မြန်မာ့စီးပွားရေးအလားအလာနှင့် ပြုပြင်ပြောင်းလဲမှုများ

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စဉ်စားရာတွင် အလေးထားဆောင်ရွက်ရမည့် ကဏ္ဍကြီး (၃) ရပ်မှာ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလက်မှုနှင့် ငွေကြေးကဏ္ဍများဖြစ်ပါသည်။ ကူးသန်းရောင်းဝယ်ရေး ကဏ္ဍပင်ဖြစ်စေ၊ စက်မှုလက်မှု ကဏ္ဍပင်ဖြစ်စေ၊ မည်သည့် ကိစ္စရပ်များမဆို ငွေကြေးနှင့် မကင်းကြ။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်ရာတွင်လည်း၊ “ငွေရေးကြေးရေး အဖွဲ့အစည်း (Financial Institutions)” များ၏ အခန်းကဏ္ဍမှာ များစွာအရေးကြီးပါသည်။ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဆိုသည်မှာ၊ ဘဏ်များ၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ၊ နည်းပညာ အခြေပြု ငွေကြေးဆိုင်ရာ လုပ်ငန်းများ အားလုံးပါဝင်ပါသည်။

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့် သုံးသည့် (၁၉၉၀) ပြည့်နှစ်များမှစ၍ ပုဂ္ဂလိက ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပိုင်ခွင့်များ ပေးခဲ့သော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် မြန်မာ့ငွေကြေးကဏ္ဍသည် “လှေလှော်ရင်းတက်ကျိုး” ဆိုသကဲ့သို့ တစ်ခန်းရပ်ခဲ့ရသည်။

တစ်ချိန်က မြန်မာ့ငွေရေး ကြေးရေးကဏ္ဍသည်၊ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးနေရာမှ ရုတ်တရက် “တန့်” သွားခဲ့သည်။ လက်ရှိအချိန်တွင်မူ တန့်နေဆဲလော၊ ရှေ့ဆက်နေပြီလော၊ လက်တွေ့ အခြေအနေများအရမူ တန့်နေခြင်း မဟုတ်တော့သည့်တိုင် ဖွံ့ဖြိုးတိုးတက်မှုတော့ မရှိသေး။

မူဝါဒနှင့် အပြန်အလှန်ပံ့ပိုးမှုများ
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် “စီးပွားရေးမူဝါဒ (Economics Policy)” အား အစိုးရတိုင်းက တာဝန်ယူ ရေးဆွဲကြသည်။ အဆိုပါ စီးပွားရေးမူဝါဒ (Economics Policy) အား ပံ့ပိုးကြမည့် ကဏ္ဍအလိုက် မူဝါဒများလည်း ရှိသေးသည်။
၎င်းတို့မှာ “ကူးသန်းရောင်းဝယ်ရေးမူဝါဒ (Trade Policy)”၊ “စက်မှုကဏ္ဍမူဝါဒ (Industrialization Policy)”၊ “ငွေကြေးမူဝါဒ (Monetary Policy)”၊ “ရင်းနှီးမြှုပ်နှံမှုမူဝါဒ (Investment Policy)” အစရှိသည်တို့ ဖြစ်ကြပါသည်။

အဆိုပါ မူဝါဒများသည် ကဏ္ဍတစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိနေကြပြီး မူဝါဒများ ရေးဆွဲရာတွင်လည်း သက်ဆိုင်ရာ ဌာနများမှ မူဝါဒပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပေါင်းစပ်ညှိနှိုင်းကာ ရေးဆွဲကြရခြင်းဖြစ်ပါသည်။ အဓိက မူဝါဒဖြစ်သော စီးပွားရေးမူဝါဒကို ပံ့ပိုးရမည့် မူဝါဒများအား မြန်မာနိုင်ငံတွင် အမျိုးသားစီမံကိန်းဟု ခေါ်ဆိုကြသည်။ မူဝါဒတစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်စပ် ပံ့ပိုးမှုများသည် အဓိကမဏ္ဍိုင်ဖြစ်သော စီးပွားရေး မူဝါဒကို ပုံဖော်ကြမည်လည်းဖြစ်ပါသည်။

ကဏ္ဍအားလုံးအနက် အရေးအကြီးဆုံးမှာ ငွေကြေးမူဝါဒကဏ္ဍ ဖြစ်ပါသည်။ သက်ဆိုင်ရာ ကဏ္ဍအသီးသီး အတွက် ငွေကြေးဆိုင်ရာ လျှော်ကန်သင့်မြတ်မှုများကို အထောက်အပံ့ ပေးနိုင်ရန်မှာ ငွေကြေးမူဝါဒ ခိုင်မာကောင်းမွန်မှုနှင့် များစွာသက်ဆိုင်ပါသည်။ ဆိုခဲ့ပြီးဖြစ်သော မူဝါဒများကို အကောင်အထည် ဖော်ရာတွင်လည်း ပြည်သူ့ရေးရာအုပ်ချုပ်မှု ယန္တရား၏ အရည်အသွေးနှင့် ထိရောက်မှု၊ တရားဥပဒေ စိုးမိုးခြင်းနှင့် တရားဥပဒေ၏ အကာအကွယ်ရရှိမှု အစရှိသည့် လက်တွေ့ အကောင်အထည်ဖော်ရမည့် နည်းလမ်းများမှာလည်း မူဝါဒများကို အထောက်အကူ ပေးသည့် ယန္တရားများပင် ဖြစ်ပါသည်။

ဆိုရလျှင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ စီးပွားရေး မူဝါဒအပေါ် များစွာမူတည်နေပြီး ထိုစီးပွားရေး မူဝါဒအား ရည်မှန်းချက်အတိုင်း ဖြစ်စေရေးသည် မူဝါဒကဏ္ဍခွဲ များသာမက လက်တွေ့ အကောင်အထည်ဖော်ရမည့် မြေပြင်အခြေအနေများ၏ အားကောင်း ထိရောက်မှု များနှင့်ပါ သက်ဆိုင်နေသည်။

“စီးပွားရေးကဏ္ဍသည် အုပ်ချုပ်ရေးကဏ္ဍ၏ စနစ်ကျသော အထောက်အပံ့ ကောင်းမရသရွေ့ မည်သည့် တိုးတက်မှု ရလဒ်ကိုမျှ ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ချေ။”

မြန်မာ့ဘဏ္ဍာရေးကပ်ဆိုး
၂၀ဝ၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ဖြစ်ပွားခဲ့သော မြန်မာ့ဘဏ်များ ပြိုလဲမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့် သာမန်အပ်ငွေ စုဆောင်းသူပြည်သူများအား အထူးပင် အထိနာစေခဲ့ပြီး မြန်မာ့ငွေကြေးကဏ္ဍ၏ အနာဂတ်ကိုပါ အထိနာစေခဲ့သည်။

အဆိုပါဖြစ်ရပ်များအပေါ် ထိုအချိန်က တာဝန်ရှိအစိုးရနှင့် ဗဟိုဘဏ်တို့၏ ကိုင်တွယ်ပုံများမှာ ယနေ့အချိန်ကဲ့သို့ ပွင့်လင်းမြင် သာမှုရှိသည့် အချိန်ဆိုပါက အလွန်ပင် ဝေဖန်စရာများသော ကိုင်တွယ်မှုများဖြစ်ခဲ့သည်။ “ငွေကြေး မူဝါဒ (Monetary Policy)”၊ “ဘဏ္ဍာရေးမူဝါဒ (Fiscal Policy)” များကို အစိုးရတစ်ရပ်၊ ဝန်ကြီးဌာနတစ်ခု လက်အောက်တွင် လိုအပ်သလို ပုံဖော်ဆောင်ရွက်နေကြရာမှ၊ ငွေကြေး ခဝါချမှုများနှင့် ပြည်ပနိုင်ငံများ၏ အရေးယူ ဒဏ်ခတ်မှုများ၊ အကြောင်းတိုက်ဆိုင်သွားချိန်တွင် ထိန်းမနိုင်သိမ်းမရ အခြေအနေကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်ပါသည်။ ဗဟိုဘဏ်ကိုယ်တိုင်က ထိုအချိန်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်နေသည်မှာလည်း အကြောင်းတစ်ရပ် ဖြစ်ပေလိမ့်မည်။

အပြောင်းအလဲမှာ ဗဟိုဘဏ်မပါ

ဤအဖြစ်ဆိုးကို ကြုံခဲ့ရသူများ အနေဖြင့် (၂၀၁၁) ခုနှစ် ကာလများက အစိုးရအသစ် တက်ခါစ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြသည်။ ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု နည်းလမ်းအသစ်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဖြေလျော့မှုများ၊ ဘဏ်အတိုးနှုန်းပြင်ဆင် သတ်မှတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည့်တိုင်၊ အသစ်ဖြစ်ပေါ်လာသော ဗဟိုဘဏ်၏ အံ့ချီးဖွယ် ပြုပြင်ပြောင်းလဲမှုဟု ဆိုရလောက်အောင်၊ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့။ ၂၀၁၅ ခုနှစ် အစိုးရသစ်လက် ထက်တွင်လည်း ဗဟိုဘဏ်အား တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ် လိမ့်မည်လားဟု မျှော်မှန်း ကြသည့်တိုင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး အသစ်ထည့်သွင်းသည်မှလွဲ၍ ထူးထူးခြားခြား ပြုပြင်ပြောင်းလဲမှု မရှိခဲ့ပေ။

၂၀၁၇ ခုနှစ်ပြောင်းလဲခဲ့ပြီး (၂၀၁၇-၂၀၁၈) အမျိုးသားစီမံကိန်းများ ရေးဆွဲပြီးသည့်တိုင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်နှင့် စပ်လျဉ်းသော အခန်းကဏ္ဍများမှာမူ ယခင်အခြေအနေများအတိုင်းသာ မပြောင်းမလဲ တည်ရှိနေသေးသည်။ အစိုးရသစ်အနေဖြင့် ဗဟိုဘဏ်နှင့် စပ်လျဉ်းသော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်မည့် အလားအလာလည်း မတွေ့ရ။ အဆိုးဆုံးမှာ စီးပွားရေးလုပ်ငန်းရှင်များ မျှော်လင့်နေကြသည့် ဘဏ်အတိုးနှုန်း လျှော့ချရေးကိစ္စကို ယနေ့အချိန်အထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့် အချက်ပင် ဖြစ်ပါသည်။

ဘဏ္ဍာရေးကပ်ဆိုး၏ နောက်ဆက်တွဲ ဂယက်

၂၀ဝ၃ ခုနှစ် မြန်မာ့ဘဏ္ဍာရေး ကပ်ဆိုး၏ နောက်ဆက်တွဲ ဂယက်များကို ယနေ့အချိန်အထိ မြန်မာ့ငွေကြေး ကဏ္ဍမှာ ခံစားနေရဆဲဖြစ်ပါသည်။ ထင်ရှားသော အချက်မှာ ပုဂ္ဂလိကဘဏ်များကို ပြည်သူလူထုမှ အယုံအကြည် ကင်းမဲ့သွားခြင်း ဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် ဘဏ်များအပေါ် ယုံကြည်မှု ကင်းမဲ့သွားခြင်းမှာ မြန်မာ့ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးမှုအလားအလာ များအတွက် အနှုတ်လက္ခဏာ တစ်ရပ်ပင် ဖြစ်ပါသည်။

ယနေ့အချိန်အထိ ပုဂ္ဂလိကဘဏ်များတွင် ဝင်/ထွက် သွားလာနေကြသော လူနည်းစုမှအပ ပြည်သူအများစုမှာ ဘဏ်နှင့်ပတ်သက်ရန် စိတ်ကူးမရှိကြတော့။ စီးပွားရေးလုပ်ငန်းရှင် အကြီး/အသေး အားလုံးသည်လည်း ဘဏ်များတွင် ချေးငွေရယူနိုင်ရေးကိုသာ စိတ်ဝင်စားကြပြီး ငွေပေးချေမှုများတွင် ဘဏ်ကို စနစ်တကျ အသုံးချရန်၊ မိမိတို့၏ လုပ်ငန်းမှ ငွေကြေးများကို ဘဏ်တွင်အပ်နှံရန် ကိစ္စများကိုမူ စိတ်ဝင်စားမှု မရှိကြတော့ပေ။ ဘဏ်ကို ကောင်းမွန်စွာ အသုံးမချတတ်ခြင်းသည် စီးပွားရေးလုပ်ငန်းများ၏ ငွေရေးကြေးရေး ဆိုင်ရာ ကဏ္ဍများတွင် အားနည်းချက်များကို ဖြစ်ပေါ်စေပြီး ငွေပေးချေမှုများတွင် ဘဏ်ကို အသုံးမပြုကြခြင်းသည် ဆုံးရှုံးနစ်နာနိုင်မှု (Risk) များကို ဖိတ်ခေါ်ရာရောက်ပါသည်။

ထိုသို့ ပြည်တွင်းစီးပွား ရေးလုပ်ငန်းများ၏ အားနည်းချက်များနှင့် ဆုံးရှုံးနစ်နာမှုများသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရလဒ် များအပေါ် ရိုတ်ခတ်နိုင်ပါသည်။ ပြည်သူများ၏ နောက်ကြောင်းခိုင်မာသော တစ်ဦးချင်း စုဆောင်းငွေများ နည်းပါးပြီး အကြောင်းရင်းခိုင်မာစွာ မရှိသော လူနည်းစု၏ စုဆောင်းငွေ ပမာဏ များပြားလာခြင်းမှာလည်း နိုင်ငံ၏ စီးပွားရေးနှင့် အစိုးရ၏ ဝင်ငွေရလမ်းအပေါ် များစွာထိခိုက်နစ်နာစေမည် ဖြစ်ပါသည်။

ထို့အတူပင် မပြိုလဲဘဲ ကျန်ရှိနေခဲ့သော ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထိန်းချုပ်မှုမှာလည်း လွတ်လပ်သောဈေးကွက်နှင့် ယှဉ်ပြိုင်မှုဖြစ်ပေါ်လာစေရေးကို အဟန့်အတား တစ်ရပ် ဖြစ်ပေါ်လာစေခဲ့သည်။ ပြည်သူလူထုအပေါ် နောက်ထပ် နောက်ထပ်သော ငွေရေးကြေးရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်လာစေရေးအတွက် ဗဟိုဘဏ်မှ ကြီးကြပ်ချုပ်ကိုင်မှု များပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့သည်မှာ မှန်သော်လည်း ရေရှည်တွင်မူ နိုင်ငံ၏ ဘဏ္ဍာရေး (ငွေရေးကြေးရေး ဆိုင်ရာကဏ္ဍ) ကို အင်မတန် အားနည်းစေခဲ့လေသည်။

၁၉၉၀ ပြည့်နှစ်နှောင်းပိုင်း ကာလများကတည်းက ဖွံ့ဖြိုးစပြုခဲ့သော မြန်မာ့ဘဏ်လုပ်ငန်းစနစ်များသည် (၂၀ဝ၃) ခုနှစ် ဘဏ္ဍာရေး အကြပ်အတည်းတွင် ရုတ်တရက် ရပ်တန့် သွားခဲ့ပြီး ဗဟိုဘဏ်၏ ချုပ်ကိုင်မှုများကြောင့် ဆက်လက်ဖွံ့ဖြိုးခြင်း မရှိခဲ့တော့သည်မှာ (၂၀၁၁) ခုနှစ် မြန်မာ့ ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ကြစဉ်က ပိုမိုသိသာထင်ရှားခဲ့ပါသည်။ ရိုးရှင်းသော ဥပမာတစ်ရပ်ဖြင့် တင်ပြရလျှင် (၂၁) ရာစု ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုအသစ်များ နိုင်ငံတကာတွင် အသားတကျရှိနေချိန်၊ မြန်မာ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ နှင့် ဘဏ်လုပ်ငန်းစနစ်များမှာ (၁၉) ရာစုကာလများကဲ့သို့ လည်ပတ်နေဆဲ ဖြစ်သည်။

နိုင်ငံတကာတွင် အပြောင်းအလဲများသည် ဘဏ္ဍာရေး ကဏ္ဍများမှာ ကွက်ကွက်ကလေး ဖြစ်ပွားခဲ့သည် မဟုတ်ဘဲ ကူးသန်းရောင်းဝယ်ရေးကဏ္ဍ၊ စက်မှုလက်မှု ကဏ္ဍများနှင့် စီးပွားရေးလုပ်ငန်းများ၊ စီမံခန့်ခွဲမှု နည်းလမ်းများတွင်လည်း ထူးထူးကဲကဲပြောင်း လဲခဲ့သည်။
အဆိုပါကဏ္ဍများ၏ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” အဆက်အစပ်များတွင် ဘဏ္ဍာရေးကဏ္ဍလည်း ပါဝင်သည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာအဆင့်အထိ တွန်းတင်ပေးနိုင်ရန် လက်လှမ်းမမှီဖြစ်ခဲ့သည်။ နိုင်ငံတကာမှ လာရောက်ကြမည့် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း ခိုင်မာတောင့်တင်း၍ အားကောင်းသော ဘဏ္ဍာရေး အဖွဲ့အစည်းများ ပြည်တွင်းတွင် ရှိမနေခြင်းကြောင့် လုပ်ငန်းဆောင်ရွက်ရန် စိုးရိမ်ပူပန်မှုများ ရှိကြသည်။

နိုင်ငံတကာ စံနှုန်းများဖြင့် တိုင်းတာကြသောကြောင့် မြန်မာ့ငွေရေးကြေးရေး ကဏ္ဍသည် ၎င်းတို့အမြင်တွင် အထူးပင် အားနည်း၍ စိတ်မချစရာလည်း ဖြစ်နေပြန်သည်။ ဤကား ဘဏ္ဍာရေးကပ်ဆိုး အလွန် ဗဟိုဘဏ် ၏တင်းကြပ်သော ထိန်းချုပ်မှုများ၏ ရလဒ်များပင် ဖြစ်သည်။

နောက်အပတ် ဆက်လက်ဖတ်ရှုရန်
(ဝေဇင်သန့်)
၂၅.၁.၂၀၁၇/ စစ်ကိုင်းမြို့

ကိုးကား
(၁) ဖေသန်းတင်၊ မြန်မာ့ဘဏ်လုပ်ငန်းအခြေခံများ(သမိုင်း၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ)၊ ဒုတိယအကြိမ်၊ ၂၀ဝ၆ခုနှစ်။
(၂) သံအမတ်ကြီးဒေါက်တာလှမောင်(ဘောဂ)၊ မြန်မာနိုင်ငံလယ်ယာကဏ္ဍနှင့်အသေးစား ငွေ ချေးဝန်ဆောင်မှုလုပ်ငန်းများတိုးတက်ဖွံ့ဖြိုးရေး၊ ၂၀၁၆ခုနှစ်။
(၃) Katie Willis, Theories and Practices of Development, Routledge Publication, First Edition, 2005.
(၄) မောင်တိုင်ပင်၊ အရင်းအနှီးဈေးကွက်နှင့်စီးပွားရေးပဲ့တင်သံ၊ ပထမအကြိမ်၊ ၂၀၁၆ခုနှစ်။ (၅) ကျော်စောမင်း၊ ပန်းတိုင်သို့သွားရာလမ်း၊ ပထမအကြိမ်၊ ၂၀၁၂ခုနှစ်။

Leave a Reply

Top