စွန့်ပစ်ခံ ရင်ခွင့်မဲ့ ဘဝများ

“ဝေး..အမေတို့ ပြန်လာပြီ” ဟူသော အသံနှင့် အတူ ဟင်းချက်တမ်း ကစားနေကြသည့် အသက်ခြောက်နှစ်မှ ဆယ်နှစ်အရွယ် ကလေးငယ်ခြောက်ဦးမှာ လက်ထဲရှိ ကစားလက်စ ပစ္စည်းများကိုချကာ ခြံဝင်းထဲသို့ ဝင်လာသည့် လိုက်ထရပ်ကားဆီသို့ မြူးထူးစွာဖြင့် အပြေးအလွှား ရောက်ရှိသွားကြသည်။

ကားနောက်ခန်းတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးနှစ်ယောက်ပါလာပြီး တစ်ပတ်စာအတွက် ကြိုတင်စုဆောင်း ဝယ်ယူထားဟန်ရှိသော ဆန်အိတ်များ၊ ကုန်ခြောက်များကြားထဲမှ ညှပ်ပါလာသည့် မုန့်မျိုးစုံကို အနားရောက်လာသည့် ကလေးများက အလုအယက်ဆွဲ နေသောကြောင့် ကလေးများကိုတားရန် ထိုအမျိုးသမီးနှစ်ဦး အလုပ်များသွားသည်။

ကလေးများနှင့် အမျိုးသမီးတို့၏ အသံများကြောင့် အဆောက်အအုံအတွင်း ဆော့ကစားနေကြသော အခြား ကလေးငယ်များပါပင် ခြံဝန်းထဲသို့ ပြေးထွက်လာကြပြီး မိမိတတ်နိုင်သည့် ကုန်ခြောက်ပစ္စည်းများကို မီးဖိုခန်းသို့ မနိုင့်တစ်နိုင်ဖြင့် သယ်ယူသွားကြရာ သယ်စရာကုန်သွားသည့် အတွက် ကလေးငယ်တစ်ယောက်စ နှစ်ယောက်စမှာ ငြူစူလျက်ကျန်ခဲ့ကြပြန်သည်။

စင်စစ်အားဖြင့် အမေ ဟု ခေါ်ပြီး ပြေးထွက်လာကြသည့် ကလေးများမှာ ထိုအမျိုးသမီးများ၏ ရင်မှ လွယ်ဖွား သားသမီးများ မဟုတ်သလို ထိုအမျိုးသမီးများမှာလည်း ကလေးများ၏ မွေးမိခင်များ မဟုတ်ကြပါပေ။

အနှီကလေးငယ်များမှာ ခေတ်အဆက်ဆက် ပြောင်းလဲလာသော လူနေမှုပုံစံ၊ စီးပွားရေးအခက်အခဲနှင့် အခြား အကြောင်း အမျိုးမျိုးကြောင့် မိဘနှစ်ပါး (သို့မဟုတ်) မိသားစု၏ စွန့်ပစ်ခြင်းကို ခံခဲ့ကြရပြီး မိဘမဲ့ဟူသော အမည် နာမကို ခါးသီးစွာဖြင့် ကင်ပွန်းတပ်ခံထားကြရသူများ ဖြစ်ကြလေသည်။

ကလေးငယ်များမှာ မြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့ ကလေးငယ်များကို ပြုစုထိန်းကျောင်းနေသည့် ဂေဟာဌာနများ အနက်မှ တစ်ခုအပါအဝင်ဖြစ်သည့် မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ရှိ ကလေးပြုစုရေး သင်တန်းကျောင်းမှဖြစ်ကြပြီး ထိုဌာနရှိ ရုံးဝန်ထမ်းအမျိုးသမီးများကို မိမိ၏ မိခင်များသဖွယ် တွယ်တာနေကြသူများလည်း ဖြစ်သည်။

“ကလေးတွေအတွက် တွယ်တာစရာက ဒီကဆရာမတွေပဲ ရှိတာလေ၊ ဒီမှာ နေတာကြာတော့လည်း သူတို့ရဲ့ အမေလို ဖြစ်သွားတာပဲ”ဟု ထိုကျောင်း၏ တာဝန်ရှိသူဖြစ်သည့် ဒေါ်တင့်တင့်ဝင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် မိခင်က မွေးကင်းစ ကလေးငယ်များကို စွန့်ပစ်မှု ပုံစံအမျိုးမျိုး ပြုလုပ်နေကြပြီး ဘိုကုန်းရပ် ကလေးပြုစုရေးဌာနရှိ ယင်းကလေးငယ်များမှာလည်း မွန်ပြည်နယ်အရပ်ရပ်ရှိ ဘူတာရုံ၊ ဈေး၊ လမ်းကြို လမ်းကြား၊ အိမ်ကြို အိမ်ကြားများ၌ အဓိက စွန့်ပစ်ခံခဲ့ရသူများနှင့် မိဘ၏ စွန့်ပစ်မှုကြောင့် လမ်းပေါ် လေလွင့်နေခဲ့ကြရသူများ ဖြစ်ကြလေသည်။

“ဒီမှာရှိတဲ့ ကလေးတွေက စွန့်ပစ်ကလေး၊ လမ်းပေါ်က ကလေးတွေဆိုပြီး ရှိတယ်၊ စီးပွားရေး အခက်အခဲ လူမှုရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကလေးတွေလည်း ရှိတယ်၊ ပြီးတော့ ပြည်နယ်လူမှုဝန်ထမ်းရုံးက ပို့လာတဲ့ ကလေးတွေရှိတယ်၊ ဦးစီးဌာနရုံးချုပ်ကနေပြီးတော့ လက်ခံစောင့်ရှောက်ပါဆိုတဲ့ ညွှန်ကြားမှုနဲ့ လက်ခံထားတဲ့ ကလေးတွေလည်းရှိတယ်”ဟု ဒေါ်တင့်တင့်ဝင့်က ပြောပြသည်။

ကလေးငယ်များ စွန့်ပစ်ခံရခြင်း၏ အခြေခံ အကြောင်း တရားများမှာ အချိန်မတိုင်ခင် လွန်လွန်ကျူးကျုး ဖြစ်မိခြင်း၊ မိဘအမည်မခံနိုင်ခြင်း၊ စီးပွားရေး ကျပ်တည်းခြင်းနှင့် မျိုးဆက်ပွား ကျန်းမာရေး အသိပညာ မရှိခြင်းတို့ကြောင့် အများဆုံးဖြစ်ရကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မေတ္တာတရားနှင့် ပညာခေါင်းပါးခြင်းဟူသောနောက်တွင် ဆင်းရဲခြင်းကပါ ကပ်ပါလာပြီး ထိုအဆင့်ကို ကျော်လွန်၍ မွဲတေသည့် အဆင့်ရောက်ကြသည့်အခါ မည်သို့မျှ သည်းခံနိုင်စွမ်း မရှိတော့ဘဲ မိမိမွေးထားသည့် ကလေးကို ပင်စွန့်ပစ်ခြင်းများ ဖြစ်တတ်ကြကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကလည်း ၎င်း၏ အမြင်ကို ပြောပြသည်။

ပြောင်းလဲလာသည့် ခေတ်ကာလ အခြေအနေအရ ၁၀ ကျော်သက်အရွယ်များမှာ အချိန်မတိုင်ခင် နယ်ကျွံမိခြင်းတို့ကြောင့် ပထမအဆင့်အနေဖြင့် ကလေးဖျက်ချခြင်းကို ဆေးခန်းများတွင် တိတ်တဆိတ် ပြုလုပ်တတ်ကြပြီး မရသည့်အခါမှ ဒုတိယအဆင့်အနေဖြင့် မွေးကင်းစအရွယ်တွင် စွန့်ပစ်ခြင်းတို့ ပြုလုပ်တတ်ကြကြောင်း မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြုဆရာမ ဒေါ်မာလာထွန်းက ဆိုသည်။

“ပြီးခဲ့တဲ့ လပိုင်းလောက်က မီးရထားပေါ်က ရလာတဲ့ ကလေးဆိုရင် ကျန်းမာရေးပိုင်းဆိုင်ရာအရ အတော် ချို့တဲ့တာ၊ လမ်းဘေးမှာ တောင်းစားတဲ့ ကလေးအမျိုးအစားတွေထဲကဆိုတော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေလည်း တော်တော်ရှိတယ်”ဟု ဒေါ်တင့်တင့်ဝင့်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

မွန်ပြည်နယ်၏ လက်ရှိအခြေအနေအရ တစ်ဖက်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သူများ၏ သားသမီး အများစုကသာ ဘိုးဘွားများ၏ ပြုစုစောက်ရှောက်မှု မပြုနိုင်သည့် အခက်အခဲနှင့် ငွေရေးကြေးရေး အခက်အခဲများကြောင့် ကလေးပြုစုရေးကျောင်းသို့ လာရောက်ပို့ ဆောင်ထားသူကလည်း မနည်းလှဟု ဆိုသည်။

အသက် ၁၂ နှစ်အောက် ကလေးငယ်တစ်ယောက်ကို စွန့်ပစ်ပါက ထိုကလေးငယ်၏ အုပ်ထိန်းသူကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၁၇ အရ ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပြီး စွန့်ပစ်ခံရသည့် ကလေးငယ် သေဆုံးသွားပါက လူသေမှု၊ လူသတ်မှုဖြင့် စစ်ဆေးဆောင်ရွက်နိုင်ကြောင်း ဥပဒေတွင် အတိအလင်း ဖော်ပြထားသည်။

ထို့အပြင် ကလေးအရှင်မွေးဖွားခြင်းကို တားဆီးရန် အကြံဖြင့်သော်လည်းကောင်း၊ မွေးဖွားပြီးနောက် သေစေရန် အကြံဖြင့်သော်လည်းကောင်း ပြုလုပ်သူများကို တရားဥပဒေအရ ထောင်ဒဏ်ဖြစ်စေ သို့မဟုတ် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး အနိမ့်ဆုံးထောင်ဒဏ် နှစ်နှစ်မှ ၁၀ နှစ်အထိ အပြစ်ပေးနိုင်သည်ဟူ၍လည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကလေးစွန့်ပစ်မှု အရေအတွက်မှာ ၂ဝ၁၁ ခုနှစ်တွင် ခြောက်မှု၊ ၂ဝ၁၂ ခုနှစ်တွင် လေးမှု၊ ၂ဝ၁၃ ခုနှစ်တွင် ကိုးမှု၊ ၂ဝ၁၄ ခုနှစ်တွင် ၁၂ မှုနှင့် ၂ဝ၁၅ ခုနှစ်အတွင်းက အမှုပေါင်း ၂၀ ခန့် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ယင်းမှာ မြန်မာနိုင်ငံအတွင်း ကလေးစွန့်ပစ်မှု တစ်နှစ်ထက် တစ်နှစ် ပို၍တိုးများလာသည့် အဓိပ္ပါယ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ကလေးစွန့်ပစ်မှု ဆယ်မှုခန့်ဖြစ်ပွားလျက်ရှိသည့် အခြေအနေဖြစ်နေသည်။

ဆေးရုံ၌ စွန့်ပစ်သွားသည့် ကလေးငယ်များကိုမူ အသက် (၆) လပြည့်သည့် အချိန်ထိသာ စောက်ရှောက်မှု ပေးနိုင်ပြီး ခြောက်လပြည့်လျှင် သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနရှိ ကလေးပြုစုရေးဌာနသို့ စွန့်ပစ် ကလေး ဖြစ်ကြောင်း သက်သေခံသည့် စာချုပ်စာတမ်းနှင့်တစ်ကွ ပေးအပ်ကြရသည်။

လက်ရှိတွင် ဘိုကုန်းရပ်ရှိ ကလေးပြုစုရေးဌာနက အသက်အငယ်ဆုံး မိဘမဲ့ကလေးငယ်အဖြစ် မွေးကင်းစမှ အကြီးဆုံး ၁၀ နှစ်သားအရွယ်ထိ လက်ခံစောင့်ရှောက်ပေးနေပြီး လက်ရှိတွင် ကျား ၁၃ ဦးနှင့် မ ၁၇ ဦး ကလေးငယ် အယောက် ၃၀ ရှိနေကြောင်း ဒေါ်တင့်တင့်ဝင့်က ဆိုသည်။
မိဘ၏ ရင်ခွင်နှင့် ကင်းကွာနေသည့် ကလေးငယ်များဖြစ်သည့်အတွက် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်ကိုလည်း ကလေးပြုစုရေးဌာနက အထူးဂရုပြုဆောင်ရွက်ကြရသည်။

“အိမ်ကြီးတစ်အိမ်မှာ နေကြတဲ့ မိသားစု တစ်စုလိုပဲ ပြုစုစောင့်ရှောက်တယ်၊ ကိုယ့်သားသမီးက နေမကောင်းရင် ပစ်ထားလို့ရတယ်၊ သူများသားသမီးတွေကိုတော့ ပစ်ထားလို့မရဘူးလေ”ဟုလည်း ၎င်းက ဆိုသေးသည်။

ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် အစာအဟာရကို တစ်နေ့လျှင် ငါးကြိမ်ခန့် ကျွေးမွေးနေပြီး စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးရန်အတွက်ကိုလည်း ဌာနတွင် တာဝန်ကျသည့် ဆရာမ ၁၃ ဦးတို့က တာဝန်ကိုယ်စီခွဲကာ ပြုစုယုယနေကြသည်။

“သမီးဒီမှာနေရတာ ပျော်တယ်၊ အမေကြီးတွေလည်း ဂရုစိုက်ကြတယ်၊ ဟင်းလည်းကောင်းကောင်းစားရတယ်၊ သနပ်ခါးလည်း လိမ်းပေးတယ်၊ သမီးနေမကောင်းရင်လည်း ဆရာဝန်တွေနဲ့ ကုပေးသေးတယ်”ဟု ကလေး ပြုစုရေးဌာနတွင် အသက်အကြီးဆုံးဖြစ်သည့် မရတနာဦးက ပြောသည်။
ရတနာဦးတွင် နှမလေးတစ်ယောက် မောင်အမြွှာနှစ်ယောက်ရှိပြီး ၎င်းသည် ၇ နှစ်သားအရွယ်ကတည်းက မောင်နှမများနှင့်အတူ ကလေးပြုစုရေးဌာနသို့ မိခင်ဖြစ်သူ၏ လာရောက်အပ်နှံခြင်းကို ခံခဲ့ရသူဖြစ်သည်။

ရောက်စက မိခင်ဖြစ်သူ၏ လုပ်ရပ်ကို နားမလည်နိုင်ခဲ့သဖြင့် မိမိအား စွန့်ပစ်ရက်လေခြင်းဟု စိတ်ဆိုးခဲ့ပြီး အချိန်နှင့် အမျှ အားငယ်ခဲ့ရကြောင်း ရတနာဦးက ဆိုသည်။

“လာပို့တဲ့ အချိန်ကစပြီး သမီးကို တစ်ခါမှ လာမတွေ့တော့ဘူးလေ”ဟု ရတနာဦးက တွေဝေစွာရေရွတ်ရင်း ခေါင်းကို အောက်သို့ ငုံ့ချလိုက်သည်။
ယခုအခါတွင်တော့ မရတနာဦးတစ်ယောက် ကလေးပြုစုရေးဌာနအတွင်းရှိ အခြားမိဘမဲ့ အပေါင်း အဖော်များနှင့် ပျော်အောင်နေတတ်နေပြီ။

၎င်းက တတိယတန်း စာမေးပွဲကို ဖြေဆိုထားပြီး မူလတန်းပြီးဆုံးပါက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီး ကလေးသင်တန်းကျောင်းသို့ ပို့ဆောင်ခံရမည်ဖြစ်သလို ၎င်း၏ မောင်ဖြစ်သူများ အရွယ်ရောက်လာပါကလည်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။

အပြစ်မရှိသည့် ကလေးများ စွန့်ပစ်ခံရမှု လျော့ကျရန်မှာ ပြည်သူများသာ မကပဲ အစိုးရကလည်း ပူးပေါင်းပါဝင် လုပ်ဆောင်ရန်လိုကြောင်း ဒေါက်တာအောင်နိုင်ဦးကလည်း တိုက်တွန်းသည်။

“ဒီလိုဖြစ်နိုင်တဲ့ လူမှုအသိုင်းအဝိုင်းနေရာတွေမှာ အသိပညာပိုင်းဆိုင်ရာ ဖြန့်ဝေမှုတွေ ထိထိရောက်ရောက် လုပ်ဖို့လိုတယ်၊ ဒါဆိုရင်တော့ ရေရှည်အတွက် ကောင်းသွားနိုင်တယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

အစိုးရအနေဖြင့် ဆင်းရဲမွဲတေမှု ပြဿနာကို ဖြေရှင်းရန်၊ ဆယ်ကျော်သက် မနူးမနပ်သည့် အရွယ်များကို မျိုးဆက်ပွား အသိပညာပေးခြင်းများ ဆောင်ရွက်ရန်၊ မလိုချင်ပဲ ရလာသည့် ကလေးကိုလည်း တာဝန်ခံပြီး မွေးနိုင်သည့် သူများဖြစ်ရန်နှင့် မမွေးနိုင်ပါက လမ်းပေါ်တွင် စွန့်ပစ်ခြင်းမျိုး ဆက်လက် မပြုလုပ်စေလိုပဲ သက်ဆိုင်ရာ ကလေးပြုစုရေး ဌာနများသို့ လာရောက် ပို့ဆောင်ပေးကြရန်လည်း ဒေါ်တင့်တင့်ဝင့်က မေတ္တာရပ်ခံသည်။

“မိဘတွေကို ပြောချင်တာက ကိုယ်က မွေးပြီးသွားပြီ၊ မကျွေးနိုင်ဘူးဆိုရင်တောင်မှ လူမှုဝန်ထမ်းရုံးတွေ ရှိတယ်၊ အသာတကြည်နဲ့ လာရောက်အပ်နှံ၊ အပြင်မှာ ဒီတိုင်း စွန့်ပစ်သွားတယ်ဆိုရင် ကလေးတစ်ယောက်က ဘာမှ မမြင်ရတဲ့ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရနိုင်တယ်”ဟု ဒေါ်တင့်တင့်ဝင့်က ကလေးအုပ်ထိန်းသူများကို တိုက်တွန်း ပြောဆိုသည်။

ထို့သို့မဟုတ်ပါက ဘာမျှမသိနားမလည်ရှာသည့် ကလေးများအနေဖြင့် ဆေးရုံများ၊ ဂေဟာများ၊ လမ်းများ၊ အမှိုက်ပုံများ၊ ဘုရားများ၊ ဘုန်းကြီးကျောင်းများတွင် ဆက်လက်ပြီး စွန့်ပစ်ခံနေရသည့် သတင်းမျိုးစုံကို ဆက်လက်ကြားနေကြရဦးမည် ဖြစ်သည်။

ကလေးပြုစုရေးဌာနတွင် ပျော်နေပြီဖြစ်သော မရတနာဦးတစ်ယောက်သည်လည်း ရန်ကုန်သို့ မသွားခင် စပ်ကြား မိခင်ဖြစ်သူက ပြန်လာခေါ်မည်လော၊ သို့တည်းမဟုတ် ကံကောင်း ထောက်မစွာဖြင့် ကြုံတောင့် ကြုံခဲအနေဖြင့် မိမိအားမွေးစားမည့်သူ ပေါ်လာမည်လော မပြောတတ်ပါ။ ၎င်းအနေဖြင့်ကား ရွေးချယ်စရာမရှိသည့် ဘဝတွင် ကျင်လည်ဖြတ်သန်းရဦးမည်ပင်။

Written by – ဖိုးဝ

Similar Articles

Leave a Reply

Top