ကန့်ကွက်မှုများ ရှိနေသော်လည်း သထုံမြို့မစျေး အဆင့်မြှင့်မှုဆက်လုပ်မည်

မော်လမြိုင်၊ စက်တင်ဘာ

သထုံမြို့မစျေး အဆင့်မြှင့်တင်ရန် ကန့်ကွက်မှုများ ရှိနေသော်လည်း အဆင့်မြှင်တင်ခြင်း လုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် ဟင်္သာမီဒီယာသို့ စက်တင်ဘာ ၇ ရက် တွင် ပြောကြားသည်။

“သူတို့ကန့်ကွက်လည်း ကန့်ကွက်ပေါ့ မြို့နယ်အတွက် ခေတ်နဲ့ညီတဲ့စျေးကို developer တွေခေါ်ပြီး ဆောက်မှာပဲ ပြည်သူတွေအတွက် အကျိုးရှိမယ် ကောင်းမယ်ဆိုရင်တော့ ဆောက်မှာပဲ”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ကန့်ကွက်နေသည့် စျေးသည်များမှာ ဆိုင်ခန်းများကို ခွင့်ပြုချက်မယူဘဲ တစ်ဆင့်ပြန်လည် ရောင်းချထားသူများသာ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ စျေးကို တခြားသူထံ လက်လွှဲလက်ပြောင်း လုပ်၍ မရသည့်အပြင် ယင်းသို့ လုပ်ဆောင်ပါက အစိုးရထံ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်းနှင့် ယခု စျေးမှာ ဟောင်းနွမ်း စုတ်ပြတ်နေခြင်းကြောင့် ပြန်လည် အဆင့်မြှင့်တင်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဦးမင်းကျော်လွင်က ပြောသည်။

ထို စျေးမှာ လက်ရှိစီးပွားရေးအခြေအနေအရ စျေးအဆင့်မြှင့်တင် ရန်မလိုအပ်သေးကြောင်းနှင့် စျေးသူစျေးသား ဆန္ဒမပါဘဲ အဆိုပြုလွှာ ခေါ်ယူခြင်းအတွက် အစိုးရထံ ကန့်ကွက်စာ ပေးပို့ထားကြောင်း ယင်းစျေးမှ ဦးအောင်ကျော်မြင့်က ဆိုသည်။

“ကျွန်တော်တို့စျေးသူစျေးသားတွေအားလုံးနီးပါးက သဘောမတူပါဘူး၊ ဒါကိုလည်း ပြည်နယ်အစိုးရအဖွဲ့ဆီတင်ပြထားတယ်”ဟု၎င်းက ပြောသည်။

သထုံမြို့မ စျေးသည် ၄ ဒသမ ၂၆၈ ဧကကျယ်ဝန်းပြီး စျေးဆိုင် ၁,၁၄၁ ခန်းရှိ၍ စျေးရုံများမှာလည်း ကြံ့ခိုင်ရေး ကောင်းမွန်းနေပြီး လက်ရှိစီးပွားရေး အနေအထား အရ အရောင်း၊ အဝယ်မကောင်း ၍ စျေးဆိုင်ခန်း အလွတ်များစွာရှိ နေကြောင်း စျေးသူ၊ စျေးသားများက ပြောဆိုသည်။

သို့သော်လည်း ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ မော်လမြိုင်မြို့ရှိ ထားဝယ်စုစျေး၊ သထုံမြို့ရှိမြို့မ စျေးနှင့် မုဒုံမြို့ရှိမြို့မစျေးများကို အဆင့်မြှင့်တင်ရန် စိတ်ဝင်စား သည့် မြန်မာနိုင်ငံသားလုပ်ငန်း ရှင်များအားသြဂုတ် ၂၀ ရက်ထုတ်နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် အဆိုပြုလွှာများ ဖိတ်ခေါ်ထားသည်။

Written by သက်ပိုင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.