နွမ်းပျပျခန္ဓာကိုယ်နှင့် ပန်းလျလျအိပ်မက်များ

ခန္ဓာကိုယ်တစ်ခုလုံး အညိုကွက်နှင့် အမဲကွက်များ စွဲကပ်နေပြီး ခြေချောင်းနှင့် လက်ချောင်းများက တစ်ဆစ်မှ မကျန်အောင် တုံးတိတိ၊ နားရွက်နှစ်ဖက်မှာလည်း တစ်ဝက်တစ်ပျက်သာ ကျန်ရှိတော့သည့် အသက် ၆၁ နှစ်ခန့် ရှိပြီဖြစ်သည့် အမျိုးသမီးကြီးတစ်ဦးမှာ ကုဠနူနာရောဂါဟု ပါဠိဘာသာတွင်ခေါ်ဝေါ်သည့် အနာကြီးရောဂါကို သက်လတ်ပိုင်း အရွယ်ကပင် စတင်ခံစားခဲ့ရသူ ဖြစ်သည်။

အပေါက်နှစ်ပေါက်သာ ထင်ထင်ရှားရှားပေါ်တော့သည့် ပြားချပ်ချပ်နှာခေါင်းပေါက်တို့မှ ထွက်ကျလာသည့် အရည်များကို တုံးတိဖြစ်နေသည့် လက်များဖြင့် သပ်ချလိုက်ကာ “သိပ်ပြင်းပါတယ်ဆိုတဲ့ ဂျပိုးဖြန်းဆေးကို သောက်လိုက်တာတောင်မှ မသေဘူး၊ ကိုယ်က အရမ်းသေချင်နေတာ၊ ကံက ဒီထက်ဆိုးဆိုးရွားရွား ရောဂါတွေကို ခံစားစေချင်လို့ပဲလားမပြောတတ်ပါဘူး၊ အခုထက်ထိကို အသက်ရှင်နေတယ်”ဟု ပြောပါတယ်။

ထိုရောဂါကြောင့် ဘဝသက်တမ်း၏ သုံးပုံနှစ်ပုံခန့်ကို ၎င်းချစ်သော သားသမီးသုံးယောက်နှင့် ဝါသနာပါလှသော စာသင်သည့် အလုပ်တို့ကို စွန့်လွှတ်ကာ အိမ်အခန်းနှင့် ဆေးရုံအခန်းများအတွင်း၌သာ ပုန်းလျှိူးကွယ်လျှိုးဖြင့် အချိန်ကို ငြီးငွေ့စွာ ကုန်လွန်ခဲ့ရသည်။

“ကိုယ့်ကိုကိုယ် တစ်အား သိမ်ငယ်တာပေါ့၊ သူတို့က ကိုယ့်ကိုနုတ်ဆက်တယ်ဆိုရင်တောင်မှ ကိုယ်က မဆက်ဆံရဲ၊ မဆက်ဆံချင်တော့ဘူးလေ၊ လူတော မတိုးတော့ဘူးပေါ့၊ ကိုယ့်စိတ်က ကိုယ့်ကို ပြန်ခြောက်နေသလို ခံစားပြီးနေခဲ့ရတယ်”ဟု တောင်ဝိုင်း အထူးအရေပြားဆေးရုံတွင် နှစ်ရှည်လများ ဆေးကုသမှု ခံယူနေသည့် ၎င်းခံစားခဲ့ရပုံကို ပြောပြခဲ့သည်။

၎င်းကဲ့သို့ အနာကြီးရောဂါ ခံစားနေရသဖြင့် ဘဝကိုသိမ်ငယ်ချို့တဲ့စွာ ဖြတ်သန်းနေရပြီး ပတ်ဝန်းကျင်မှ လူများ၏ ရွံရှာစက်ဆုပ်ဖွယ်အရာတစ်ခုအဖြစ် လူအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခံရခြင်းတို့ကြောင့် လူတောမတိုးဝံ့ပဲ မိမိ၏ ဘဝကို ဆေးရုံနှင့် လူမနေသည့် ဇရပ်၊ ဇနပုဒ်၊ လူသေကောင်မြှုပ်ရာ သင်္ချိုင်းတို့တွင် သီးခြားကမ္ဘာငယ်လေးအဖြစ် ရုန်းကန်နေကြရသော ရောဂါသည်ပေါင်း မြောက်မြားစွာ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ရှိနေကြဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အနာကြီး ရောဂါသည် ၃ဝဝဝ နီးပါးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ ခရစ်ယာန်သာသနာ အနာကြီးရောဂါလုပ်ငန်း၏ လုပ်ငန်းတည်ရှိရာ နေရာအပေါ် အခြေခံသော ၂၀၁၂ ခုနှစ် စစ်တမ်းများအရ ရောဂါသည် ပါဝင်သော အိမ်ထောင်စုပေါင်း ၂၀၉၆ စုရှိပြီး၊ ၉၄၉၆ ဦးရှိရာ အသက် ၆၀နှင့် အထက် လူနာဟောင်း အမျိုးသား ၂၃၈ ဦးနှင့်၊ အမျိုးသမီး ၂၃၇ ဦးရှိကာ တစ်နှစ်လျှင် လူဦးရေ တစ်ရာနီးပါးခန့် ကူးစက်မှုဖြစ်ပွားနေသည်။
သို့သော်လည်း စစ်တမ်းများအရ တစ်နှစ်လျှင် ၂၀ဝ၀ မှ ၃၀ဝ၀ အကြား အသစ်ကူးစက်မှုများရှိနေပြီး လူနာများအား ပတ်ဝန်းကျင်မှ ဖယ်ကြဉ်ထားသည့် ခွဲခြားဆက်ဆံမှုများလည်း ဆက်လက်ရှိနေဆဲဖြစ်သည်။

အနာကြီးရောဂါဆိုသည်မှာ ကူးစက်တတ်သော နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး Mycobacterium Leprae ဟု ခေါ်သော အနာကြီးရောဂါပိုး ဝင်ရောက်ခြင်းကြောင့် အနာကြီးရောဂါ ဖြစ်ရသည်ဟု ဆရာဝန်များက ဆိုကြသည်။

ဆေးကုသခံယူနေခြင်းမရှိသော လူနာများထံမှ အခြားသူများသို့ အသက်ရှူလမ်းကြောင်းနှင့် အရေပြားတို့မှ တစ်ဆင့် ကူးစက်တတ်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ၂၀ဝ၈ ခုနှစ် အနာကြီးရောဂါ တိုက်ဖျက်ရေးလုပ်ငန်း လက်စွဲစာအုပ်တွင် ဖော်ပြထားသည်။

အနာကြီးရောဂါ အမျိုးအစားမှာ အစိုနှင့် အခြောက်ဟူ၍ နှစ်ခုရှိပြီး အဆိုရောဂါမှာ အများပြည်သူတို့ တွေ့မြင်နေကြရသည့် ပုံစံများဖြစ်ကြသည့်အတိုင်း အနာရည်တရွဲရွဲနှင့် နားရွက်၊ လက်နှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း ပဲ့ကြွေပျက်စီးပြီး တုံးတိဖြစ်နေကြသောလူများဖြစ်ကြောင်း တောင်ဝိုင်းအထူးအရေပြားဆေးရုံအုပ် ဒေါက်တာချမ်းလွင်က ရှင်းပြသည်။

“အနာကြီးရောဂါက ကူးစက်တဲ့ ရောဂါဖြစ်တယ်၊ အသက်ရှူလမ်းကြောင်းကနေ ကူးစက်နိုင်တယ်၊ ရောဂါရှိတဲ့လူနဲ့ လက်ပွန်းတစ်တီး နေတယ်ဆိုလို့ရှိရင် ကူးစက်နိုင်ခြေရှိတယ်၊ လူတိုင်းကူးစက်သလား ဆိုတော့လည်း မကူးစက်ဘူး၊ တစ်ရာမှာ အယောက်သုံးဆယ်လောက် ရောဂါပိုး ကူးစက်ခံလိုက်ရတယ် ဆိုပေမယ့် နောက်နှစ်ပတ်သုံးပတ်လောက်အတွင်း ကိ်ုယ်ခံအားက ပြန်ပြီးတော့ တိုက်ထုတ်နိုင်တဲ့အတွက် လူတိုင်းမဖြစ်ဘူး၊ ခြောက်ယောက်လောက်ကတော့ ဖြစ်သွားတယ်ပေါ့”ဟု ဒေါက်တာချမ်းလွင်က အနာကြီးရောဂါကူးစက်ပုံကိုပြောပြသည်။

အနာကြီးရောဂါသည် အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်ပွားနိုင်သည့်ရောဂါဖြစ်ပြီး ပျမ်းမျှသုံးနှစ်မှ ငါးနှစ်အထိ ရောဂါပျိုးကာ အဓိအားဖြင့် အရေပြား နာ့ဗ်ကြောများ၊ အသက်ရှူ လေပြွန်အထက်ပိုင်း၊ အသက်ရှူလမ်းကြောင်းကိုလည်းကောင်း၊ မျက်စိကို လည်းကောင်း ထိခိုက်ပျက်စီးစေသည့် ရောဂါဖြစ်သည်ဟုလည်း သမားတော်များက ဆိုကြသည်။

“လက်သန်းတွေ ကြွေကျတယ်၊ ခြေသန်းတွေကျတယ်၊လက်တွေ ခြေတွေ ကအကြောတွေ သေကုန်တယ်၊ တစ်ခုခုထိခိုက်လို့ အနာတွေဖြစ်မယ်ဆိုရင် မပျောက်တော့ဘူး၊ဒီအနာတွေက တဖြည်းဖြည်းဆွေးပြီးတော့ ကျွန်တော့်ရဲ့အရိုးတွေ ကြွက်သားတွေကို စားသွားတော့တာပါပဲ”ဟု လွန်ခဲ့သော ငါးနှစ်မှစ၍ အနာကြီးရောဂါကို ခံစားခဲ့ရပြီး မော်လမြိုင်မြို့ရှိ တောင်ဝိုင်းအထူးအရေပြားဆေးရုံတွင် ခွဲစိတ်မှုခံယူထားတစ်ဦးဖြစ်သည့် ဦးနိုင်စိုး (အမည်လွှဲ) က ဆိုသည်။

၎င်းနှင့်အတူ ဆေးကုနေသည့် မော်လမြိုင်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို အထူးပြု သင်ယူနေသော တတိယနှစ် ကျောင်းသား တစ်ဦးဖြစ်သူတစ်ဦးကလည်း “ကျွန်တော်ကျတော့ နားမှာပြည်ဖုလိုမျိုး အသီးလေးတွေ ပေါက်လာတယ်၊ ခြေထောက်တွေ ပါးတွေရောင်လာတယ်၊ မျက်နှာတွေ ဖောင်းကားလာတယ်၊ လူတွေက ဘာဖြစ်တာလဲ မေးတာများတော့ လူတွေနဲ့ စကားပြောချင်စိတ်တောင် မရှိတော့ဘူးဗျာ”ဟူ၍ မချင့်မရဲ ဆိုလာပြန်သည်။

ထို့ပြင် အနာကြီးရောဂါသက်သာ၍ နေအိမ်သို့ပြန်လျှင် မိသားစုနှင့် အသိုင်းအဝိုင်းများက မိမိအား ကြည်ကြည်ဖြူဖြူ လက်ခံနိုင်ပါ့မလားဟူသည့် သံသယစိတ်ကြောင့်လည်း ယင်းလူငယ်မှာ ညဘက်အတော်များများ အိပ်ရေးပျက်ခဲ့ရလေသည်။

“ဟိုဘဝမှာ သူများတွေကို မတော်မတရားအနိုင်ကျင့်ခဲ့လို့ မဟုတ်တာတွေလုပ်ခဲ့လို့ ဒီဘဝမှာ တစ်လှည့်ပြန်ပြီး ခံစားရတယ်လို့ ဆိုပြီးတော့ပဲ တရားနဲ့ ပြန်ဖြေလိုက်ရတော့တယ်”ဟု ၎င်းက မိမိကိုယ်ကိုဖြေသိမ့်ရပုံကို ပြောပြသည်။

ထိုသို့ ခံစားနေရသော်လည်း မိမိကိုယ်ကို စိတ်ထောင်းကိုယ်ကြေ မဖြစ်စေပဲ တစ်နေ့ရောဂါပျောက်ကင်းပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ရမည်ဟု သန္နိဋ္ဌာန်ဖြင့် ဆရာဝန်များ၏ လမ်းညွှန်ချက်အတိုင်း ဆေးထိုး ဆေးသောက်ခြင်းတို့ကို ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း အနာကြီးရောဂါ ကုသရေးကို အရှေ့ပိုင်းရှမ်းပြည် (တာချီလိတ်) အနာကြီး သာသနာလုပ်ငန်း၊ မက်သဒဒ်အသင်း တော် (အထက်မြန်မာပြည်) နံ့သာမြိုင် အနာကြီး သာသနာလုပ်ငန်း၊ ကျိုင်းတုံ (နောင်ကန်) အနာကြီးရိပ်သာ၊ လွိုင်လင် (ဟိုခိုက်) အနာကြီးရိပ်သာ၊ သရက် စိန်ထရေဇာ အနာကြီးရိပ်သာ၊ မရမ်းချောင်း နှစ်ခြင်း အနာကြီးရောဂါ သာသနာလုပ်ငန်း၊ မင်းဘူး၊ ပုသိမ်နှင့် လက်ပံတန်း အနာကြီးရောဂါ သာသနာ လုပ်ငန်းတို့က အဓိက ဆောင်ရွက်နေပြီး မော်လမြိုင် တောင်ဝိုင်း အထူးအရေပြားဆေးရုံမှာလည်း ၎င်းတို့အထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

တောင်ဝိုင်း အထူးအရေပြားဆေးရုံတွင် တက်ရောက်ကုသနေသည့် အနာကြီးရောဂါသည် ၇ဝ ခန့်ရှိပြီး ဆေးရုံတွင် မှတ်ပုံတင်ထားသော လူနာဦးရေ နှစ်ထောင်ဝန်းကျင်ခန့်ကိုလည်း ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည်။ အများစုမှာ မွန်၊ ကရင်၊ ပဲခူးတိုင်းတို့မှ ဖြစ်ကြပြီး အခြားပြည်နယ်နှင့် တိုင်းများမှ လာရောက်ကုသနေသူများလည်း ရှိသည်။

“ရောဂါသည်တွေ့ပြီဆိုရင် သူ့အရေပြားခြစ်တယ်၊ ပိုးရှိမရှိ စစ်ဆေးတယ်၊ သူတို့ရဲ့ အာရုံကြောတွေ ထုံတာကျဉ်တာ ရှိသလားဆိုတာ ကြည့်တယ်၊ ခြေထောက်တွေလက်တွေ ထုံနေတယ်ဆိုရင်လည်း ထုံနေတဲ့ခြေထောက်တွေလက်တွေကိုလည်း ဆေးထည့်တန်သင့်ထည့်ပေးရတယ်၊ ခြေထောက်တွေက ပုံမမှန်ဘူးဆိုရင်ဒါကိုခွဲစိတ်ကုသပေးတယ်” ဟု ၎င်းက အနာကြီးရောဂါသည်တစ်ယောက်အား တင်ကုသပုံကို ရှင်းပြသည်။

များသောအားဖြင့် ဆေးရုံတွင် လာရောက်ကုသသည့် အနာကြီးရောဂါသည် သုံးပုံတစ်ပုံခန့်မှာ ကိုယ်လက်အင်္ဂါ ပျက်ယွင်းပြီးမှ ရောက်လာကြသူများဖြစ်ကြောင်း ဒေါက်တာချမ်းလွင်က ဆိုသည်။

ပုံမှန်အားဖြင့် အနာကြီးရောဂါသည်တစ်ယောက်၏ ခန္ဓာကိုယ်အားစစ်ဆေးစဉ် ထုံသည့် အကွက်အရေအတွက် ငါးကွက်အောက်၌ရှိသည်ဟုတွေ့လျှင် ခြောက်လခန့် ဆေးသောက်စေပြီး ငါးကွက်အထက်ကျော်ပါက ရောဂါအနေအထားအရ ဆေးရုံမှပေးသည့်ဆေးများကို အနည်းဆုံးတစ်နှစ်မှ လေး၊ ငါးနှစ်ခန့် ဆွဲသောက်စေရသည်။
ထိုသို့ ဆေးသောက်ခြင်းအားဖြင့် ၎င်းတို့ အရေပြားပေါ်တွင်ရှိနေသော ရောဂါပိုးများအား တစ်နှစ်လျှင် တစ်ကောင်နှုန်းဖြင့် ပိုးသေအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပြီး ထိုပိုးသေများကို ခန္ဓာကိုယ်အတွင်းရှိ ခုခံအားစနစ်က တိုက်ထုတ်မည်ဖြစ်ရာ ၎င်း၏ဒဏ်ကြောင့် အာရုံကြောများယောင်လာခြင်း၊ အကွက်များ ယောင်လာခြင်းတို့ကို ခံစားရမည်ဖြစ်သည်။

“အရင်တုန်းကဆိုရင် မျက်စိ၊ လက်၊ ခြေထောက်၊ အကုန်ပျက်စီးသွားတာ၊ အခု မျက်စိရော လက်၊ ခြေထောက်က အနာတွေ အကုန်လုံး ခွဲပြီးပြီ၊ ပျက်စီးနေတဲ့ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ပြန်ပြင်နေတယ်၊တဖြည်းဖြည်းကောင်းလာမယ်လို့မျှော်လင့်ရတာပဲ” ဟု ဦးနိုင်စိုးက ၎င်း၏ ငါးနှစ်တာ ကုသမှုရလာဒ်များကို ပြောပြသည်။

အနာကြီးရောဂါသည် ၉၅ ရာခိုင်နှုန်းခန့်မှာ ဆေးရုံမှပေးသည့်ဆေးကို နေ့စဉ်မပျက်မကွက်သောက်လေ့ရှိကြပြီး အချို့ရောဂါရှင်များမှာ မိမိကိုယ်ကိုမထူးဇာတ်ခင်း၍ ဆေးဆက်မသောက်သည့် သူများလည်းရှိသည်။

အနာကြီး ရောဂါသည်များအနေဖြင့် မိမိ၏ စိတ်ဓါတ်ကို အကျမခံပဲ ဒီရောဂါမျိုးပျောက်ကို ပျောက်ရမည်ဟု နှလုံးမူပြီး ဆေးသောက်ခြင်းကို ဆရာဝန်ညွှန်ကြားသည့် အတိုင်းလိုက်နာဖို့ လိုအပ်ကြောင်း အနာကြီးရောဂါရှင် ဦးထွန်းဝေကလည်း မိမိနှင့်ဘဝတူများကို တိုက်တွန်းသည်။

အနာကြီး ရောဂါသည်များက လူများထဲမှ လူပင်ဖြစ်ရာ ၎င်းတို့ အကောင်အထည်ဖော်ချင်သည့် စိတ်ကူး အိပ်မက်များ၊ အလုပ်အကိုင်များလည်း ကိုယ်စီရှိနေကြသလို အချို့ကလည်း စိတ်ကူးထဲတွင်ပင် မိမိကိုယ်ကို ခြောက်လှန့်ကာ မဝံ့မရဲ တွန့်ဆုတ်နေကြသည်။

မှတ်တမ်းများအရ အနာကြီးရောဂါသည် သုံးသိန်းတွင် ကိုးသောင်းသော အရေအတွက်သာ ကိုယ်အင်္ဂါ ပျက်ယွင်းသွားကြပြီး ဆေးသောက်ပြီးသည့် လူနာအများစုမှာ ပုံမှန်အားဖြင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နိုင်ကြသူများလည်း ရှိနေသလို အချို့တစ်ဝက်မှာ သိမ်ငယ်စိတ်ကြောင့်သော်လည်းကောင်း မိမိ၏ပျက်ယွင်းသွားသည့် ကိုယ်အင်္ဂါကြောင့်သော်လည်းကောင်း ဘဝရပ်တည်ရေးအတွက် အလုပ်ရရှိရန် ခက်ခဲသွားကြသည်။

“ငါကောင်းသွားရင် ရှေ့ဆက် ဘာလုပ်ရမလဲဆိုတဲ့ ဒီမေးခွန်းကိုကျွန်တော်လည်း သိချင်နေတာ၊ လူတွေနဲ့ ဘယ်လို ပြန်နေရဖို့ ကိုယ့်ကို ကိုယ်တော်တော်ကြိုးစားရဦးမယ်”ဟု တစ်ကိုယ်လုံး ခွဲစိတ်ထားသည့် ဦးနိုင်စိုးက သက်ပြင်းချရင်း ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ အနာကြီးရောဂါစွဲကပ်စဉ်အချိန်က ၎င်းတို့၏အိပ်မက်ဆိုးများ၊ ပတ်ဝန်းကျင်၏ နှိမ့်ချရှံ႔ချခံခဲ့ရမှုများ အားလျစ်လျူရှူထားကာ သီးခြားကမ္ဘာလေးတစ်ခုတွင်ရှိနေသည့် မိမိ၏အပယ်ခံဘဝကို အသစ်တစ်ဖန်ပြန်စချင်သည့် မျှော်လင့်ချက်များကို ရင်ထဲတွင်မတော့ ကိုင်စွဲထားသည်။

“ဘာမှ ချမ်းသာတာ ဥစ္စာဓနမရှိရင်နေ လူတွေနဲ့အတူနေပြီး စာသင်ရတဲ့ ကျောင်းဆရာလောက်သာ ရရင်တော့ ကျွန်တော့်ဘဝက ပြည့်စုံပါပြီ”ဟု တက္ကသိုလ် တတိယနှစ်ကျောင်းသား လူငယ်လေးက ၎င်း၏ အခန်းဖော်နှင့် မတူသည့် ၎င်း၏ ရင်ထဲက ပြတ်သားသောဆန္ဒကို ထုတ်ဖော်ပြောဆိုလေသည်။

Written by – ဖိုးဝ

Similar Articles

Leave a Reply

Top