ပရိသတ်နှင့်အနည်းငယ်အဆက်ပြတ်သွားသော်လည်း ဂီတဖန်တီးမှုအလုပ်များကို ပရိသတ်ရှေ့မရောက်ဘဲ နောက်ကွယ်တွင် ပြုလုပ်နေသေးကြောင်း အဆိုတော်မိုးမိုးက ပြောပြခဲ့သည်။

” ကျွန်တော် အနုပညာအလုပ် လုပ်တဲ့အခါ အေးအေး ချမ်းချမ်းလေးပဲ လုပ်ချင်တဲ့စိတ် တော်တော်များနေတယ်ဗျ။ အဲ့ဒါကြောင့်မို့ ကန့်လန့်ကာ နောက်ကွယ်က ဖန်တီးရတဲ့ အနုပညာ အလုပ်တွေကိုပဲ လုပ်ဖြစ်နေတာပါ။ ပရိသတ်အမြင်မှာတော့ အနုပညာ လှုပ်ရှားမှုတွေ ကျဲသွားတယ်လို့ မြင်မှာပေါ့နော်။ FM တွေနဲ့ ရုပ်သံလိုင်းတွေအတွက် အစီအစဉ်လေးတွေ ကျွန်တော် လုပ်ပေးထားတာ ရှိပါတယ်။ ဒါတွေကတော့ ၂၀၁၈ ခုနှစ်ထဲမှာ ပရိသတ်ရှေ့ကို ရောက်လာတော့မှာပါ။” ဟု မိုးမိုးကပြောသည်။

မိုးမိုးသည် ဂျစ်ပစီ အလွမ်းများဆိုသည့် တေးသီချင်းတစ်ပုဒ်ထွက်ရန်ရှိပြီး EP Album လည်း ၂၀၁၈ အတွင်းထွက်ရှိရန်ရှိကြောင်းသိရသည်။

” ကျွန်တော့်ကို ဆယ်နှစ်ကျော်တိုင် ကျွန်တော့် သီချင်းတွေကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်တော် အဲ့ဒီလိုမျိုး ပျော်စရာ သီချင်းလေးတွေအပြင်၊ တကယ် နှစ်နှစ်ကာကာ စေတနာထားပြီး လုပ်ထားတဲ့ သီချင်းငါးပုဒ် ပါဝင်မယ့် EP Album လေးကိုတော့ ၂၀၁၈ ခုနှစ်ထဲမှာ ထွက်ဖို့ရှိပါတယ်။ ဂျစ်ပစီ အလွမ်းများ သီချင်းကတော့ တစ်သက်လုံးက ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေ ရှိတယ်။ တချို့ သေသွားကြပြီ။ တချို့တွေ အဝေးကြီး ရောက်သွားကြပြီ။ တချို့တွေ ချစ်လျက်နဲ့ ဆက်ရှိနေတဲ့သူတွေရှိသလို၊ အမုန်းနဲ့ လမ်းခွဲကြတဲ့သူတွေ ရှိတယ်။ သူတို့အတွက်ကို ကျွန်တော် ဒီသီချင်းလေးဆိုထားတာပါ။ မုံရွာက ကျွန်တော့်ရဲ့ဆရာတစ်ယောက်ဖြစ်တဲ့ ကိုချစ်တီးက ရေးပေးထားတာပါ။ ” ဟု မိုးမိုးကထပ်မံပြောသည်။

Written by Hinthar Media

Leave a Reply