Advertisements

ချောင်းဆုံ ၊ ဇန်နဝါရီ

ချောင်းဆုံမြို့နယ် ၊ကညှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမတန်းနှင့် အဋ္ဌမတန်းကျောင်းသား ၁၅ ဦးတို့ ယခုလ ၁၂ ရက်က ကျောင်းသားစုံညီပွဲတော်နေ့တွင် အရက်သေစာသောက်စားမိ၍ ကျောင်းတက်ခွင့်မရှိ၊ အပြစ်ပေးထားခဲ့ရာမှ ဇန်နဝါရီ ၂၂တွင်ကျောင်းပြန်တက်ခွင့်ပြုလိုက်ကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်လှက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ခရိုင်ပညာရေးမှူး ဒေါ်သန်းအေးက “ဆရာမတွေကလည်း ဆရာမနဲ့တူရမယ် ။ကျောင်းသားကလည်း ကျောင်းသားနဲ့တူရမယ် ။သူ့စည်းကမ်းနဲ့သူရှိ တယ် ။စည်းကမ်းလိုက်နာကြဖို့လိုတယ် ။ ကလေးတွေက နောင်အရက်သေစာမသောက်စားမိဖို့ ၊ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်မယ့်၊ လိမ္မာတဲ့၊ ထူးချွှန်ထက်မြက်တဲ့ ကလေးတွေဖြစ်လာဖို့ ၊အရည်အသွေးပြည့်ဝတဲ့ ကလေးတွေဖြစ်ဖို့ လိုတယ်။ အခု ကလေးတွေကို ဒီနေ့ ၁နာရီကစပြီး ကျောင်းပြန်တက်ခွင့်ပေးလိုက်ပြီဖြစ်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံမှာ ကျောင်းထွက်နှုန်းအများဆုံးနိုင်ငံဖြစ်၍ ကျောင်းမထွက်စေလိုကြောင်း၊ ကျောင်းသားမိဘများကလည်း နောက်နောင် ယခုကဲ့သို့ အရက်သေစာသောက်စားမှုမျိုး မဖြစ်စေရန် ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ၎င်းက တိုက်တွန်းသည်။

“အရက်သေစာရောင်းချတဲ့လူတွေကလည်းကလေးတွေကိုမရောင်းဖို့၊ မိဘတွေကလည်းကလေးတွေကိုမဝယ်ခိုင်းမိဖို့၊ တာဝန်ရှိသူတွေကလည်းဝိုင်းဝန်းကူညီပေးဖို့ လိုတယ်”ဟု မြို့နယ်ပညာရေးမှူး ဦးခင်လှက အကြံပြုသည်။

ခရိုင်ပညာရေးမှူး ၊ မြို့နယ်ပညာရေးမှူး ၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီး၊ ရပ်မိရပ်ဖ၊ ကျောင်းသားမိဘများ ဆွေးနွေးပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ကလေးငယ်များ ကျောင်းတက်ခွင့်ပြန်လည်ရရှိခဲ့ကြောင်း ကျောင်းသား မိဘများက ပြောသည် ။

“ကလေးတွေကလည်း လူငယ်သဘာဝအရ စူးစမ်းချင်တယ် ။ တစ်ကြိမ်ကနေ နှစ်ကြိမ်မဖြစ်ဖို့ လိုတယ် ။ ဆရာမကြီးကလည်း အခု ၁၅ ယောက်အရက်သောက်ရင် နောင်တစ်ကျောင်းလုံးမဖြစ်စေဖို့ စိုးရိမ်ပြီး အပြစ်ပေးခဲ့ခြင်းဖြစ်တဲ့အတွက် နောင်အခုလိုဖြစ်စဉ်တွေ မဖြစ်ဖို့ ဂရုစိုက်ရမှာဖြစ်တယ်”ဟု မြို့နယ်ပညာရေးမှူးက ဆိုသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply