မော်လမြိုင်မြို့တွင်း နယ်မြေနှင့် ရပ်ကွက်များ

မော်လမြိုင် မြူနီစီပယ်ပိုင်နက် နယ်မြေသည် (၁၆)စတုရန်းမိုင်ကျယ်ဝန်းသည်။ ထိုနယ်မြေကို နယ်မြေ(၅) ခု အဖြစ် ပိုင်းခြားထားသည်။ ၁။ မုပွန်နယ်မြေ ၂။ မောင်ငံနယ်မြေ ၃။ ထားဝယ်စုနယ်မြေ ၄။ ကုလားတန်းနယ်မြေနှင့် (၅) ဒိုင်းဝန်ကွင်းနယ်မြေတို့ ဖြစ်ကြသည်။

၁၈၂၆ ခုတွင် မော်လမြိုင်သည် တံငါရွာကလေးမျှသာဖြစ်သည်။ တနင်္သာရီတိုင်း ဝန်ရှင်တော်မင်းကြီး မိန်းဂေး (A.D Maingy ၁၈၂၅-၃၄) လက်ထက်တွင် မော်လမြိုင်သည် အတော်အတန်စည်ကားသော မြို့ဖြစ်လာသည်။ ရပ်ကွက်ပေါင်း (၂၀)ပေါ် ပေါက်လာသည်။ မော်လမြိုင်ရပ်ကွက် (၂၀)ကို တောင်ဘက်မှ မြောက်ဘက်သို့ အစဉ်လိုက်ဖော်ပြရသော် ၁။ မုပွန်ရပ်ကွက် ၂။ နတ်ကျွန်းရပ်ကွက် ၃။ မောင်ငံရပ်ကွက် ၄။ ဘိုကုန်းရပ်ကွက် ၅။ သိမ်ကုန်းရပ်ကွက် ၆။ ထားဝယ်စုရပ်ကွက် ၇။ ပန်းပဲတန်းရပ်ကွက် ၈။ ဖိုးစောကုန်းရပ်ကွက် ၉။ သင်္ဘောလဲရပ်ကွက် ၁၀။ မရမ်းကုန်းရပ်ကွက် ၁၁။ တညင်းကုန်းရပ်ကွက် ၁၂။ စစ်ကဲကုန်းရပ်ကွက် ၁၃။ အရေးပိုင်ကုန်းရပ်ကွက် ၁၄။ သာယာကုန်းရပ်ကွက် ၁၅။ ရွှေတောင်ရပ်ကွက် ၁၆။ ဖက်တန်းရပ်ကွက် ၁၇။ ဒေါင်းမင်းရပ်ကွက် ၁၈။ မန္တလေးရပ်ကွက် ၁၉။ မီးလောင်ပြင်ရပ်ကွက်နှင့် ၂၀။ ဒိုင်းဝန်ကွင်း တို့ဖြစ်ကြသည်။

၁။ မွန်ဘာသာအရေးအသား (မုဟ်ပန်)၊ မွန်ဘာသာအသံထွက် (မုပွန်) ဖြစ်သည်။ အဓိပ္ပာယ်မှာ (မု)သည် အငူအစွန်း၊ (ပွန်)သည် လေးခုဖြစ်သည်။ ထို့ကြောင့် (မုပွန်)သည် အငူလေးခုဟု အဓိပ္ပာယ်ရသည်။

၂။ နတ်ကျွန်းဟု ခေါ်တွင်ခြင်းမှာ “နတ်ကျွန်းချောင်း”နှင့် “ချောင်းဝချောင်း” ချောင်းနှစ်ချောင်းကြားတွင် ကျွန်းသဖွယ်တည်ရှိနေသောကြောင့်ဖြစ်သည်။ နတ်ကျွန်းချောင်းသည် အရှေ့ဘက်ကွင်းများမှ ချောင်းဖျားခံ၍ အမှတ်(၅)သစ်စက် တောင်ဘက်မှကပ်ပြီး အနောက်ဘက်သို့ စီးဆင်းသည်။ ချောင်းဝချောင်းသည်လည်း အရှေ့ဘက်ကွင်းများမှပင် ချောင်းဖျားခံ၍ အမှတ်(၄) အရက်ချက်စက်ရုံ (ယခင် လျောင်ချိုင်အရက်ချက်စက်ရုံ) တောင်ဘက်မှကပ်ပြီး အနောက်ဘက်သို့ စီးဝင်သည်။ ထိုချောင်း (၂)ချောင်းသည် သံလွင်မြစ်နှင့် (၁)ဖာလုံခန့်အကွာတွင် ပေါင်းဆုံပြီး သံလွင်မြစ်အတွင်းသို့ စီးဝင်သည်။

နတ်ကျွန်းပိုင်ဘိုးဘိုးကြီးမှာ “ဘိုးမင်းလှစည်သူ” ဖြစ်သည်။ နတ်ကွန်းသည် အရက်ချက်စက်ရုံအတွင်း၌ ရှိသည်။ ထိုနတ်ကျွန်းဘေးတွင် “ဦးမင်းကျော်”၊ “မြင်းဖြူရှင်”နှင့် “ကိုဒွေး” နတ်တို့၏ နတ်ကွန်းများရှိသည်။ ဦးမင်းကျော် နတ်ကွန်းကို အရက်ချက်စက်ရုံအတွင်း ထားရှိခြင်းသည် “နတ်မှန် နေရာမှန်”ဟု ဆိုနိုင်သည်။ ကိုဒွေးနတ်မှာ လူပျိုနတ်ဖြစ်သည်။ နတ်ကျွန်းရပ် နတ်ပွဲကို နှစ်စဉ် နတ်တော်လတွင် ကျင်းပသည်။ နတ်ပွဲကျင်းပသော နေ့သည် ဥပုသ်နေ့နှင့် ဗုဒ္ဓဟူးနေ့ မဖြစ်ရချေ။ ဗုဒ္ဓဟူးနေ့မှာ နတ်ရူးများသောင်းကျန်းသော နေ့ဖြစ်၍ နတ်ပွဲမကျင်းပခြင်းဖြစ်သည်။ နိုင်ငံကျော်စာရေးဆရာကြီး သိပ္ပံမောင်ဝ (ဦးစိန်တင်)ကို နတ်ကျွန်းရပ်၌ ဖွားမြင်ခဲ့သည်။ နတ်ကျွန်းရပ်တွင် သိပ္ပံမောင်ဝ၏ ရုပ်တုထားရှိသင့်သည်။

၃။ မောင်ငံရပ်ကွက် ဖြစ်ပေါ်လာပုံကို မောင်စပ် (သမိန်ပရူး) ခေါင်းဆောင်သော ပုန်ကန်မှုမှ စတင်ဖော်ပြမှသာလျှင် ဇာတ်ရေလည်မည်ဖြစ်သည်။

၁၀ ဒီဇင်ဘာ ၁၈၂၆ တွင် စတင်သော သံလျင်မြို့ဝန်ဟောင်း မောင်စပ် (သမိန်ပရူး) ဦးဆောင်သော မွန်တို့၏ ပုန်ကန်မှုသည် ၈ ဖေဖော်ဝါရီ ၁၈၂၇ တွင် အရှုံးဖြင့် နိဂုံးချုပ်သွားသည်။ ပုန်ကန်မှုတွင် မောင်တော်လေးနှင့် မောင်ငံတို့သည် ဦးဆောင်မှုအပိုင်းမှ ပါဝင်သည်။ မောင်ဘိုးစောနှင့် မောင်သာယာတို့ကား ဒုတိယတန်းခေါင်းဆောင်များဖြစ်ကြသည်။

ဇန်နဝါရီ ၁၈၂၇ တွင် မောင်ထော်လေး၊ မောင်ငံ၊ မောင်ဘိုးစောနှင့် မောင်သာယာတို့သည် သံလျင်နှင့် ဒလမှ စစ်ရှောင်ဒုက္ခသည် တစ်သောင်းကျော် နှစ်သောင်းခန့်ကို လှေကြီးလှေငယ် (၅၀ဝ)ဖြင့် တင်ဆောင်ကာ၊ မော်လမြိုင်ဘက်သို့ ရှောင်တိမ်းလာကြသည်။ လမ်းခရီးတွင် နှစ်ညအိပ်ပြီးနောက် မော်လမြိုင်ကမ်းသို့ဆိုက်ရောက်သည်။ ထိုစဉ်က မော်လမြိုင်တွင် တောကြီးမျက်မည်းဖုံးလျက်ရှိပြီး၊ တောကောင်ကြီးများဖြစ်ကြသော ကျားနှင့် ကျားသစ်များ ခိုအောင်းလျက်ရှိသည်။ အရှေ့အနောက်မြို့ကွက်မှာ ယခုကဲ့သို့ မကျယ်ဝန်းသေးချေ။ အောက်လမ်းမကြီးတစ်လျှောက်တွင် ဒီရေအတက်အကျရှိခဲ့သည်။

စစ်ရှောင်ဒုက္ခသည်များသည် မော်လမြိုင်သို့ရောက်လျှင် အကွက်အကွင်းကောင်းသော နေရာများတွင် သစ်ပင်ဝါးပင်ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းရသည်။ လွယ်လင့်တကူရရှိသော သစ်ဝါးတို့ဖြင့် ခြေတံရှည်အိမ်များတည်ဆောက်ကြ၍ ဓနိမိုးကြသည်။ နီးစပ်ရာအပေါင်းပါများ စုစည်းပြီး ရပ်ကွက်များတည်ထောင်ကြသည်။ တပ်သား (၆၀ဝ)ရှိ ရေတပ်ဗိုလ်ဟောင်း၊ မောင်ငံ (သမိန်လကွန်းအိမ်) အုပ်ချုပ်သော ရပ်ကွက်သည် မောင်ငံရပ်ကွက်ဖြစ်လာသည်။ ဗြိတိသျှ အစိုးရက မောင်ငံအား လစာ (၅၀)ကျပ်ပေးသည်။

မော်လမြိုင်မြို့တွင် ပွင့်လင်းရာသီရောက်ချိန်တွင် ရပ်ကွက်အလိုက် ဆွမ်းကြီးလောင်းပွဲများ ကျင်းပသည်။ “ဆွမ်းကြီးလောင်းပွဲအစ မောင်ငံက” ဟု အဆိုရှိသည်။

လံဘားကြီးဟူ၍ လည်းကောင်း၊ မျက်မှန်ကြီးဟူ၍ လည်းကောင်း၊ တွဲဖက်ကြီးဟူ၍ လည်းကောင်း၊ နာမည်သုံးမျိုးဖြင့် ကျော်ကြားသော ဗိုလ်မှူးချုပ်တင်ဦးသည် မောင်ငံ အဆက်အနွယ်ဖြစ်သည်။

၄။ ဘိုကုန်းရပ်ဟုခေါ်တွင်ခြင်းမှာ ဥရောပတိုက်သား မျက်နှာဖြူများနေထိုင်ခဲ့သောကြောင့် ဖြစ်သည်။

၅။ သိမ်ကုန်းသည် ရှေးဟောင်းရပ်ကွက်တစ်ခုဖြစ်သည်။ “ရာဇာဓိပတိ”ဘွဲ့ခံ “ဓမ္မစေတီမင်း”သည် ပဲခူးကလျာဏီသိမ်ကြီးကို သမုတ်တော်မူစေခဲ့သည်။ နောင်နှစ်အနည်းငယ်အတွင်းမှာပင် ရာမညတိုင်းနေရာအနှံ့အပြား၌ သိမ်ပေါင်း (၃၉၇)လုံးကို သမုတ်တော်မူစေခဲ့သည်။

မော်လမြိုင်ရှိ ကလျာဏီသိမ် (၄)လုံးအပါအဝင်ဖြစ်သည်။ သိမ်တစ်လုံးရှိရာအရပ်ဖြစ်သောကြောင့် သိမ်ကုန်းရပ်ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။

ဒိုင်းဝန်ကွင်းတွင် ကလျာဏီသိမ်တစ်လုံးရှိသေးသည်။ အခြားသိမ်နှစ်လုံးမှာမူ ကံဆိုးမိုးမှောင်ကျ အကြောင်းမလှဘဲ ဘယ်ရပ်ဘယ်ဆီ ဘယ်ဌာနီ၌ တည်ရှိနေကြောင်း ထောက်လှမ်းစုံစမ်းမရဖြစ်နေသည်။ ဤသို့တိမ်မြုပ်ပျောက်ကွယ်နေခြင်းသည် ဗုဒ္ဓဘာသာ သမ္မာဒိဋ္ဌိ အမျိုးကောင်းသား၊ အမျိုးကောင်းသမီး၊ သူတော်ကောင်းအသီးသီးတို့၏ သာသနာရေး ဘာသာရေးအတွက် နစ်နာဆုံးရှုံးမှုတစ်ရပ်ပင်ဖြစ်သည်။

ရှေးကသိမ်ကုန်းဝန်းကျင်တွင် သစ်စက်များရှိသည်။ သစ်လုပ်သားအများစုသည် ဘိန်းနှင့်မကင်းကြချေ။ သိမ်ကုန်းရပ်ချောင်းတစ်ချောင်းတွင် မှောင်ခိုဘိန်းခန်းတစ်ခုရှိခဲ့သဖြင့် ဘိန်းစားချောင်းဟု နှိမ့်ချခေါ်ဝေါ်မှုများလည်း ရှိသည်။

၆။ ရေကြည်ရာ မြက်နုရာ မော်လမြိုင်သို့ ထားဝယ်သူ၊ ထားဝယ်သားများ လာရောက်အခြေချနေထိုင်ခဲ့သော ရပ်ကွက်ကို ထားဝယ်စုရပ်ကွက်ဟု ခေါ်သည်။

ထားဝယ်စုရပ်ကွက်တွင် ကုသိုလ်ကောင်းမှုနှင့် အလှူဒါနပြုရာတွင် စေတနာထက်သန်လှသော သူဌေးကြီး “ဦးမိုး”နေထိုင်ခဲ့သည်။
ထားဝယ်စုရပ်နေ ဦးလူပိန် နှင့် ဒေါ်မွှေး ဇနီးမောင်နှံတို့က ၁။ မငြိမ်းကောင်း ၂။ မောင်မိုး ၃။ မောင်ဘွား ၄။ မောင်ထွန်း ၅။ မသူ ၆။ မဖြူ ၇။ မောင်သာဒွေး သားသမီး (၇)ဦးထွန်းကားသည်။

ဒုတိယသားဖြစ်သော မောင်မိုးကို ၁၈၁၉ ခုတွင် ဖွားမြင်သည်။ မောင်မိုးသည် အရေး၊ အဖတ်၊ အတွက် (အသုံးလုံး)အခြေခံပညာရေးကို ဘုန်းကြီးကျောင်းမှ သင်ယူတတ်မြောက်သည်။ အသုံးလုံးကျေသောအခါ ကိုရင်ဝတ်သည်။ ရှင်လူထွက်ပြီး လူလားမြောက်သောအခါ အုန်းတောရပ်နှင့် ပန်းပဲတန်းရပ်ကြားရှိ “ကျားတံတား” ဒါယကာ၏ သမီး မိမိအမနှင့် အမည်တူ “မငြိမ်းကောင်း” နှင့် အိမ်ထောင်ပြုသည်။ သားသမီး မထွန်းကားချေ။

အကြံအစည်ဉာဏ်ရည်ထက်မြက်သော ဦးမိုးသည် ရှိသမျှငွေကြေးနှင့် လက်ဝတ်လက်စားများကို အရင်းအနှီးပြု၍ ကောင်းရောင်းကောင်းဝယ်ဖြင့် စီးပွားရှာသည်။ မကြာမီမှာပင် ထားဝယ်စုကမ်းခြေရှိ (၈)ဧက ကျယ်ဝန်းသော မြေကွက်၊ သစ်စက် (၁)လုံးနှင့် “ရာဇာ” အမည်ရှိ ဆင်တစ်စီးပိုင်ဆိုင်လာသည်။ အလုပ်သမား (၃၀)ဖြင့် လုပ်ကိုင်ရင်း သိန်းချီ၍ ချမ်းသာသူတစ်ဦးဖြစ်လာသည်။ (၁၀)နှစ်ခန့်ကြာသောအခါ သစ်စက်ဝင်းကို (၁၅)ဧကအထိ တိုးချဲ့လာနိုင်သည်။ “ချမ်းသာ”အမည်ရှိ ဆင် (၁)စီးကို ထပ်မံဝယ်ယူနိုင်သည်။ အလုပ်သမားဦးရေကို (၆၀)အထိ တိုးချဲ့နိုင်ပြီး၊ သိန်း(၅၀)ခန့် ချမ်းသာသူတစ်ဦးဖြစ်လာသည်။

ဖေဖော်ဝါရီ ၁၈၇၂ တွင် အိန္ဒိယဘုရင်ခံချုပ် မေယို (Lord Mayo)တိုင်းခန်းလှည့်လည်ရင်း မော်လမြိုင်သို့ ဝင်ရောက်လာသည်။ သူဌေးကြီးဦးမိုးက ကြီးကျယ်ခမ်းနားစွာ ကြိုဆိုဧည့်ခံသည်။ ဘုရင်ခံချုပ်က အလေးချိန် (၂၀)ကျပ်သားရှိသော စလွယ်တစ်လုံးဆုချသည်။ (၁၇ ဖေဖော်ဝါရီ ၂၀၁၇ ပေါက်ဈေးအရ (၁၇၈)သိန်း (၈)သောင်း တန်ဖိုးရှိသည်။) ထို့ပြင် မော်လမြိုင်မြို့ဝန် သူကောင်းဖြစ်တရားသူကြီး အဖြစ် ခန့်အပ်သည်။ ဦးမိုးသည် တရားသူကြီးအလုပ်ကို စိတ်ဝင်စားခြင်းမရှိချေ။ (၁)နှစ်ခန့် အမှုထမ်းပြီး ရာထူးမှ နုတ်ထွက်သည်။ ကုသိုလ်ကောင်းမှုလုပ်ငန်းများကိုသာ ကြိုးပမ်းအားထုတ်လေတော့သည်။

အလှူဒါနပြုရာတွင် စေတနာထက်သန်လှသော သူဌေး ဦးမိုးသည် မှေးမှိန်သေးငယ်လျက်ရှိသော ရှေးအခါက မွန်ဘာသာဖြင့် ကျိုက်ပတန် (ဘုရားဖြူ)ဟု ခေါ်တွင်သည့် ဦးဇိနစေတီတော်ဟောင်းကို ပြီးစီးသည့်တိုင်အောင် သုံးနှစ်ဆက်တိုက်ပြင်ဆင်သည်။

ဘုရားထီးတင်ပွဲကို နိုဝင်ဘာလ (တန်ဆောင်မုန်းလ)မှ စတင်ကျင်းပရာ (၄)လအကြာ ဖေဖော်ဝါရီ (တပို့တွဲလ)တွင် အောင်မြင်စွာပြီးစီးသည်။ ထီးတော်အဆင့်ဆင့်ကို တစ်ဆင့်စီ (တစ်ဘုံစီ) စက်ကြိုးဖြင့် တင်သည်။ တစ်ဆင့်ရောက်သွားလျှင် အမြောက်တစ်ချက်ပစ်ဖောက်သည်။

ထီးတော်တင်ပွဲနှင့်အတူ စာပြန်ပွဲနှင့် စတုဒိသာကိုလည်း လှူဒါန်းသည်။ ပင့်သံဃာ (၅၀ဝ)အတွက် ပဒေသာပင် (၅၀ဝ)အပြင် လာသမျှပရိသတ်ကို ထောပတ်ထမင်းကျွေးမွေးလှူဒါန်းသည်။ ပဒေသာပင်တစ်ပင်လျှင် (၂၀ဝ)ကျပ်တန်ဖိုးရှိသည်။ ဘိလပ်ရည်ပုလင်းမျာကို တောင်ပုံရာပုံ ဝယ်ယူပြီး စဉ့်အိုးကြီးများတွင် ရေခဲတုံးကြီးများထည့်ကာ ဘိလပ်ရည်များကို လျှံအောင်လောင်းထည့်၍ သဘောရှိ သောက်စေသည်။

သန့်ရှင်းသော လောင်းလှေကြီးများတွင် အငွေ့တထောင်းထောင်းထနေသော ထောပတ်ထမင်းများကို ထည့်ထားကာ ဆင်းရဲချမ်းသာမရွေး ကျွေးမွေးဧည့်ခံသည်။ ကျောင်းကန်ဇရပ်များကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သော ဦးမိုးသည် ၁၈၉၅ ခု အသက်(၇၆)နှစ်တွင် ကွယ်လွန်သည်။

ဦးမိုး၏ ကိတ္တမသား “မောင်မောင်”သည် ဝမ်းတွင်းပါ အကျင့်စာရိတ္တယုတ်ညံ့သူဖြစ်သည်။ သူဌေးကြီး၏ လက်ကျန်ပစ္စည်း (၁၅)သိန်းဖိုးခန့်ကို အမွေရသော်လည်း အကျင့်ဖောက်ပြားအသုံးအစွဲမှားသဖြင့် ရှိသမျှ ပစ္စည်းပြုန်းတီး၍ အထီးကျန်တံငါသည်ဘဝကို ရောက်သွားသည်။ နောက်ဆုံးနေထိုင်စရာ အိမ်မရှိဘဲ ဒွန်းစဏ္ဍား အဖြစ်ထက်ဆိုးလျက် အသေဆိုး သေရလေတော့သည်။

တိုင်းရင်းသားရှေ့နေများတွင် ပထမဆုံး တတိယတန်းရှေ့နေဖြစ်သူ မောင်ဖိုးထေ (Maung Hpo Tay)သည် ၁၈၆၂ ခုတွင် ထားဝယ်စုရပ်၌ နေထိုင်ခဲ့သည်။

Written by – အံ့ကျော်

Similar Articles

Leave a Reply

Top