စီမံကိန်းချေးငွေ ရယူရန်ကိစ္စ လွှတ်တော်တွင် မတ်တပ်ရပ် ဆန္ဒပြုခြင်းနည်းလမ်းဖြင့် အဆုံးအဖြတ်ရယူနေစဉ်။

ရန်ကုန် ဇူလိုင် ၂၉

နိုင်ငံတကာအဆင့်မီ နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် ဖောက်လုပ်မည့် ပဲခူး – ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်း Second GMS Highway Modernization Project ( Bago-Kyaikto Expressway Project) အတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈သန်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ထံမှ ချေးယူခွင့်ကိစ္စ ပြည်ထောင်စုလွှတ်တော်တွင် ဇူလိုင် ၂၉ ရက်က အတည်ပြုလိုက်သည်။

စီမံကိန်းချေးငွေ ရယူရန်ကိစ္စ လွှတ်တော်တွင် မတ်တပ်ရပ် ဆန္ဒပြုခြင်းနည်းလမ်းဖြင့် အဆုံးအဖြတ်ရယူနေစဉ်။

အာဆီယံ အရှေ့-အနောက် စီးပွားရေးစင်္ကြံ၏ တစိတ်တပိုင်းဖြစ်ကာ ယာဉ်သွားလမ်း လေးလမ်းပါဝင်မည့် ယင်းလမ်းမကြီးစီမံကိန်းအတွက် ချေးငွေကိစ္စအပေါ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ကြသည်။

ယင်းသို့ သဘောမတူညီသူများ ရှိခဲ့သော်လည်း ထောက်ခံသူဦးရေက သာလွန်နေခဲ့သည့်အတွက် လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဆောက်လုပ်ရေး ဒု ဝန်ကြီး ရှင်းလင်းတင်ပြချက်မှ ပါဝါပွိုင့်ဖြင့် တင်ပြနေမှု မြင်ကွင်းတစ်ရပ်။

မကြာတော့မီ၂၀၂၁ ခုနှစ်ကစပြီး ခြောက်နှစ်ကြာ အကောင်အထည်ဖော်ဆောင်မည့် ယင်းစီမံကိန်း၌ ဂျပန်အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (JICA) အကူအညီဖြင့် တည်ဆောက်မယ့် စစ်တောင်းမြစ်ကူးတံတားတစ်စင်းလည်း ပါဝင်နေကြောင်း၊ ပဲခူး-ကျိုက်ထို ခရီးစဉ် သွားလာရန် အချိန် ၅၅ မိနစ်သာ ကြာမြင့်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြောကြားခဲ့သည်။

စီမံကိန်း အကောင်အထည်ပေါ်လာပါက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုလာနိုင်မည်ဖြစ်ကြောင်း ဒု ဝန်ကြီးက ထပ်လောင်းပြောဆိုခဲ့သည်။

စီမံကိန်း ချေးငွေရယူရေးကိစ္စကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ဇူလိုင် ၁၇ အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၂၇ တွင် ကိုယ်စားလှယ် ကိုးဦး ဆွေးနွေးခဲ့သည့်အနက် ခြောက်ဦး ထောက်ခံခဲ့သည်။ တပ်မတော်သားကိုယ်စားလှယ် နှစ်ဦး အပါအဝင် သုံးဦးက အကြံပြု ထောက်ပြဆွေးနွေးခဲ့ကြသည်။ စီမံကိန်းအတွက် အသုံးပြုမည့် ငွေပမာဏမှာ များပြားလွန်းနေကြောင်း၊ သေချာ ပြန်လည်စိစစ်ရန် လိုအပ်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က အကြံပြုဆွေးနွေးသည်။

ချေးငွေရယူရေးကို ဇူလိုင် ၂၉ တွင် လွှတ်တော်၌ မတ်တပ်ရပ် ဆန္ဒပြုသည့် နည်းလမ်းဖြင့် အဆုံးအဖြတ် ရယူခဲ့ရာ တပ်မတော်သားကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်အချို့ ကန့်ကွက်ခဲ့ကြပြီး ကိုယ်စားလှယ် ၃၃၀ ဦးကျော် မတ်တပ်ရပ် ထောက်ခံခဲ့ကြသည်။ အစည်းအဝေး တက်ရောက်သူ ၅၅၂ ဦးတွင် ထောက်ခံသူဦးရေ ထက်ဝက်ကျော်ရှိခဲ့သဖြင့် ချေးငွေရယူရန် အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

အဆိုပါ စီမံကိန်းလမ်းမကြီးမှာ အရှည် ၆၂ ကီလိုမီတာ (၃၉ မိုင်နီးပါး)ရှိမည်ဖြစ်ရာ လမ်းအရှည် ၁ မိုင်လျှင် မြန်မာကျပ်ငွေ ၂၂ ဘီလီယံခန့်ထိ ကုန်ကျမည့်အနေအထားလည်း ဖြစ်ကြောင်း ဒေါ်ယဉ်မင်းလှိုင်က ထည့်သွင်းဆွေးနွေးခဲ့သည်။

ဈေးနှုန်းကြီးမြင့်ရခြင်းမှာ လမ်းပိုင်းတွင် ပါဝင်မည့် တံတားငယ်၊ မြောင်းကူးရေပြွန်များနှင့်တံတားငယ် ၃၅၁ စင်းပါဝင်ခြင်း၊ ကူးပြောင်းလမ်း ၄ခု ပါဝင်ခြင်း၊ လမ်း၏ တာဘောင်အမြင့်မှာ ၄.၅ မီတာမှ ၁၁ မီတာထိမြင့်ခြင်းတို့ကြောင့်ဟု ဆောက်လုပ်ရေး ဒုတိယဝန်ကြီးက လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းခဲ့သည်။

ချေးငွေအတွက် အတိုးနှုန်းများမှာ ဆိုင်းငံ့ကာလ (၈)နှစ်အတွက် ၁ ရာခိုင်နှုန်း၊ ပြန်ဆပ်ကာလ (၂၄) နှစ်အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။

ဟင်္သာ

 

<><><>

 

ပုံစာအညွှန်းများ

ပုံ ၁ နှင့် ၂

စီမံကိန်းချေးငွေ ရယူရန်ကိစ္စ လွှတ်တော်တွင် မတ်တပ်ရပ် ဆန္ဒပြုခြင်းနည်းလမ်းဖြင့် အဆုံးအဖြတ်ရယူနေစဉ်။

ပုံ ၃

ဆောက်လုပ်ရေး ဒု ဝန်ကြီး ရှင်းလင်းတင်ပြချက်မှ ပါဝါပွိုင့်ဖြင့် တင်ပြနေမှု မြင်ကွင်းတစ်ရပ်။

(ဓာတ်ပုံများကို ပြည်ထောင်စုလွှတ်တော် လူမှုကွန်ရက်စာမျက်နှာထက်မှ ရယူထားပါသည်။)

Leave a Reply