မရမ်းချောင်စစ်ဆေးရေးဂိတ်မှ မဖြတ်သန်းသည့် ကုန်တင်ယာဉ်ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးမည်

ကျိုက်ထို၊ မတ် ၁၀ ။ ။ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းမှုမရှိဘဲ ကြားပေါက်လမ်းများမှ သွားလာနေသည့် ကုန်တင်ယာဉ်များကို မွန်ပြည်နယ်ရှိ အကောက်ခွန်ဌာန၊ ရဲတပ်ဖွဲ့၊ လဝက အစရှိသည့် ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်း၍ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားအင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ဘာကားတွေလဲတော့ မသိဘူး၊ ရွာခံကားတော့ မဟုတ်ဘဲ အချိန်မတော် ဖြတ်သွားနေတာကို ပြည်သူတွေရဲ့ သတင်းပေးချက်အရ သိရတယ်၊ ဘယ်လို စီမံရမယ်ဆိုတာ မြို့နယ်ကို တင်ပြထားတယ်၊ အကြောင်းတော့ မပြန်သေးဘူး၊ ကြားပေါက် တောလမ်းတွေထဲမှာ ဖြတ်ကောက်ရင်တော့ မသိဘူး၊ ကျွန်တော်တို့တွေ့ရင် ပြန်လှည့်ခိုင်းတယ်”ဟု စွပ္ပနူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ပြောသည်။

ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်အချို့မှာ သတ်မှတ်ထားသော ယာဉ်လမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာခြင်းမရှိဘဲ ညအချိန်မတော် ကျေးရွာလမ်းကြားများမှတစ်ဆင့် သွားလာနေသဖြင့် ကျေးရွာရှိ လမ်းများပျက်စီးကာ ကားသံဆူညံမှုများ ဖြစ်ပေါ်နေကြောင်း မုပ္ပလင်ကျေးရွာဒေသခံများက ဆိုသည်။

“ဖမ်းတယ်ဆိုရင် ဂိတ်ကဖမ်းပါ၊ မဖမ်းရင်လွှတ်ပေးပေါ့၊ အခုတော့ လမ်းကြားထိပ်ကနေ ရဲတွေ၊ ပြည်သူ့ စစ်တွေနဲ့ ထိုင်ပြီး ကောက်နေတာ မုပ္ပလင် ရာဇာမင်းဆီဆိ်ုင်အကျော် စွပ္ပနူးလမ်းဆုံမှာ စောင့်နေတာ တွေ့တယ်”ဟု ကျေးရွာဒေသခံများက ပြောဆိုသည်။

ကျေးရွာများသို့ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုနှင့် ပတ်သက်ပြီး အကောက်ခွန်ဦးစီးဌာနမှ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများအား တွေ့ဆုံ၍ ၎င်းကျေးရွာများ အတွင်းမှ တရားမဝင် ကုန်စည်တင်ယာဉ်များ ဖြတ်သန်းသွားလာမှု မရှိစေရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဘိုဘိုဦးက ရှင်းပြသည်။

“အရင်တုန်းက ရှောင်ကွင်းလမ်းရှိပေမယ့် အခုချိန် ဖြတ်လို့ မရပါဘူး၊ ဟိုအရှေ့ဘက်မှာလည်း မုပ္ပလင်က (Mobile Tean) စစ်ဆေးရေးဂိတ်ရှိတယ်၊ ဘယ်ကမှ မလွှတ်ဘူး”ဟု ရဲမှူးကြီးဘိုဘိုဦးက ပြောသည်။

မရမ်းချောင် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခြင်းမပြုဘဲ ကုန်စည်တင်ယာဉ်များ ဖြတ်သန်းနေသည်ဟုဆိုသော ကျေးရွာများသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ မဲဆန္ဒနယ်မြေဖြစ်သည် မွန်ပြည်နယ်အတွင်းရှိ လောင်းကစား၊ မူးယစ်ဆေးဝါးအစရှိသည့် ပြဿနာများနှင့် ဌာနဆိုင်ရာများမှ အကျင့်ပျက်ခြစားမှုများကို ထိထိ ရောက်ရောက် စုံစမ်းအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၃ ရက်က မွန်ပြည်အစိုးရအဖွဲ့ရုံးတွင် ပြည်သူလူထု၊ ဌာနဆိုင်များနှင့် တွေ့ဆုံပွဲ၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ဖြင့် ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ဌာနဆိုင်ရာအဖွဲ့စုံ ပူးပေါင်းပြီး တရားမဝင်ကုန်စည်ယာဉ်များကို မတ် ၁ ရက်က စတင်ကာ စစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Written by – ခေတ်မင်း၊ ရွှေစင်

Similar Articles

Leave a Reply

Top