Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကဗျာဝကမ်းခြေရှိ ဈေးဆိုင်ခန်းများကို စည်ကမ်းစနစ်တကျရှိစေရန် လာမည့် ၂၀၁၈နှစ်ဆန်းပိုင်း၌ ပြန်လည်တည်ဆောက် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ယင်းကမ်းခြေ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုကို က ပြောသည်။

“ကျွန်တော်တို့ ကေ်ာမတီအဖွဲ့ရဲ့ပထမစီမံချက်အနေနဲ့ ဈေးဆိုင်ခန်းတွေကို နေရာစနစ်တကျ ရှိဖို့ တပြေးညီ အရွယ်အစား အားလုံးကို ဆိုင်ခန်းတွေကို အသစ်တည်ဆောက်သွားမယ်။ ပြီးတော့ အမှိုက်စွန့်ပစ်မယ့် နေရာတွေကို ပြုလုပ်သွားမယ်။ လမ်းတွေကိုလည်း ဖောက်လုပ်ဖို့ ပြုပြင်နေတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစီမံချက်ကို လာမည့်၂၀၁၈ ဇန်နဝါရီလတွင် ရေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ရေးဆွဲပြီးစီးပါက မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှတစ်ဆင့်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဖေဖော်ဝါရီလအတွင်း လုပ်ငန်းများကို အကောင်အထည်ဖော်ရန် လျာထားကြောင်း ၎င်းကပြောသည်။

ယင်းနောက် ဒုတိယစီမံချက်အဖြစ် ယာဉ်ရပ်နားရန်နေရာနှင့် အပန်းဖြေဥယျာဉ်ကို ဆက်လက် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ထပ်မံသိရှိရသည်။

ယခင်နှစ်များက ကဗျာဝကမ်းခြေသို့ လာရောက်အပန်းဖြေသူဦးရေမှာ တစ်နေ့လျှင် ပျှမ်းမျှ ၄၀၀ ခန့်ရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်နေ့လျှင် ဦးရေ ၁၀၀ ဝန်းကျင်သာ လာရောက်သည်အထိ လျော့ကျသွားကြောင်း ပင်လယ်စာ ရောင်းချသူ ဒေသခံ ဒေါ်စန္ဒာဝင်းက ဆိုသည်။

“အရင်ကထက် ခရီးသွားတွေ လာရောက်တာနည်းသွားတာ ကမ်းခြေမှာ ဆိုင်တွေ စနစ်တကျမရှိတာရယ်၊ပတ်ဝန်းကျင်သန့်ရှင်းမှု ထိန်းသိမ်းဖို့အားနည်းတာရယ်ကြောင့် ဖြစ်ပါတယ်” ၎င်းကဝေဖန်သည်။

ကဗျာဝကမ်းခြေ၌ လက်ရှိအခြေအနေတွင် စားသောက်ဆိုင်ခန်း၁၇ ခုအပြင် အုန်းရည်အရောင်း၊ ဗော်ယာ၊ စက်ဘီး၊ မြင်း အငှားဆိုင်ခန်း ၂၀ ကျော်ရှိကြောင်း သိရသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply