ကမ္ဘာတလွှား နှစ်သစ်အကြို အလေ့အထများ

ကမ္ဘာတလွှားမှာတော့ နှစ်ဟောင်းကုန်တော့မယ့် ညတွေမှာ အပေါင်းအသင်းတွေ စုပီး ပျော်ပွဲရွှင်ပွဲတွေ လုပ်လေ့ရှိကြပါတယ်။ နိုင်ငံတော်တော်များများရဲ့ ဓလေ့တွေမှာတော့ နောင်နှစ်သစ်မှာ ကောင်းတဲ့လက္ခဏာတွေပဲ ဝင်လာရေးကို ရည်ရွယ်ပြီး နှစ်ဟောင်းကုန်တော့မယ့် တနေ့တာ အချိန်မှာ လုပ်လေ့လုပ်ထရှိတဲ့ အကျင့်လေးတွေရှိနေကြပါတယ်။

အဲဒီ ထူးထူးခြားခြား အလေ့အကျင့်လေးတွေ၊ များသောအားဖြင့် ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ အချိန်လေးတွေဖြတ်သန်းပြိး နောင်လာမယ့်နှစ်သစ်အတွက် ရည်ရွယ်ချက်လေးတွေ ချမှတ်ခြင်း အလေ့အကျင့်လေးတွေဟာ ကလေးငယ်တွေအတွက် လေ့လာသင်ယူဖို့ကောင်းတဲ့ အလေ့အထလေးတွေ ဖြစ်သလို၊ လူကြီးတွေအတွက်လည်း စိတ်ခွန်အားယူတဲ့ အလေ့အထများလည်းဖြစ်တတ်ပါတယ်။

ဂျပန်

မပျော်ရွှင်ရတဲ့ အကြောင်းအရာတွေ ကျေပျက်သွားစေဖို့ ခေါင်းလောင်း၁လုံးကို ၁၀၈ကြိမ်ထိုးခြင်း ဂျပန်မှာရှိတဲ့ ရိုးရာဗုဒ္ဓဘာသာ အလေ့၁ခုရဲ့ အယူအရ ပျော်ရွှင်မှု၁ခုကိုရဖို့ အခက်အခဲ ၁၀၈ခု ကို ကျော်လွှားရပါတယ်။ အဲဒီတော့ နှစ်သစ်ကူးတော့မဲ့ ဒီဇင်ဘာ ၃၁ရက်မှာ ခေါင်းလောင်း၁ခုကို ၁၀၇ကြိမ်တိုင်တိုင် အရင်တီးခတ်ပေးထားပါတယ်၊ ည ၁၂နာရီကို ကျော်ပြီးတာနဲ့ နောက်ဆုံး ၁ကြိမ်ကို ဇန်နဝါရီ ၁ရက်နေ့မှာ ထိုးပေးလိုက်ပါတော့တယ်။ အဲလို ခေါင်းလောင်းထိုးတဲ့အခါမှာလည်း အရင်ထိုးထားတဲ့အကြိမ်တုန်းက ထွက်ခဲ့တဲ့ အသံစဲသွားတဲ့အထိ စောင့်ပေးပြီးမှ နောက်ကလိုက်ထိုးပေးရတာပါ။ ဒီလိုနဲ့ ထွက်သွားတဲ့ အသံတွေက နှစ်ဟောင်းထဲက အခက်အခဲတွေကို ကိုယ်စားပြုပေးထားပြီး နှစ်သစ်ကိုရောက်တာနဲ့ အဲဒီအခက်အခဲတွေဟာ ခေါင်းလောင်းသံနဲ့အတူ လွင့်ပါသွားစေလိုတဲ့ အဓိပ္ပာယ်နဲ့ ပြုကျင့်လာခဲ့တဲ့ အလေ့အထ ၁ခုအဖြစ် မှတ်တမ်းတင်စရာပဲ ဖြစ်ပါတယ်။

အိမ်မှာဘယ်လို ကျင့်သုံးမလဲ

မိသားစု၁ခုလုံး စည်းစည်းရုံးရုံးနဲ့ နှစ်ဟောင်းက ဖြစ်ခဲ့တဲ့ ကြုံခဲ့တဲ့ အကောင်းတဲ့ အဖြစ်အပျက်ကလေးတွေကို ပြန်ပုံဖော်ပြောပြပါ။ ပြီးရင် ခေါင်းလောင်းလေး ၁လုံးကို ကြိမ် တီးခတ်ပေးပြီး အဲဒီအဖြစ်အပျက်ဆိုးလေးတွေကို ခေါင်းလောင်းသံနဲ့အတူ လေထဲမှာပဲ ချေဖျက်လိုက်ပြီး နှစ်သစ်ကို ပေါ့ပေါ့ပါးပါး ကြိုဆိုကြည့်လိုက်ပါတော့။

ကိုလံဘီယာ

နှစ်သစ်မှာ အပျော်ခရီးတွေ ဝေဆာနေဖို့ ခရီးဆောင်အိတ်တွေ ကိုင်ပြိး ဇတ်လမ်းသွားလမ်းလာလုပ်ခြင်း

နှစ်သစ် သန်းခေါင်ထိုးချိန်မှာတော့ တောင်အမေရိကတိုက်မှာရှိတဲ့ ကိုလံဘီယာ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ခရီးဆောင်အိတ်လေးတွေကိုင်ပြီး ဘလော့ခ် ၁ ခုကနေ ၁ခု ကူးလူးပြေးလွှားတဲ့ အထာလေးတွေလုပ်ကြပါတယ်။ အယူအဆလေးကတော့ ဒီလိုလုပ်ခြင်းအားဖြင့် နှစ်သစ်မှာ အပျော်ခရီးတွေ ပေါများလာလိမ့်မယ်ဆိုပြီးတော့ပါ။

အိမ်မှာဘယ်လိုကျင့်သုံးမလဲ

သူငယ်ချင်းတွေစုပြီး ကိုယ်သွားချင်တဲ့၊ စိတ်ကူးထားတဲ့ ခရီးတွေအကြောင်း ပြောကြပါ။ နှစ်သစ်ကူးညမှာ ပျော်ပျော်ပါးပါးစားသောက်ရင်း ဒါက ခရီးသွားမယ့် အထူးအစီအစဉ်တစ်ခု အနေနဲ့ သဘောထားလိုက်ပါ။ ဒါမှမဟုတ်ရင် ခရီးဆောင်အိတ် (အလွတ်ပဲဖြစ်ဖြစ်) သယ်ပြီးတော့ မိသားစုတွေ၊ သူငယ်ချင်းတွေ ဟိုနားဒီနား လျောက်သွားကြပါ။

စပိန်

တစ်နှစ်လုံးကောင်းခြင်းမင်္ဂလာတွေ ရရှိဖို့အတွက် စပျစ်သီး ၁၂လုံး စားကြခြင်း
စပိန်နိုင်ငံရဲ့ အလေ့အထကတော့ နှစ်သစ်ကူးညရဲ့ သန်းခေါင်ယံခေါင်းလောင်းသံ ၁၂ချက်မှာ စပျစ်သီး တစ်လုံးစီ စားကြပြီး ကြိုဆိုကြပါတယ်။ တစ်လကို စပျစ်သီး ၁လုံးနှုန်းနဲ့ ရည်ရွယ်ပြီး ၁၂ လစာ ၁၂လုံးစားကြတာပါ။ ချစ်သူခင်သူတွေအချင်းချင်း နောက်ပြောင်ကျီစယ်ရင်း ရယ်မောရင်းနဲ့ စပျစ်သီးတွေကို ပျော်ပျော်ကြီး စားကြပါတယ်။

အိမ်မှာဘယ်လို ကျင့်သုံးမလဲ

အိမ်မှာလည်း မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စပျစ်သီးတွေ စားရင်း ကုန်ဆုံးကြဖို့က အရမ်းမခက်ခဲပါဘူး။ ဒါကြောင့် နှစ်သစ်ရဲ့ ၁၂လလုံးမှာ ပျော်ရွှင်စရာကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံဖို့အတွက် စပျစ်သီးတွေ စားလိုက်ကြပါစို့။ ကလေးတွေအတွက်ဆိုရင်တော့ စပျစ်သီးတွေကို နည်းနည်းလှီးပြီးမှ ကျွေးဖို့ မမေ့ပါနဲ့။ ပြီးတော့ အစေ့မပါတဲ့အသီးတွေပဲ ရွေးဝယ်ရင် ပိုကောင်းပါတယ်နော်။

Audrey Chann

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.