Advertisements

မော်လမြိုင်၊ အောက်တိုဘာ

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ သာယာကုန်း ဘုန်းကြီးကျောင်း ကထိန်အလှူတွင် သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ပြီး အသံကျယ်လောင်စွာ ဖွင့်လှစ်ခဲ့သော ဆောင်းဘောက် လုပ်ငန်းရှင် ကိုး ဦးကို ပေါင်မြို့မ ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆောင်းဘောက် လုပ်ငန်းရှင် ကိုးဦးကို အောက်တိုဘာ ၃၀ ရက်တွင် အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က တရားလို ပြုလုပ်၍ တိုင်ကြားမှုကြောင့် ရပ်ကျေး ဥပဒေ ပုဒ်မ ၂၇ အရ အမှုဖွင့် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“လောလောဆယ်မှာတော့ ဆောင်းဘောက် လုပ်ငန်းရှင် ခုနစ်ဦးကို တရားရုံးတင်လိုက်ပြီ။ နှစ်ဦးက မလာသေးလို့ ဆက်ရန် ရှိသေးတယ်။ တရားရုံးက ချက်ချင်းအမိန့်ချဖို့ ရှိတယ်”ဟု ၎င်းက ဆိုသည်။

ရပ်ကျေး ဥပဒေအရ ဆောင်းဘောက်များ ဖွင့်လှစ်သူများသည် ဆောင်းဘောက် နှစ်လုံးနှင့် အသံချဲ့ စက် နှစ် လုံးကိုသာ ခွင့်ပြုပေးထားပြီး၊ ယခု အရေးယူခဲ့သော ဆောင်းဘောက် လုပ်ငန်းရှင်များမှာ ဆောင်းဘောက် လေး လုံးနှင့် အသံချဲ့ စက် လေး လုံးအထိ တပ်ဆင်၍ စီတန်းလှည့်လည်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောသည်။

“ရွာကထိန်ဖြစ်လို့ ကျွန်တော့်ဆီ ခွင့်ပြုချက်တော့ မတင်ထားဘူး။ဒါကို အသံကျယ်လို့ ရွာသား တစ်ဦးက သွားတိုင်တာ။ မြို့နယ် ညွှန်ကြားချက်အရ ရဲတပ်ဖွဲ့နဲ့ သွားဖမ်းခဲ့တာ။ ပြီးတော့ အမှုဖွင့်လိုက်တာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ဆောင်းဘောက် လုပ်ငန်းရှင် ခုနစ်ဦးကို အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင် ပေါင်မြို့နယ် တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေ ၅၀၀၀ ကျပ်စီ ပေးဆောင်ရန် အမိန့်ချခဲ့ပြီး၊ ကျန် နှစ်ဦးကို အောက်တိုဘာ ၃၁ ရက်တွင် တရားရုံး တင်၍ အဆုံးအဖြတ် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ဆောင်းဘောက်နှင့် လော်စပီကာများကို ကားများ၌ တပ်ဆင်ပြီး ရပ်ကွက်၊ကျေးရွာ ဘုရားပွဲနှင့် ရှင်ပြု မင်္ဂလာပွဲများတွင် အဆိုပါ ဆောင်းဘောက်တင်ကားများကို တစ်ရက်လျှင် ကျပ် ၈၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ အထိ ပေး၍ ငှားရမ်းဖွင့်လှစ်မှုများရှိနေကာ၊ ပေါင်မြို့နယ်သည် ဆောင်းဘောက် အများဆုံး ဖွင့်လှစ်သော မြို့နယ် တစ်ခုဖြစ်နေသည်။

ဆောင်းဘောက် ခေါ် အသံချဲ့စက် ဖွင့်သူသည် ရပ်ကျေး ဥပဒေပါ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက ငွေဒဏ် ငါးထောင်ကျပ် (သို့) ခုနစ်ရက်ထက် မပိုသည့် ထောင်ဒဏ်ကျခံရမည် ဖြစ်သော်လည်း ပြစ်ဒဏ် နည်းပါးမှုကြောင့် ဖွင့်လှစ်လိုသည့် အလှူရှင်က ဒဏ်ကြေး လေး ရက်စာကို တစ်ပြိုင်တည်း ပေးဆောင်၍ ဖွင့်လှစ်နိုင်သည့် အနေအထားမျိုးဖြစ်နေကြောင်း သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက မှတ်ချက်ပြု ပြောဆိုထားသည်။

Written by – ဇော်ထိုက်

Advertisements
<

Leave a Reply