ဗိုလ်ချုပ်အမည်ဖြင့် တံတားအမည်မပေးဘဲ နိုင်ငံသုံးငွေစက္ကူတွင်သာ ဗိုလ်ချုပ်ရုပ်ပုံ ထည့်သွင်းသင့်ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဆို

မော်လမြိုင်၊ မတ် ၂ ။ ။ မွန်ပြည်နယ်ရှိ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခြင်းကို လက်မခံနိုင်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါသည့် ငွေစက္ကူများ ပြန်လည်ရရှိရေး အဆိုတင်သွင်းမည်ဆိုပါက ထောက်ခံမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

ပြည်သူ့လွှတ်တော်တွင် ယင်းအဆိုတင်တွင်းမှုနှင့် ပတ်သက်၍ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၌ မတ်လ ၂ ရက်က ချောင်းဆုံးဒေသခံ မွန်တိုင်းရင်းသားများနှင့် လူမှုအဖွဲ့အစည်းများပါဝင်သော လူဦးရေ ၃၀ဝ၀ ဝန်ကျင်ရှိ ဆန္ဒပြပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်းကို ချစ်တယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းပါတဲ့ ပိုက်ဆံတွေ ဒီကနေ့ အဆိုတင်သွင်းလိုက်ပါ အောင်နိုင်ဦး ထောက်ခံတယ်။ ဒီကနေ့ မိကွန်းချမ်းသာ ဗိုလ်ချုပ်အောင်ဆန်းပါတဲ့ ငွေစက္ကူတွေ ပြန်လည်ရရှိရေး အဆိုကို တင်သွင်းမယ်ဆိုရင် ကျွန်တော်တို့ ထောက်ခံမယ်။ ဗိုလ်ချုပ်အောင်ဆန်း ငွေစက္ကူ ရရှိရေး ဒို့အရေး”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောဆိုခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ရှိနေမည်ဆိုပါက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် အမြန်ထွက်ရှိရေး အဆိုကို တင်သွင်းသွားမည်ဖြစ်ကြောင်းနှင့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင် ရှိနေသည့် လွှတ်တော်အမတ်များက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် အမြန်ထွက်ရှိရေးအဆိုကို တင်သွင်းမည်ဆိုပါက ထောက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“တစ်သက်လုံး ဗိုလ်ချုပ်မွေးနေ့ဖြစ်ဖြစ် ဗိုလ်ချုပ်ကျဆုံးတဲ့ ဇူလိုင် ၁၉ ဖြစ်ဖြစ် ကျုပ်တို့ ရင်ထဲကနေ အလေပြုခဲ့တာ၊ ရုပ်ဝတ္ထုတွေ နာမည်တွေထက် ကျွန်တော်တို့ ရင်ထဲက လေစားတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကို တံတားနေရာမှာ ထိုးပြီးတော့ တံတားကို ကျွန်တော်တို့ တက်နင်းဖို့ အဆင့်ထိတော့ လက်မခံနိုင်ဘူး”ဟု ဒေါက်တာအောင်နိုင်ဦးက ချောင်းဆုံဒေသများကို ယင်းဆန္ဒပြပွဲတွင် ပြောဆိုခဲ့သည်။

မော်လမြိုင်-ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားသည့် တံတားကို ဒေသခံဌာနေ တိုင်းရင်းသားများ၏ သဘောထားကို ရယူခြင်းမရှိဘဲ “ဗိုလ်ချုပ်အောင်ဆန်း တံတား”ဟု အမည်ပေးရန် အဆိုတင်သွင်းထားမှုကို ပြည်သူ့လွှတ်တော်မှ ပြန်လည်ရုပ်သိမ်းပေးပါရန် အလေးအနက်တိုက်တွန်းကြောင်း ချောင်းဆုံမြို့နယ် ဒေသခံပြည်သူများက မတ် ၂ ရက်တွင် သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ကြသည်။

ဒေသခံဌာနေ တိုင်းရင်းသား ပြည်သူတို့၏ သဘောထားဆန္ဒကို လေးစားသောအားဖြင့် တံတားအမည်ကို မွန်သမိုင်းကြောင်း မွန်ဒေသနှင့် ဆီလျော်ကိုက်ညီမည့် အမည်နာမတစ်ခုကို သတ်မှတ် မှည့်ခေါ်ပေးပါရန် သဘောထားဆန္ဒ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြောချင်တာကတော့ ကျွန်တော်တို့ ချောင်းဆုံဒေသခံတွေရဲ့ သဘောဆန္ဒကတော့ မူလအစပြုခဲ့တဲ့ သံလွင်တံတား (ချောင်းဆုံ) နာမည်နဲ့ အဆုံးသတ်စေချင်တယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးမင်းတင်ညွှန့်က ပြောသည်။

Written by – ရွှေရိုး

Similar Articles

Leave a Reply

Top