစိုးရလက်ထက်က ရေလွှမ်းမိုးမှုဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရသော ကျေးရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မပြီးဆုံးသေးမီ အစိုးရသစ် လက်ထက်တွင် ရေဘေးကို ထပ်မံကြုံတွေ့ကြရပြန်သည်။ ဒေါ်လာဈေးနှင့် စပ်လျဉ်း၍ အထွေထွေ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာသောအခါတွင်မူ ပြည်တွင်း ထုတ်လုပ်မှု လျော့နည်းခြင်းနှင့် ပြည်ပ သွင်းကုန်တန်ဖိုး မြင့်တက်လာခြင်းများကို တပြိုင်နက်တည်း ခံစားရတော့သည်။ ဤသို့ဖြင့် ပြီးခဲ့သော ပထမ ၆ လပတ် ကာလအတွင်းတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်း တစ်စုံတစ်ရာ မရရှိခဲ့ရုံသာမကဘဲ အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းကိုပါ လက်ဆောင်ရလိုက်သကဲ့သို့ ဖြစ်သွားရသည်။ ဆိုရလျှင် အစိုးရသစ်၏ စီးပွားရေးမူဝါဒ ၁၂ ရပ်မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်တိုင် ပထမ ၆ လပတ် တစ်လျှောက်လုံးလုံး အသက်မဝင်ခဲ့ပေ။

အလားတူပင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာလည်း လာရောက်လေ့လာသည့်အဆင့်နှင့် လာရောက် ဆွေးနွေးသည့် အဆင့်များမှာပင် ရှိနေခဲ့သည်။ လူလတ်တန်းစားတို့နှင့် ပညာတတ်အလွှာမှ မျှော်လင့်ထား လျက်ရှိသော လုပ်ငန်းကောင်းများနှင့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ (Multinational Companies) မှာ ရောက်ရှိ မလာကြ။ မြန်မာနိုင်ငံ၏ ထိုအချိန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အဆိုပါဥပဒေ၏ မတည်ငြိမ်မှုနှင့် ပြောင်းလဲလာနိုင်သော ဥပဒေရေးရာ အခြေအနေတို့ကို စောင့်ကြည့်လျက် ရှိသည့်လုပ်ငန်းများလည်း ရှိကြသည်။ ထို့အတူပင် မြန်မာနိုင်ငံ၏ မြေနှင့်အဆောက်အဦ ငှားရမ်းခ မတန်တဆ မြင့်တက်နေမှု၊ လျှပ်စစ် ဓာတ်အား ထောက်ပံ့ပေးနိုင်မှုတွင် လုံခြုံမှုနှင့် စိတ်ချရမှု အားနည်းခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ် အားနည်း ချက်များရှိနေခြင်း အစရှိသည့် အခြေခံအဆောက် အအုံဆိုင်ရာ အားနည်းချက်များကြောင့်လည်း နိုင်ငံတကာလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် လက်တွန့်ကြသည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၏ ထုံးစံမှာ နိုင်ငံတစ်ခုအတွင်း ကြိုတင်လေ့လာပြီးဖြစ်သော လော်ဘီများ (တစ်နည်းအားဖြင့်) ရင်းနှီးမြှုပ်နှံမှု အကျိုးဆောင်များ၏ နှုတ်ထွက်စကားအပေါ် မူတည်ပြီး ဝင်ရောက်လာကြလေ့ရှိရာ မြန်မာနိုင်ငံသည် အမြတ်အစွန်း ရနိုင်ခြေနှင့် စပ်လျဉ်းသော သတင်းစကားကောင်း မပေးနိုင်သည့် နိုင်ငံအဖြစ် အကျိုးဆောင် အများစုက မှတ်ယူကြသည်။ ဤသို့ဖြင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံလိုသူများ၊ လော်ဘီများ ခြေခြင်းလိမ်အောင် ဝင်/ထွက် နေခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထူးထူးကဲကဲ အကျိုးရလဒ်များ မရရှိခဲ့။

မြန်မာနိုင်ငံ၏ စီးပွားရေး တုံ့နှေးနေမှု အခြေအနေမှ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသို့ ပြန်လည်ဦးမော့ လာစေရေးမှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းလမ်းများအတိုင်း ဆောင်ရွက်ရန်လို အပ်သော်လည်း ရလဒ်ကို မျှော်မှန်းချက်ကြီးကြီးမထားရန် လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအားထားရမည့် မဏ္ဍိုင်များမှာ စိုက်ပျိုးရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများပင် ဖြစ်ကြပါသည်။

အဆိုပါ ကဏ္ဍသုံးရပ်၏ အပြန်အလှန် ဆက်စပ်မှုများကို အစိုးရများက အစီအမံကောင်းများဖြင့် ပံ့ပိုးပေးလျက် စီးပွားရေးကို မြှင့်တင်ကြရသည်မှာ ထုံးစံလိုလိုပင် ဖြစ်သော်လည်း အစိုးရတိုင်းသည် အထူးပြုကဏ္ဍတစ်ရပ် အမြဲထားလေ့ရှိကြသည်။ ဥပမာ ပို့ကုန်ဦးစားပေးမူဝါဒ ကျင့်သုံးသည့်နိုင်ငံသည် ကုန်ထုတ်လုပ်မှုကဏ္ဍကို အထူးဦးစားပေးလေ့ ရှိတတ်သည်။ မြန်မာနိုင်ငံအနေဖြင့်မူ အထက်တွင် ဆိုခဲ့သည့်အတိုင်း မျှော်မှန်းချက်ကြီးကြီးမထားရန် ဆိုသည်မှာ ကဏ္ဍတစ်ရပ်တည်းကို အထူးပြု၍ နိုင်ငံ၏ စီးပွားရေးကို ဆွဲတင်နိုင်ရန် ကြိုးပမ်းမှုမှာ မျှော်မှန်းသလောက် ခရီးမရောက်နိုင်သော ကြောင့်ပင် ဖြစ်သည်။

မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ
ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကုန်ကြမ်းထုတ်လုပ်မှု (Production) ကဏ္ဍနှင့် ကုန်ချော ထုတ်လုပ်မှု (Manufacturing) ကဏ္ဍဟူ၍ရှိရာ ကုန်ကြမ်းထုတ်လုပ်နိုင်မှုတွင် မြန်မာနိုင်ငံအနေဖြင့် အတန်အသင့်အား သာချက် ရှိနိုင်သော်လည်း ကုန်ချောထုတ်လုပ်နိုင်မှုတွင်တော့ ဘေးပတ်ဝန်းကျင် နိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံများကို ယှဉ်နိုင်ရန်မှာ မလွယ်ကူလှပေ။

နိုင်ငံတကာဈေးကွက် မဆိုထားဘိ ဒေသတွင်းဈေးကွက်ကိုပင် ထိုနိုင်ငံများကို ကျော်လွန်လွှမ်းမိုးနိုင်ရန် ခက်ခဲလှပါသည်။ အလားတူပင် ကုန်ထုတ်လုပ်မှု မြင့်မားသော နိုင်ငံများဖြစ်ကြသည့် ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှာ အာရှနိုင်ငံများဖြစ်ကြပြီး မြန်မာနိုင်ငံနှင့် ဒေသတစ်ခုတည်း နိုင်ငံများဖြစ်ကြသည်။
ကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေးခြင်းသည် တစ်နည်းအားဖြင့် ပို့ကုန်ကိုဦးစားပေးခြင်းလည်း ဖြစ်ပါသည်။ မိမိတို့ မြန်မာနိုင်ငံ၏ အဓိကပို့ ကုန်များမှာ သဘာဝသယံဇာတများနှင့် လယ်ယာထွက် ပစ္စည်းများဖြစ်ကြပြီး ၎င်းတို့မှာ ကုန်ကြမ်းသဘော ပင်ဖြစ်ကြပါသည်။ ကုန်ချောအဆင့် (Manufacturing Sector) သို့ ကူးပြောင်းခြင်း မပြုနိုင်သမျှ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မှု (သို့မဟုတ်) ပို့ကုန်ကဏ္ဍ တိုးတက်လာမှုနှင့် ပို့ကုန်တန်ဖိုး မြင့်မားလာမှုများကို မျှော်လင့်၍ မရပေ။

ကုန်ကြမ်းထုတ်လုပ်နိုင်မှု အခြေအနေများသည်လည်း မှန်ကန်သော နည်းစနစ်၊ ပွင့်လင်းမြင်သာသော လုပ်ထုံးလုပ်နည်း၊ တာဝန်ခံမှုရှိသော စီမံခန့်ခွဲမှုများနှင့် စနစ်တကျ ဆောင်ရွက်ခဲ့မည် ဆိုပါက နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အတန်အသင့် အထောက်အကူပြုနိုင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် သဘာ၀ သယံဇာတရောင်းချမှုဆိုင်ရာ ဝင်ငွေကိစ္စမှာ မေးခွန်းထုတ်စရာ အများအပြားဖြင့် ရှုပ်ထွေးလှသော ပုစ္ဆာတစ်ပုဒ်ပင် ဖြစ်နေပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် အခြားသောနိုင်ငံများထက် သာလွန်ထူးကဲစွာ စိုက်ပျိုးရေးကို အခြေခံထားသည့် နိုင်ငံဖြစ်သည့်တိုင် နိုင်ငံ၏ တောင်သူလယ်သမားများ အခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အခြေအနေမှာ ပို့ကုန်အတွက်ဖြစ်စေ၊ ကုန်ထုတ်လုပ်မှုအတွက် ဖြစ်စေ အားကိုးဖွယ်ရာ အနေအထားများတွင် ရှိမနေကြပေ။ ကုန်ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးနှင့် ထုတ်လုပ်နိုင်မှုစွမ်းအား မြင့်တက်လာစေရေး ဆိုသည်မှာ အစိုးရ၏ စနစ်ကျသော ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး အစီအမံများသာမက ပြည်သူလူထုအနေဖြင့် ဆူလွယ်နပ်လွယ် လုပ်ကိုင် စားသောက်ကြသည့် အတွေးအခေါ်ကို ဖျောက်၍ ကုန်ထုတ်လုပ်မှု စွမ်းအားစုတွင် ပါဝင်လာရေးသည်လည်း အဓိကကျပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် စက်မှုထွန်းကားရေး
ကုန်ချောထုတ်လုပ်မှုနှင့် အရည်အသွေးမြှင့်ပို့ကုန်များ တင်ပို့နိုင်မှု အခြေအနေသို့ ရောက်ရှိနိုင်ရေးအတွက် အဓိက ဆက်နွယ်လာသည့် ကဏ္ဍသည် စက်မှုနှင့် နည်းပညာကဏ္ဍ ဖြစ်ပါသည်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ နိုင်ငံအတွင်း ဖွံ့ဖြိုးလာသည် ဆိုခြင်းမှာလည်း တစ်နည်းအားဖြင့် စက်မှုထွန်းကားသော နိုင်ငံဖြစ်လာခြင်းပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဆယ်စုနှစ်များစွာ စက်မှုကဏ္ဍနှင့် စပ်လျဉ်းသော ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ ဖွဲ့စည်းကာ စက်မှုကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သည့်တိုင် ဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှာ ကျေနပ်ဖွယ်အနေအထား မရောက်ခဲ့။ စက်မှုကဏ္ဍတွင်လည်း ကုန်ကြမ်း (တစ်နည်းအားဖြင့်) စက်ပစ္စည်း အစိတ်အပိုင်းနှင့် အပိုပစ္စည်းများ ထုတ်လုပ်မှုမှသည် လုပ်ငန်းသုံး စက်မှု ပစ္စည်းများ၊ ဇိမ်ခံစက်မှုပစ္စည်းများ ထုတ်လုပ်နိုင်မှု အခြေအနေသို့ ကူးပြောင်းရမည် ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍသည် ဈေးကွက်နှင့် ချိတ်ဆက်နိုင်မှု အားနည်းသည့်အပြင် ပြည်တွင်းမှ ကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြောင်းလဲပေးနိုင်ရန်လည်း အားနည်းခဲ့ပါသည်။ ဆိုရလျှင် ယနေ့ အချိန်သည် စက်မှုလုပ်ငန်းများတွင် သတင်းအချက်အလက်နှင့်နည်းပညာ (Information Technology) ပေါင်းစပ်၍ ထုတ်လုပ်နိုင်မှုစွမ်းအားကို မြှင့်တင်နေကြသည့် ကာလဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိ စက်မှုကဏ္ဍသည် ခေတ်မီနည်းပညာများပေါင်းစပ်၍ အမှီလိုက်နိုင်ရန် အလှမ်းဝေးနေဆဲဖြစ်ပါသည်။

ခေတ်မီနည်းပညာများကို ဆောင်ကျဉ်းလာကြမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုမှာလည်း အလှမ်းဝေးနေဆဲ ဖြစ်သည်။ အများအားဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကဏ္ဍစုံရင်းနှီးမြှုပ်နှံမှုများနှင့် အနောက်နိုင်ငံများ၏ သယံဇာတဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသာ ရှိခဲ့သည်။ ဈေးကွက်နှင့် နည်းပညာဆိုင်ရာ လွှဲပြောင်းရယူနိုင်ဖို့ထက် စား၊ ဝတ်၊ နေရေးကို အတတ်နိုင်ဆုံး အထိန်းအထေပြုနိုင်မည့် လုပ်ငန်းများ ပေါ်ပေါက်လာလျှင်ပင် တင်းတိမ်ရောင့်ရဲနေရသည့် အခြေအနေဖြစ်ပါသည်။ စက်ရုံ၊ အလုပ်ရုံများတွင် လိုအပ်သော ခေတ်မီစက်ပစ္စည်းများကို တင်သွင်းကြရာတွင် အစိုးရ၏ သွင်းကုန်မူဝါဒများ အထိုက်အ လျှောက်ပြုပြင်ပေးရန်လိုအပ်ပြီး ငွေကြေးဈေးနှုန်းတည်ငြိမ်နေရန်လည်း အထူးပင်လိုအပ်လှပါသည်။

လုပ်ငန်းရှင်များ အနေဖြင့်လည်း သွင်းကုန်များတင်သွင်းရာတွင် ရိုးသားဖြောင့်မတ်ကြရန် လိုအပ်လှသည်။ အခြေအနေအရ စက်ပစ္စည်းများ အကောင်အထည်အလိုက် တင်သွင်းရခြင်းများရှိသကဲ့သို့ အကောင်အထည် မပြနိုင်သည့် လုပ်ငန်းသုံး Software များ တင်သွင်းလာရမှုများမှာ ယနေ့ခေတ် စက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကြုံတွေ့ကြရသည့် အခြေအနေများဖြစ်ပြီး ပြည်တွင်းဝန်ဆောင်မှုလုပ်ငန်းများ (I.T ကဏ္ဍ) မှ ဖြည့်ဆည်းမပေးနိုင်သော လိုအပ်ချက် တစ်ရပ်လည်းဖြစ်နေပြန်သည်။

(ဝေဇင်သန့်) ၊ မန္တလေးမြို့။

ဆက်လက် ဖော်ပြပါမည်။

ကိုးကား
(က) www.president-office.gov.mm
(ခ) (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ။
(ဂ) www.commerce.gov.mm
(ဃ) www.myanmartradenet.com.mm
(င) Tyn Myint-U, Developing Myanmar: Toward A Knowledge-Based Economy, Linus Publications, 2010

Leave a Reply

Top