မွန်ပြည်နယ် လွှတ်တော်သို့ သမင်လည်ပြန်

မွန်ပြည်နယ်၏ ဥပဒေပြုအခွင့် အာဏာရရှိထားသော မွန်ပြည်နယ်လွှတ်တော်အနေဖြင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း စတင်ခဲ့သည်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့က တစ်နှစ်တင်းတင်း ပြည့်မြောက် ခဲ့လေပြီ။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် မွန်ပြည်နယ်လွှတ်တော်၏ ဒုတိယသက်တမ်းတွင် ရွေးကောက်ပွဲ၌ အဓိက အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီမှ နှစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာပါတီမှ တစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ တစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်အဖြစ် ကိုယ်စားလှယ် ရှစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၃၁ ဦး ပါဝင်ခဲ့ကြသည်။


ထို့လွှတ်တော်ကိုယ်စားများအနက်မှ လွှတ်တော်ကိုယ်စားလှယ် ၁ဝ ဦးမှာ အုပ်ချုပ်ရေးမဏ္ဍိုင်သို့ ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့ကြသဖြင့် ကျန်ရှိခဲ့သည့် ကိုယ်စားလှယ် ၂၁ ဦးက မွန်ပြည်နယ်လွှတ်တော်၏ ဥပဒေပြု လုပ်ငန်းများနှင့် အစိုးရအား ထိန်းကျောင်းခြင်းများကိုလည်း ပြုလုပ်ရပါတော့သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်း အစပိုင်းအခြေအနေကို ပြန်ကြည့်လျှင် တပ်မတော်သား ကိုယ်စားလှယ်သည် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းကတည်းက ပါရှိခဲ့ကြသူများဖြစ်ကာ ကျန်ရှိခဲ့သောလွှတ်တော် ကိုယ်စားလှယ် အားလုံးနီးပါးသည် ပထမ လွှတ်တော်သက်တမ်းမှ ကျန်ရှိခဲ့သည့် ကိုယ်စားလှယ်များ မဟုတ်ခြင်းကြောင့် အလုပ်သင် လွှတ်တော်အမတ်များအဖြစ် စတင်ခဲ့ကြရသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

NLD လွှတ်တော်ကိုယ်စားလှယ်အများစု အနိုင်ရထားသော လွှတ်တော်ထဲတွင် အခြားပါတီ ကိုယ်စားလှယ်များ ပါဝင်ကြသော်လည်း ကြီးကြီးမားမား အတိုက်အခံ မဖြစ်ခဲ့ကြပဲ လွှတ်တော်၏ လုပ်ငန်းဆောင်တာများကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။

မွန်ပြည်နယ် လွှတ်တော်၏ တစ်နှစ်တာ ဖြတ်သန်းခဲ့သည့် အချိန်ကာလအား သမင်လည်ပြန်ကြည့်သောအခါ လွှတ်တော် ပုံမှန်အစည်းအဝေးများတွင် အဆို၊ မေးခွန်းတင်ပြမှု၊ ရေးရာကော်မတီများ၏ ကွင်းဆင်း လေ့လာတင်ပြမှုနှင့် အခြားလွှတ်တော်လုပ်ငန်းပိုင်းရာတွင် ပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီး အားနည်းချက်၊ အားသာချက် အသီးသီးကိုလည်း မြင်တွေ့ခဲ့ရလေသည်။

ဥပဒေပြုရေး

လွှတ်တော်သက်တမ်းတစ်နှစ်အတွင်း အသေးစားနှင့် အလတ်စား လျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ ဥပဒေနှင့် မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေမူကြမ်းတို့ကို တင်သွင်းနိုင်ခဲ့ပြီး ထိုဥပဒေနှစ်ခုအနက်မှ အသေးစားနှင့် အလတ်စား လျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ ဥပဒေကို လွှတ်တော်ကအတည်ပြုနိုင်ခဲ့ပြီး မွန်ပြည်နယ် စည်ပင်သာယာရေး ဥပဒေမူကြမ်းမှာမူ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ၏ အကြံပြုချက်တို့ကို စောင့်ကြည့်ပြီး ပြင်ဆင်သင့်သည်ကိုလည်း ပြင်ဆင်ရဦးမည်ဖြစ်သည့်အတွက် အတည်ပြုရန် အချိန်ယူရမည့် အနေအထားတွင် ရှိနေသေးသည်။

ပုံမှန်အစည်းအဝေးများအလိုက် အဆိုနှင့် မေးခွန်းများတင်သွင်းခဲ့မှုအခြေအနေ

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပုံမှန်အစည်းအဝေးများအပြင် အထူးအစည်းအဝေးများပါပြုလုပ်ပြီး ယခုလတ်တလော ဖြေရှင်းစရာရှိသည့် ကိစ္စရပ်များအပြင် ပြီးခဲ့သည့် စစ်အစိုးရလက်ထက် ကတည်းက ဖြစ်ပေါ်ခဲ့သည့် ပြဿနာများကိုပါ အဆိုနှင့် မေးခွန်းများအဖြစ် အစိုးရက လက်မလည်အောင် ဖြေရှင်းရသည်အထိ စုပေါင်းတင်ပြနိုင်ခဲ့သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ တစ်နှစ်တာကာလအတွင်း လွှတ်တော်ပုံမှန်အစည်းအဝေး (၄) ကြိမ်နှင့် အထူးအစည်းအဝေး (၁) ကြိမ်ကျင်းပနိုင်ခဲ့ပြီး မွန်ပြည်နယ်နှင့် သက်ဆိုင်သည့် စုစုပေါင်း အဆို၂၃ ခုနှင့် မေးခွန်း ၉၈ ခုတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုများထဲမှ လတ်တလော ရေပန်းစားနေသည့် ကမ်းနားလမ်းအပိုင်း (၆) စီမံကိန်း ပြန်လည်စိစစ်ရန်၊ တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စရပ်များ အောင်မြင်နိုင်ရေးဆောင်ရွက်ပေးရန်၊ ယာယီရွှေ့ပြောင်း အလုပ်သမားများကို အိမ်ထောင်စုစာရင်း ထုတ်ပေးသည့် ကိစ္စအားရပ်ဆိုင်းပေးရန်၊ အဆင့်မြင့် အစိုးရဧည့်ရိပ်သာနှင့် ဥပဒေချုပ်ရုံးတည်ဆောက်မှုအစား ပြည်သူအတွက်တိုက်ရိုက် အကျိုးရှိစေမည့် လုပ်ငန်းတွင် ပြောင်းလဲသုံးစွဲရန်၊ ဘီးလင်းမြို့နယ် ကေလာသ သဘာဝနယ်မြေအတွင်း ကျောက်ထုတ်လုပ်ငန်းများ ထာဝရပိတ်သိမ်းရန်နှင့် အခြားသောအရေးကြီး အဆိုတို့ကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်အကြား ပွတ်တိုက်မှုအားကောင်းခဲ့သည်။

သို့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ကိုယ်တိုင်ကပင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ မေးခွန်းများ မေးမြန်းရာတွင် အချိန်ကာလနှင့် မသက်ဆိုင်သည့် မေးခွန်းများ မေးမြန်းခြင်းမပြုကြရန်၊ ပြည်နယ် အစိုးရအဖွဲ့ လုပ်ဆောင်နိုင်သည့် ကိစ္စရပ်များကို သုံးသပ်တင်သွင်းကြရန်နှင့် ကောင်းမွန်သည့် ဥပဒေပြုရေး မဏ္ဍိုပ်တစ်ရပ် ဖော်ဆောင်ရန် လာရောက် သတိပေး တိုက်တွန်းမှုမျိုး ရှိခဲ့သဖြင့် ပြည်နယ်လွှတ်တော်အား လွှမ်းမိုးရန် ကြိုးပမ်းခဲ့သလောဟူ၍ အငြင်းပွားစရာ အခြေအနေများလည်း ရှိခဲ့လေသည်။

မွန်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ အခက်အခဲ ပြေလည်စေရေးအတွက် လွှတ်တော်က အဆို၊ မေးခွန်းများကို တရစပ် တင်သွင်းခဲ့သော်လည်း အစိုးရ၏ အကောင်အထည် ဖော်ဆောင်ရွက်မှု အားနည်းချက်များ ရှိနေခြင်းရှိနေသဖြင့် လွှတ်တော်ကလည်း အလိုမကျမှုများ ဖြစ်ပေါ်နေကြဆဲ။
ဆောင်ရွက်မှုများကို ဆန်းစစ်ချက်များအရ လွှတ်တော်မှ အတည်ပြုပြီး အဆိုရှစ်ချက်တွင် အပြည့်အဝ အကောင်အထည်မော် ဆောင်ရွက်ပေးနိုင်မှု တစ်ချက်၊ တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်နိုင်မှု တစ်ချက်သာ ရှိခဲ့ကြောင်း၊ မေးခွန်း ၂၁ ချက်တွင်လည်း ငါးချက်သာသာဆောင်ရွက်ခဲ့ကာ ကျန်သည့် ၁၆ ချက်မှာ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီအစီရင်ခံစာတွင် ဖော်ပြထားခြင်းမှာ သာဓကသက်သေပင်ဖြစ်သည်။

ရေးရာ ကော်မတီများ၏ အခြေအနေ

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၆၇) အရ လွှတ်တော်အသေးစားဟု တင်စားကြသည့် ရေးရာကော်မတီ ၇ ခုကို မွန်ပြည်နယ်လွှတ်တော်တွင် ဖွဲ့စည်းနိုင်ခဲ့သည်။

အဆိုပါ ရေးရာကော်မတီ များမှာ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ တိုင်ကြားစားနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဘဏ္ဍာရေးစီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီတို့ ဖြစ်ကြပြီး လွှတ်တော်ကိုယ်စားလှယ်များအပြင် အခြားပြင်ပမှ ကျွမ်းကျင်ပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းခဲ့သည်။

ရေးရာကော်မတီများစတင်ဖွဲ့စည်းသည့် အချိန်မှစ၍ သက်ဆိုင်ရာ ကော်မတီတို့၏ လုပ်ငန်းတာဝန်အလိုက် အစည်းအဝေးများ ပြုလုပ်ခြင်း မြေပြင်အခြေအနေသိရှိအောင် ကွင်းဆင်းလေ့လာခြင်းတို့ကို ဆောင်ရွက်နေကြသဖြင့် ပြည်သူများနှင့် နီးစပ်မှုတစ်ခုရယူနိုင်ခဲ့ပြီဖြစ်သည်။
တိုင်ကြားစာကော်မတီက ပြည်သူများလွှတ်တော်သို့ တိုင်ကြားလာသည့် တိုင်ကြားစာ ၄၈၆ စောင်အနက်မှ အစောင် ၂၇ဝ ခန့် ဖြေရှင်းပြီးဖြစ်သလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကလည်း MCL ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံနှင့် ပတ်သက်သည့် တွေ့ရှိချက်အစီရင်ခံစာများ၊ ကျောက်မိုင်းလုပ်ငန်းနှင့် ပတ်သက်၍ တွေ့ရှိချက်များကိုလည်း လွှတ်တော်သို့ တစ်နှစ်အတွင်းတင်ပြခဲ့သည်ကိုလည်း တွေ့ခဲ့ကြရသည်။

ဌာနဆိုင်ရာများနှင့် တွေ့ဆုံမှု

လွှတ်တော်က ပြည်သူကိုကိုယ်စားပြုနိုင်ရန်အတွက်ဟုဆိုကာ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၇ မှစတင်ကာ ဌာနဆိုင်ရာ အသီးသီးကို ဖိတ်ကြားပြီး နိုင်ငံဝန်ထမ်းဥပဒေများ၊ ဌာနဆိုင်ရာများ၏ လုပ်ဆောင်ချက်များကို ကြားနာခဲ့သည်ကိုလည်း တွေ့ရသဖြင့် လွှတ်တော်နှင့် ဌာနဆိုင်ရာများ အချင်းချင်း နားလည်မှု အတန်အသင့် ရရှိလာမည်ဟု မျှော်လင့်ရပြီဖြစ်သည်။

ထိုကဲ့သို့ ဌာနဆိုင်ရာများကို လွှတ်တော်က ဖိတ်ခေါ်ပြီး ဆွေးနွေးခြင်းအားဖြင့် ရေးရာကော်မတီများက ပြည်သူများ၏ အခက်အခဲဖြေရှင်းရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်လာပြီဖြစ်ပြီး ဥပဒေ ပြုရာတွင်လည်း အနီးစပ်ဆုံး မှန်ကန်သည့် ဥပဒေတစ်ရပ် ပေါ်ထွန်းလာနိုင်ရေးအတွက် အခွင့်အရေး ရှိနေပြီဖြစ်သည်။

သို့သော်လည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို အဓိက လုပ်ဆောင်သည့် အဖွဲ့အစည်းဟု သတ်မှတ်နိုင်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့် ရဲတပ်ဖွဲ့တို့မှာမူ လွှတ်တော်က ဖိတ်ကြားသော်လည်း လာရောက်ခြင်း မရှိခဲ့ပေ။

ထို့ပြင် လွှတ်တော်သက်တမ်း စတင်စဉ်ကတည်းက အစိုးရအဖွဲ့နှင့် တစ်လတစ်ကြိမ် တွေ့ဆုံရန် ကမ်းလှမ်းထားခဲ့သော်လည်း ယခုအချိန်ထိ ယင်းအစီအစဉ် အောင်မြင်ခဲ့ခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

ထို့ကြောင့် ယင်းအဖွဲ့အစည်းများနှင့် ပတ်သက်သည့် ကဏ္ဍများတွင် ပြည်သူများ၏ တိုင်ကြားမှုများအား ဖြေရှင်းရေး၊ ဥပဒေပြုရေးတို့တွင် လွှတ်တော်က အခက်အခဲ အနည်းငယ်ရှိနေဦးမည်ဟုလည်း ခန့်မှန်းရပါသည်။

အပြောင်းအလဲ

“ပြောင်းလဲချိန်တန်ပြီ” ဟူသောကြွေးကြော်သံဖြင့် လွှတ်တော်တွင်း ရောက်ရှိခဲ့ကြသော မွန်ပြည်နယ်၏ လွှတ်တော် အမတ်များအနေဖြင့် ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ တွန်းတွန်းတိုက်တိုက် လုပ်ရဦးမည့် အနေအထားတွင်ပင်ရှိသေးသည်။
အားကောင်းသည့် လွှတ်တော်အနေအထားတွင် ရပ်မနေပဲ ကောင်းမွန်သည့် အပြောင်းအလဲများ ဖန်တီးပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရအာဏာပိုင်တို့ကို ယခင်ထက်ပိုမိုဖိအားပေးဖို့ လိုအပ်ပြီး ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ပိုမိုလုပ်ဆောင်ရဦးမည်ဖြစ်သည်။

ရှေ့ဆက် အလားအလာ

ပြီးခဲ့သည့် ပထမအကြိမ်မွန်ပြည်နယ်လွှတ်တော်သက်တမ်းငါးနှစ်အတွင်းက စီမံအုပ်ချုပ်မှုဆိုင်ရာ ဥပဒေ ၂၂ ခု၊ ဘတ်ဂျတ်နှင့် အခြားဥပဒေ ၁၆ ခု စုစုပေါင်း ဥပဒေ ၃၈ ခုကို လွှတ်တော်တွင် ဥပဒေပြုနိုင်ခဲ့သည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော် လုပ်ငန်းများကို လိမ့်ပတ်လည်လာပြီဖြစ်၍ လာမည့်နှစ်များတွင်တော့ လွှတ်တော်၏ ဥပဒေပြုရေး၊ အစိုးရ ထိန်းကျောင်းရေးနှင့် ပြည်သူအား ကိုယ်စားပြုရေးကဏ္ဍတို့တွင် ပြီးခဲ့သည့် နှစ်ထက် အားကောင်းလာနိုင်ဖွယ်ရာရှိသည်။

လွှတ်တော်က ဥပဒေတစ်ခုသာ အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိသည့် စည်ပင်သာယာဥပဒေနှင့် အခြား ပြည်သူများအတွက် အကျိုးရှိမည့် ဥပဒေပေါင်းများစွာကိုတော့ လာမည့်နှစ်လွှတ်တော်သက်တမ်းများတွင် ပြုနိုင်လာမည်ဟုလည်း မျှော်လင့်ရပါသည်။

အစိုးရမှာ လွှတ်တော်၏ အဓိကအတိုက်အခံ ဖြစ်နေဦးမည်ဖြစ်ပြီး ကျန်သည့် ပါတီကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့မှာ ကြားနေခြင်း၊ ကန့်ကွက်ခြင်းနှင့် တီးတိုးဝေဖန်ခြင်းတို့ဖြင့် စောင့်ကြည့်နေမည့် အခြေအနေသာရှိမည်ဖြစ်သည်။

အစိုးရနှင့် အပြန်အလှန်ထိန်းကျောင်းရာတွင်လည်း မွန်ပြည်နယ်လွှတ်တော်က နာမည်ကောင်းတစ်လုံး ရထားပြီးဖြစ်ရာ ကျန်ရှိသည့် လွှတ်တော် လေးနှစ်သက်တမ်းတွင် တစ်နှစ်ထက်တစ်နှစ်ကောင်းမွန်သည့် အစိုးရဖြစ်အောင် မည်သို့ထိန်းကျောင်းမည်ကို ပြည်သူများကလည်း မျှော်လင့်နေကြတော့သည်။

Written by – ဖိုးဝ

Similar Articles

Leave a Reply

Top