ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာမူလတန်းကျောင်းပိုင်မြေတွင် ကျူးကျော်နေထိုင်ဆောက်လုပ်ထားသောနေအိမ်အားပညာရေးဌာနမှ ယနေ့တိုင်မဖယ်ရှားနိုင်သေးကြောင်းကညှော်ကျေးရွာဒေသခံများမှသိရသည်။

ka-nyaw

ကညှော်ကျောင်းရွာမူလတန်းကျောင်းပိုင်မြေသည်မြေစာရင်းပုံစံ ၁၀၅ အရ၊ကညှော်ကျေးရွာကွင်းအမှတ် ၆၃၃၊ ကွင်းအမည် ကညှော်ကွင်းဦးပိုင်အမှတ် ၄၀/၃၊ဧရိယာ ၁ဒသမ၃၇ ဧကရှိကြောင်း၊ မြေပုံနှင့်စာရင်းတွင် ကညှော်ကျောင်းရွာမူလတန်းကျောင်းဟုသာ မှတ်တမ်တင်ထားကြောင်းချောင်းဆုံမြို့နယ်မြေစာရင်းဌာနမှတာဝန်ရှိသူများကပြောသည်။

အဆိုပါ ကျောင်းဝင်းအတွင်းကျူးကျော်နေအိမ်ဆောက်လုပ်သူဒေါ်မြဌေးမိသားစုတို့အားအမြန်ဆုံးတရားစွဲဆိုရန်မွန်ပြည်နယ်ပညာရေးမှူးရုံးမှ မေလ ၅ ရက်နေ့တွင်ညွှန်ကြားထားကြောင်း၊ ကညှော်ကျောင်းရွာမူလတန်းကျောင်းအုပ်ဆရာမကြီးဒေါ်ခင်လေးမြင့်အားကျူးကျော်နေထိုင်သူကိုတရားစွဲဆိုနိုင်ရေးတာဝန်ပေးအပ်ထားကြောင်းချောင်းဆုံမြို့နယ်ပညာရေးမှူးဦးပြည်အောင်ကဆိုသည်။

ယနေ့တိုင်တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်းနှင့်တရားစွဲဆိုနိုင်ရေးဥပဒေအရာရှိများကိုညှိနှိုင်းနေကြောင်းသာကညှော်ကျောင်းရွာမူလတန်းကျောင်းအုပ်ကြီးဒေါ်ခင်လေးမြင့်မှတင်ပြနေ၍ထပ်မံသတိပေးသွားမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောသည်။

ယခုအပတ်အတွင်း၌ ကျောင်းဝင်းအတွင်း ကျူးကျော်နေအိမ်ဆောက်လုပ်သူဒေါ်မြဌေးမိသားစုဝင်များမှချောင်းဆုံမြို့နယ်မြေစာရင်းဌာနနှင့် ကညှော်ကျေးရွာအုပ်ချုပ်ရေးမှူးတို့တွင်၎င်းတို့နေထိုင်ကြောင်းထောက်ခံချက်များလာရောက်ရေးထိုးစေကြောင်းကညှော်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအာကာကျော်ကဆိုသည်။

ကညှော်ကျေးရွာမူလတန်းကျောင်းပိုင်မြေတွင် ကျူးကျော်နေအိမ်ဆောက်လုပ်နေခြင်းသည်ရွာသူရွာသားနှင့်မြေအလှူရှင်တို့အားမျက်ကွယ်ပြုနေကြောင်းနှင့် ကျေးရွာအနာဂတ်ကိုမျှော်မှန်း၍ကညှော်ကျေးရွာမှ ရွာသားအများစုက ဖယ်ရှားစေလိုကြောင်းဒေသခံများထံမှသိရသည်။

Leave a Reply