အသက် ၇၀ ကျော် အဖွားအိုတစ်ဦး ကျိုက်ထီးရိုးတွင် ခါးပိုက်နှိုက်၍ ဖမ်းဆီးခံရ

မော်လမြိုင်၊ မတ်လ ၁၃ ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်တွင် အသက် ၇၀ ကျော် အရွယ် ရှိနေပြီးဖြစ်သော အဖွားအိုတစ်ဦးသည် ခါးပိုက်နှိုက်မှုပြုလုပ်ခဲ့သဖြင့် မတ် ၁၁ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း ကျိုက်ထီးရိုးရင်ပြင်တော်ရဲကင်းစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဒေါင်းလေးကွေ့ကျေးရွာမှ ဘုရားဖူးလာရောက်သာ မဇင်မာဝင်းသည် ဘုရားဖူးပြီး သမီးငယ် စုသဇင်ဝင်းအား ပခုံးပေါ်သိပ်၍ ရင်ပြင်တော်မှပြန်လာစဉ် ရွှေနန်းကျင်နတ်နန်းအနီးရှိ တည်းခိုဆောင် အရှေ့အရောက်၌ မစုသဇင်ဝင်း၏ လက်ဝတ် ရတနာများကို အနောက်မှ လိုက်ပါလာသော အသက် ၇၅ နှစ်အရွယ် ဒေါ်သိန်းထွေးက ဖြုတ်ယူခဲ့ကြောင်း ၎င်းက ဆိုပြောသည်။

သမီးငယ် စုသဇင်ဝင်း၏ ဝဲဘက်လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော အလေးချိန် တစ်မတ်သားရှိသည့် ရွှေလက်ကောက် (စပရိန်) ကွင်းကို ဖြုတ်ယူ၍ ကျော်တက်သွားသည်ကို မိခင်ဖြစ်သူက မြင်သွားသဖြင့် ပတ်ဝန်းကျင်ရှိ လူများအား အော်ဟစ် အကူအညီတောင်းခံရာ ရင်ပြင်တော်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဈေးသည်များမှ လိုက်လံဖမ်းဆီးရာ ရွှေနန်းကျင်နတ်နန်းအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဖွားကြီးက ကျိုက်ထီးရိုးက မဟုတ်ဘူး၊ သူလည်း ဘုရားဖူးလာတာ တစ်ယောက်တည်း၊ ဘုရားက ပြန်ဆင်းရင်း ကလေးအမေရဲ့ ပခုံးပေါ်မှာ အိပ်ပျော်နေတဲ့ ကလေးဆီက လက်ကောက်ကို ချွတ်ယူတာ ယူပြီးတဲ့ အချိန်မှာ ကလေးအမေက ပြန်တောင်းသေးတယ်၊ မပေးဘဲ ထွက်ပြေးသွားတဲ့အခါမှ အကူအညီတောင်းလို့ လိုက်ဖမ်းရင်း မိတာပေါ့”ဟု အဆိုပါ ရင်ပြင်တော်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အမှတ် (၉) ရပ်ကွက်၊ သန်လျင်မြို့နယ်နေသူ ဒေါ်သိန်းထွေးကို စစ်ဆေးရာ ကလေးငယ်ဆီမှ စပရိန် လက်ကောက်နှင့် အတူ ၁၂ ပဲရည်ခန့် လော့ကတ်သီးပါ ဆွဲကြိုး၊ ၁၂ ပဲရည်ခန့် ရွှေလက်ကောက် နှစ်ကွင်း၊ ၁၂ ပဲရည်ခန့် ကျောက်ဖြူရွှေနားကပ်တစ်ရံ၊ ၁၄ ပဲရည်ခန့် ရွှေလက်စွပ်တစ်ကွင်း၊ RADO တံဆိပ်ပါ နာရီတစ်လုံး၊ တစ်မတ်သားခန့် ပွတ်လုံးရွှေလက်ကောက် တစ်ကွင်းတို့ကို တွေ့ရှိခဲ့ကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် ရဲကင်းစခန်း မှတ်တမ်းတွင် ပါရှိသည်။

ရွှေထည်ပစ္စည်းများ လက်ဝယ်တွေ့ရှိခဲ့သူ ဒေါ်သိန်းထွေးကို ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ (ပ) ၆၁ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၉ (နှိုက်) ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ယင်းနယ်မြေရဲစခန်းမှ သိရသည်။

Written by – ဟိန်းထက်

Similar Articles

Leave a Reply

Top