တင်ဒါပိုလျှံငွေ ၁၅၈ သန်းကျော်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထည့်သွင်းသုံးစွဲထား

မော်လမြိုင်၊ မတ် ၁၆ ။ ။ ၂၀၁၆-၂၀၁၇ ဘတ်ဂျက် ဘဏ္ဍာရေးနှစ်အတွက် တင်ဒါပိုလျှံငွေ ၁၅၈ ဒသမ ၄၇၁ သန်းကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ၂၃၄ ခုအတွက် ထည့်သွင်းသုံးစွဲထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်ထံမှ သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်စည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးမှ ၂၀၁၆-၂၀၁၇ ဘတ်ဂျက်နှစ် ကုန်ဆုံးတော့မည်ဖြစ်၍ တင်ဒါခေါ်ယူခြင်း လုပ်ငန်းများအား မည်သို့အသုံးပြုထားသည်ကို သိရှိလိုကြောင်း မေးမြန်မှုနှင့် ပတ်သက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဦးဝဏ္ဏကျော်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဒါကို ဘာကြောင့် မေးရသလဲဆိုရင် ပွင့်လင်းမြင်သာတဲ့ ပြည်သူ့အစိုးရခေတ်မှာ လူထုက ဒါတွေကို ဘယ်လို အသုံးပြုထားသလဲဆိုတာ သိချင်တဲ့အတွက် ပြည်သူတွေရဲ့ကိုယ်စား လွှတ်တော် ဥက္ကဋ္ဌမှ တဆင့် မေးမြန်းရခြင်းဖြစ်တယ်”ဟု ဦးဇော်ဇော်ထူးက ပြောဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သော ဌာနအဖွဲ့အစည်းများအနေဖြင့် ခွင့်ပြုရန်ပုံငွေများမှ မသုံးစွဲဖြစ်သော အသုံးစရိတ်များအား ညွှန်ကြားချက်ထုတ်၍ ပြန်လည်အပ်နှံစေခဲ့သည်။

ယင်းနောက် အဖွဲ့အစည်း ၁၃ ခုမှ မသုံးစွဲဖြစ်သော အသုံးစရိတ်များမှာ ၁၃၆၁ ဒသမ ဝ၉၃ သန်းရှိခဲ့ပြီး ဌာနလေးခုမှ တင်ဒါပိုလျှံငွေကျပ် ၁၅၈ ဒသမ ၄၇၁ သန်း ပါဝင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဝဏ္ဏကျော်ထံမှ သိရသည်။

Written by – ဟိန်းထက်

Similar Articles

Leave a Reply

Top