နှစ်လအတွင်း ကျိုက်ထီးရိုးစေတီတော်သို့ နိုင်ငံခြားသားဝင်ရောက်မှုမှ ဇုန်ဝင်ကြေး သိန်း ၁၇၀ဝ ကျော်ရရှိ

မော်လမြိုင်၊ မတ် ။ ။ ကျိုက်ထိုမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန် တစ်ခုဖြစ်သော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ နှစ် လအတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုမှ ဇုန်ဝင်ကြေးအဖြစ် ငွေကျပ် သိန်း ၁၇၀ဝ ကျော် ရရှိထားကြောင်း မွန်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့ နိုင်ငံခြားသားဝင်ရောက်မှု ကောက်ခံရေးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“သိန်း ၁၇၁၁ သိန်းကျော် ရရှိထားပါတယ်၊ စာရင်းကတော့ ဒီ ၂၀၁၇ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ နှစ်လအတွင်း ရရှိထားတဲ့ စာရင်းဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည် ဝင်ရောက်မှုအတွက် ဇုန်ဝင်ကြေးအဖြစ် တစ်ဦးလျှင်ငွေကျပ် ၆၀ဝ၀ ကျပ် ကောက်ခံလျက်ရှိပြီး ဇုန်ဝင်ကြေးများကို မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းထဲသို့ ထည့်သွင်းထားကြောင်း ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“အများဆုံးကတော့ ထိုင်းနိုင်ငံက ဧည့်သည်တွေ လာတာများတယ်၊ တစ်လကို အယောက် ၈၀ဝ၀ နီးပါး လာလေ့ရှိတယ်၊ မိသားစုလိုက် လာကြတာများတယ်၊ တခြား ဒုတိယအများဆုံးကတော့ ပြင်သစ်နိုင်ငံက ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်သို့ နိုင်ငံခြားသားဝင်ရောက်မှု ဇုန်ဝင်ကြေးအဖြစ် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အတွင်း ငွေကျပ်သိန်း ၇၀ဝ၀ နီးပါးရရှိထားပြီး တစ်နှစ်လျှင် နိုင်ငံခြားသား တစ်သိန်းကျော်ခန့် နှစ်စဉ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထီးရိုးစေတီတော်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်မှုမှာ အောက်တိုဘာလမှ မတ်လအထိ အများဆုံး လာရောက်လည်ပတ်ကြကြောင်း သိရသည်။

Written by – ဟိန်းထက်

Similar Articles

Leave a Reply

Top