မွန်အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏

နေအလင်းရောင်ခြည် အစပြုချိန် မြူနှင်းများ ပြိုကျနေသည်ကြားမှ နီရဲနေသော လူအုပ်ကြီးက သံစုံတီးဝိုင်းနှင့် ချီတက်လာပြီးဖြစ်သည်။ နေရာင်ခြည် ပွင့်လာသည်နှင့်အတူ ပြန်လွင့်နေသည့် ဟင်္သာအလံသည်လည်း ထင်ရှားလာပြီးဖြစ်သည်။

မွန်လူမျိုးတို့၏ နှလုံးသားထဲတွင် ကိန်းဝပ်နေပြီးဖြစ်သော မွန်အမျိုးသားနေ့ကို မွန်တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ အရပ်ဒေသများတွင် ဟံသာဝတီ မြို့ပြနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သည့် တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့၌ နှစ်စဉ် ကျင်းပကြသည်။
ထိုနေ့သည် မွန်ဘုရင် သမလမင်းနှင့် ဝိမလမင်းတို့က သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ တနင်္လာနေ့တွင် ဟံသာဝတီနေပြည်တော်ကို တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

မွန်အမျိုးသားနေ့ ကျင်းပရခြင်းသည် မွန်တိုင်းရင်းသားတို့၏ ဇာတိသွေး၊ ဇာတိမာန်၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် မွန်အမျိုးသားနေ့ အခမ်းအနားများ ကျင်းပကြပါသည်။
မွန်လူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် မွန်အမျိုးသားနေ့ကို မည်သို့ အလေအနက်ထားသည်ကို မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် မြင်တွေ့နိုင်မည်ဖြစ်သည်။

ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာတွင် ကောဇာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်လဆုတ် ၄ ရက်တွင် မွန်အမျိုးသားညီလာခံကို ကျင်းပခဲ့ပြီး ယင်းညီလာခံတွင် မွန်အမျိုးသားနေ့ ကျင်းပရေးအတွက် အဓိကထားပြီး ဆွေးနွေးခဲ့ကြောင်း မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီ နိုင်မွန်ရာဇာက ပြောသည်။

မွန်အမျိုးသားနေ့ကို အတည်ပြုနိုင်ရန်အတွက် ဟံသာဝတီနေပြည်တော် တည်ထောင်ခဲ့သည့် သမိုင်းကြောင်းကို မွန်အမျိုးသားညီလာခံမှ တက်ရောက်လာသော ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြောင်း ၎င်းက အတိတ်ကို ပြန်လည်ရှင်းပြသည်။
မွန်အမျိုးသားနေ့ ကျင်းပရေးအဆိုကို ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာတွင် ကျင်းပသည့် မွန်အမျိုးသား ညီလာခံတွင် တက်ရောက်လာကြသော သံဃာတော်များ၊ ကိုယ်စားလှယ်များနှင့် မွန်တိုင်းရင်းသား အဖွဲ့အစည်းများက တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် အတည်ပြုခဲ့ကြကြောင်း နိုင်မွန်ရာဇာက ဆက်လက် ပြောဆိုသည်။

ထိုအချိန်မှစ၍ မွန်အမျိုးသားနေ့ကို မွန်တိုင်းရင်းသားများက မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် ကျင်းပလာခဲ့ရာ ယခုအချိန်တွင် အကြိမ် ၇၀ မြောက် ပြည့်ပြီးဖြစ်ကာ ပြည်တွင်း၌သာမက ပြည်ပရောက်ရှိနေသည့် မွန်တိုင်းရင်းသားများလည်း မွန်အမျိုးသားနေ့ကို ကျင်းပနေကြသည်။

မွန်အမျိုးသားနေ့ကျင်းပရာတွင် မွန်ရိုးရာဓလေ့များဖြစ်သည့် ထမနဲထိုးပွဲများ၊ အပြေးပြိုင်ပွဲများ၊ အားကစား ပြိုင်ပွဲများ၊ ရိုးရာဓလေ့များ ပြသခြင်း၊ အဆို၊ အကများ တီးခတ်ဖျော်ဖြေခြင်း စသည့် ပြိုင်ပွဲများကို မြို့နယ်တိုင်း ကျေးရွာတိုင်းတွင် ယနေ့အချိန်ထိ ကျင်းပလျက်ရှိသည်။
မွန်အမျိုးသားနေ့ ၄၉ ကြိမ်မြောက်မှ စပြီး မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားအတွက် ကော်မတီ စတင်ဖွဲ့စည်းကာ မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို မော်လမြိုင်မြို့ပေါ်တွင် ၁၀ နှစ်ကြားကျင်းပခဲ့သည်။

ထိုနောက် အကြိမ် ၆၀ မြောက် မွန်အမျိုးသားနေ့ (ဗဟို) ကို ပဲခူးမြို့ (ဟံသာဝတီ) တွင် သံဃာတော်များကို ဆွမ်းကျွေးခဲ့ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ (ဗဟို) နိုင်မွန်ရာဇာက ဆိုသည်။
မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ၆၁ ကြိမ်မြောက်မှ စတင်ကာ မော်လမြိုင်မြို့အပြင် အခြား မြို့နယ်များ၌ အလှည့်ကျဖြင့် ကျင်းပလျက်ရှိသည်။

မုဒုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တွင် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို နှစ်ကြိမ်စီ ကျင်းပခဲ့ပြီး ရေးမြို့နယ်၊ လမိုင်းမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ပေါင်မြို့နယ်၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် တစ်နှစ်စီကျင်းပခဲ့ကြောင်း နိုင်မွန်ရာဇာက ရှင်းပြသည်။

“တစ်နှစ်လျှင် တစ်မြို့နယ်စီ လှည့်ပြီးကျင်းပနေတာ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ မြို့နယ်အဆင့်မှာ ကျင်းပနေတဲ့ ကျင်းပရေး ကော်မတီတွေ စုပေါင်းဦးဆောင်ပြီးတော့ အဲဒီမြို့နယ်အဆင့် ကျင်းပရေး ကော်မတီတွေ အမျိုးသားရေး ကိစ္စရပ်တွေမှာ တာဝန်ယူနိုင်ဖို့၊ အမျိုးသားရေးကိစ္စတွေ အဆင့်မြှင့်တင်နိုင်ဖို့နဲ့ တစ်မြို့နယ်နဲ့ တစ်မြို့နယ် ပူးပေါင်းဆောင်ရွက်မှု ရှိစေဖို့”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

မွန်အမျိုးသားနေ့နှင့် ပတ်သက်၍ ယခင်ကာလတွင် အစိုးရမှ အသိအမှတ်ပြုခြင်း မရှိခဲ့သော်လည်း ယခုနှစ်မှစ၍ အစိုးရမှ အသိအမှတ်ပြုလာပြီး သဝဏ်လွှာပေးပို့ခြင်းနှင့် ထောက်ပံ့ငွေများကူညီခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းရှိ မွန်အမျိုးသားနေ့ ကျင်းပရာတွင် ဗဟိုအဆင့်၊ မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့် ကျင်းပလျက်ရှိကာ ဗဟိုအဆင့်ကို ယခုနှစ်အတွင်း ကျိုက်မရောမြို့ ဘုရားကြီးကွင်းတွင် ကျင်းပသွားလျက်ရှိသည်။

ယခုနှစ်အတွင်း ဗဟိုအဆင့် မွန်အမျိုးသားနေ့ အခမ်းအနားတွင် မွန်ယဉ်ကျေးမှု အကများဖြစ်သည့် ဟင်္သာအကများ၊ ၁၂ ရာသီ ယိမ်းအကစသည့် မွန်ရိုးရာအကများဖြင့် ဖျော်ဖြေကပြလျက်ရှိပြီး မွန်ခေတ်ဟောင်း တေးသီချင်းပြိုင်ပွဲများ ပြုလုပ်လျက်ရှိသည်။

“ဒီနှစ် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား သဘာပတိနေရာမှာ အမျိုးသမီးများများ ရွေးချယ်ထားတယ်၊ အဓိကတော့ ဒီနှစ်မှာ အမျိုးသမီးကို ဦးစားပေးပြီးတော့ နေရာပေးထားတယ်၊ ဒါက တစ်ခြားနှစ်ထက် ထူးခြားတယ်”ဟု မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီ အတွင်းရေးမှူး မိစန္ဒာနွန် ပြောသည်။

မွန်အမျိုးသားနေ့ (ဗဟို) ကော်မတီမှ ချမှတ်ထားသည့် ဗွီနိုင်ပုံများ၊ အင်္ကျီဒီဇိုင်းများစသည့် ဗဟိုကော်မတီမှ ချမှတ်ထားသည်များကို မြို့နယ်အဆင့်နှင့် ကျေးရွာအဆင့်ထိ အသုံးပြုကြကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ ပဲခူးမြို့က ဒီနှစ်ဆိုရင် အယိမ်းအကတွေက အရင်နှစ်တွေထက် များလာတယ်၊ ဒါကတော့ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ အနေနဲ့ ထပ်တိုးခဲ့တယ်၊ နောက်ပြီး ဘင်ခရာနဲ့ ချီတက်မယ်”ဟု ပဲခူးမြို့ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီဝင် နိုင်ဝင်းထိန်က ပြောသည်။
ချောင်းဆုံမြို့နယ်၊ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီမှ အမျိုးသားရေး စိတ်ဓာတ်တွေ ခိုင်မြဲလာစေရန်၊ ချောင်းဆုံမြို့နယ်ရှိ မွန်လူငယ်များ စည်းလုံးမှုရှိစေရန်နှင့် မွန်အမျိုးသား စည်းလုံးညီညွတ်ရေး ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“ဒီနှစ်တော့ မွန်ယဉ်ကျေးမှု မောင်မယ်ကိုတော့ အကောင်အထည် မဖော်နိုင်ဘူး၊ ကျွန်တော်တို့မြို့နယ်က အဓိက စာပေကို ဦးစားပေးပြီးတော့ လုပ်ဆောင်သွားမယ်၊ နောက်ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပြသသွားမယ်၊ ကျန်တာတော့ ယဉ်ကျေးမှုအကတွေက အရင်နှစ်အတိုင်း တင်ဆက်သွားမယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

မုဒုံမြို့နယ် မွန်အမျိုးသားနေ့ကို စာစီစာကုံးပြိုင်ပွဲ၊ အမေအဖြေပြိုင်ပွဲနှင့် ကဗျာစပ်ပြိုင်ပွဲများကို ဦးစားပေး ကျင်းပခဲ့ကြောင်းနှင့် ယဉ်ကျေးမှုနှင့် ပတ်သက်သည့် အယိမ်းအကများ၊ မွန်ယဉ်ကျေးမှု မောင်မယ်ပြိုင်များနှင့် မွန်ရိုးရာ လက်ဝှေ့ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း မုဒုံမြို့နယ် မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီအဖွဲ့ဝင် နိုင်မွန်ရာဇာက ဆိုသည်။

“ကျွန်တော်တို့ မြို့နယ်က ဒီနှစ်မှာတော့ ထူးဆန်းတာ တစ်ခုရှိတယ်၊ အဲဒါကတော့ တောင်ပကျေးရွာက နွားလှည်းနဲ့လာပြီး မုဒုံမြို့နယ် မွန်အမျိုးသားနေ့အတွက် ဆန် လာရောက်လှူဒါန်းပေးတယ်”ဟု ၎င်းက ပြောကြားသည်။

ရေးမြို့နယ်သည် မော့ကနင်ကျေးရွာတွင် ကျင်းပမည်ဖြစ်ရာ မွန်လူမျိုးတို့၏ အမျိုးသားရေးလက္ခဏာများကို ပြသသွားမည်ဖြစ်ကြောင်း ရေးမြို့နယ် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နိုင်သာဦးကလည်း ယခုလို ပြောဆိုသည်။

“ကျွန်တော်တို့က ဒီနှစ်မှာတော့ ရေးမြို့နယ်နဲ့ လမိုင်းမြို့နယ်ခွဲမှာရှိနေတဲ့ မွန်ကျောင်းဆရာမတွေ ထူးချွန်တဲ့ မွန်ကျောင်းသားတွေအားလုံးကို ဂုဏ်ပြုသွားမယ်၊ နောက်ပြီးတော့ မွန်ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ယိမ်းအကတွေကို ကပြဖျော်ဖြေသွားမယ်”ဟု ၎င်းက ပြောသည်။

အကြိမ် ၇၁ မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ကရင်ပြည်နယ်၊ ဘာအံမြို့နယ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ၇၂ ကြိမ်မြောက်ကို ပဲခူးမြို့ (ဟံသာဝတီ) မှာ ကျင်းပသွားမည်ဟု ဆုံးဖြတ်ထားလျက်ရှိကြောင်း မွန်အမျိုးသားနေ့(ဗဟို) ဖြစ်မြောက်ရေးကော်မတီ နိုင်မွန်ရာဇာက ဆိုသည်။

Written by – ရွှေရိုး၊ ဗညာသူရိန်

Similar Articles

Leave a Reply

Top