ဗိုလ်ချုပ်အောင်ဆန်းတံတားဟု နာမည်ပေးခြင်းကို ဂုဏ်ယူရမည့်အပြင် ငြင်းခုန်စရာလုံးဝမရှိဟု မွန်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ မတ် ၁၅ ။ ။ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်ကို ချိတ်ဆက်ဖောက်လုပ်ထားသည့် တံတားကြီးအား ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးခြင်းအပေါ် ဒေသခံများအနေဖြင့် ဂုဏ်ယူရမည်ဖြစ်ပြီး ယင်းအပေါ် ငြင်းခုပ်စရာ လုံးဝမရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“ဒါက ရှင်းရှင်းပြောရလို့ ရှိရင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတာဖြစ်တဲ့အတွက် ဒါကို ငြင်းခုံနေစရာအကြောင်း လုံးဝ မရှိဘူး၊ ဗိုလ်ချုပ်အောင်ဆန်းနာမည်တပ်တာကို ရှင်းရှင်းပြောရလို့ရှိရင် ကျွန်တော်တို့က ဂုဏ်ယူရမှာပဲ”ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးခြင်းကို ပြဿနာလုပ်နေကြခြင်းမှာ သူ၏ သမိုင်းနှင့် ပတ်သက်ပြီး နှစ်ပေါင်း ၅၀ နီးပါး ဖျောက်ဖျက်ခံခဲ့ရသည့်အတွက် နောင်လာနောက်သားတို့က ဗိုလ်ချုပ်အကြောင်းကို သေချာမသိဘဲ ရောယောင်ပြီး သွေးထိုးခံနေကြရခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒါက ဆိုးမွေးခံနေကြရတာ၊ ဆိုးမွေကို ဖွနေကြတာ၊ ဗိုလ်ချုပ်အောင်ဆန်း ဘာတွေလုပ်ခဲ့လဲဆိုတာ သေချာ သိရအောင် သမိုင်းကိုဖတ်ကြပါ။ လေ့လာကြပါလို့ပဲ ပြောချင်ပါတယ်၊ သမိုင်းကိုသိရင် မအတော့ဘူး၊ သူများညာတာ မခံရတော့ဘူးပေါ့ဗျာ”ဟု ဒေါက်တာအေးဇံက ပြောသည်။

အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများကို လုပ်ကိုင်နေသည့် နေရာတွင် နိုင်ငံရေးနှင့် လူမျိုးရေးအရ လွှမ်းမိုးရန် ကြိုးပမ်းနေသည့် အခြေအနေမျိုးဖြစ်ပေါ်လာနိုင်ပြီး တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု ပျက်ပြားစေနိုင်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခြင်းကို မလုပ်ရန် ထောက်ပြခြင်းသာ ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

“ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးတာဟာ တစ်နည်းအားဖြင့် တိုင်းရင်းသားတွေကို အသိအမှတ်ပြုမှု အားနည်းတာ၊ တိုင်းရင်းသားဒေသတွေနဲ့ လိုက်လျောညီထွေတဲ့ အမည်သတ်မှတ်မှုတွေကို အလေး မထားတာတွေက ပါလာတော့ ဒီလုပ်ရပ်ကို ကျွန်တော်တို့က လက်မခံတာပါ”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

NLD ဦးဆောင်သည့် အစိုးရအနေဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်မှုကိုရစေချင်လျှင် စကားအရ၊ စာအရ သာမကပဲ မိမိ၏ လုပ်ရည်ကိုင်ရည် အဆုံးအဖြတ်များသည် တိုင်းရင်းသားများအား နစ်နာမှုမရှိအောင် စဉ်းစား တွေးတောရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြည်သူ့လွှတ်တော်က မော်လမြိုင်-ချောင်းဆုံဆက်သွယ်ပေးမည့် တံတားကို ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးရန် အတည်ပြုလိုက်သည့်အတွက် လူမှုကွန်ယက်စာမျက်နှာများ၊ ဒေသခံမွန်တိုင်းရင်းသားများအကြား ဝေဖန် ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်။

Written by – ဖိုးဝ

Similar Articles

Leave a Reply

Top