၈ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့်သည့် အမျိုးသားနှစ်ဦးကို ထားဝယ်ခရိုင်တရားရုံမှ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်အမိန့်ကျ

ထားဝယ်၊ မတ် ၁၀ ။ ။ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့မှ အသက် ၈ နှစ် အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သော အမျိုးသားနှစ်ဦးကို မတ် ၇ ရက်က ရာဇသတ်ကြီးပုဒ်မ – ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်စီ ကျခံစေရန် ထားဝယ်ခရိုင်တရားရုံးမှ အမိန့်ချမှတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မူခင်းမှတ်တမ်းအရ သိရသည်။

ယင်းမိန်းကလေးငယ်မှာ ဆီးသွားမရ၍ မိန်းမကိုယ်မှ သွေးထွက်နေကြောင်းပြော၍ မေးမြန်းရာမှ ပထွေးဖြစ်သူ ဦးဇော်ဝင်းမှ ယခင်နှစ်မှစ၍ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်ကြောင်းကို ၈ နှစ်အရွယ် မိန်းကလေးငယ်က ၎င်း၏ ဦးလေးဖြစ်သူ ဦးဝင်းတင်ကို ပြောပြခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့၏ မူခင်းမှတ်တမ်းအရ သိရသည်။

ထို့အပြင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်တွင်လည်း ယင်းကလေးငယ်သည် ဘုန်ကြီးကျောင်း၌ ယဉ်ကျေးမှု သင်တန်း တက်နေစဉ် ဆီးသွားချင်၍ ကျောင်းနောက်သို့ တစ်ဦးတည်းသွားရာ ကိုအောင်ဘိုငြိမ်းမှ လှမ်းခေါ်ပြီး ပါးစပ်ပိတ်၍ အကြိမ်ကြိမ် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း တရားလိုတိုင်တန်းသူ ဦးဝင်းတင်၏ ပြောပြချက်အရ သိရှိရကြောင်း အဆိုပါ မူခင်းမှတ်တမ်းတွင် ရေးသားထားသည်။

တရားလိုဖြစ်သူ ဦးဝင်းတင်မှ အထက်ပါ အမျိုးသား နှစ်ဦးကို အရေးယူပေးရန် ရေဖြူမြို့မရဲစခန်းသို့ စက်တင်ဘာ ၁၆ ရက်က တိုင်တန်းခဲ့ရာ ယင်းရဲစခန်းမှ ဦးဇော်ဝင်းကို (ပ) ၄၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် လည်းကောင်း၊ ကိုအောင်ဘိုငြိမ်းကို (ပ) ၅၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ လည်းကောင်း အမှုဖွင့်၍ တရားရုံးသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတ်တမ်းတွင် ပါရှိသည်။

၈ နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်သူ အမျိုးသားနှစ်ဦးကို ထားဝယ်ခရိုင်တရားရုံးသို့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် စွဲချက်အမှတ် ၇၃/၂၀၁၆ နှင့် စွဲချက် ၇၄/၂၀၁၆ တို့ဖြင့် တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။

Written by – တင့်လွင်

Similar Articles

Leave a Reply

Top