ကမ္ဘောဇဘဏ်တွင် သေနတ်ပြ ခြိမ်းခြောက်ကာ ငွေလုယက်မှုနှင့် ပတ်သက်၍ သံသယရှိသူများကို စစ်ဆေးနေ

ထားဝယ် ၊ ဖေဖော်ဝါရီ

ယမန်နှစ်က မြိတ်မြို့၊ ကမ္ဘောဇဘဏ် ၊ မီနီဘဏ်(၁)တွင်ဘဏ်အတွင်း ဝင်ရောက်ပြီး သေနတ်ပြ ခြိမ်းခြောက်၍ ငွေလုယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသူကို ဖမ်းဆီးနိုင်ရေးအတွက်သံသယရှိသူများကို စစ်ဆေးလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ရဲမှူးကြီး နေမျိုးက ပြောကြားသည်။

“တရားခံမိအောင် ကြိုးစားပြီး လိုက်နေတယ်။ စစ်နေတယ်” ဟု ရဲမှူးကြီးနေမျိုး ကဆိုသည်။ ကမ္ဘောဘဏ်ကြီးနှင့်ဘဏ်ခွဲတို့မှ ထွက်သွားသူ ၆ ဦး၊ ၇ဦခန့်ရှိပြီး ယင်းတို့အား တစ်ယောက်ချင်းကို ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ရဲမှူးကြီးကပြောသည်။

၂၀၁၇ အောက်တိုဘာ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဘဏ်အတွင်းသို့ လူတစ်ဦးဆိုင်ကယ်စီးဦးထုပ်ဆောင်းကာ ဝင်ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်၍ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရယူနေသူဖောက်သည်တစ်ဦးထံမှ ငွေကျပ်သိန်း၂၇၀ ကို လုယူလျက် ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားသည်ဟုKBZ Bank မှသတင်းထုတ်ပြန်ထားသည်။

ယင်းကမ္ဘောဇဘဏ်မှ မြိတ်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားပြီး CCTV မှတ်တမ်းများကိုလည်း ပေးအပ်ထားသည်ဟုသိရသည်။
ဘဏ်လုံခြုံရေးဝန်ထမ်းများအနေဖြင့် အလုပ်တာဝန်ကို ပိုမိုကြပ်မတ်၍ လုပ်ဆောင်ရန် လိုအပ်ပြီး ဘဏ်သို့ဦးထုပ်ဖြင့် ဝင်ရောက်လာလျှင်လည်းချွတ်ခိုင်းရန် လိုအပ်ကြောင်း ရဲမှူးကြီးက ထောက်ပြ အကြံပြုသည်။

“ဘဏ်ရဲ့ပတ်ဝန်းကျင်မှာ မကောင်းတဲ့သူတွေ ရှိနေနိုင်တာပဲ”ဟု ၎င်းက ဆိုသည်။

ယခု ၂၀၁၈ ဇန္န၀ါရီလ ၂၃ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ မြို့မဈေး ပထမထပ်ရှိကမ္ဘောဇဘဏ်၊ မီနီဘဏ်သို့ လူ၄ ဦး ရုတ်တရက် ဝင်ရောက်လာပြီးဘဏ်အတွင်းရှိ ဝန်ထမ်းများအား အသင့်ယူဆောင်လာသော လက်နက်များဖြင့် ခြိမ်းခြောက်ကာ ဘဏ်မှ ငွေကျပ်
သိန်း ၉၂၀ ကျော်ကို လုယူထွက်ပြေးသွားခဲ့သည်ဟု ယင်း KBZBank မှ သတင်းထုတ်ပြန်ထားသည်။

Written by တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်