Advertisements

ဟနွိုင်း၊ ဖေဖော်ဝါရီ 

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားဧည့်သည်များက ကမ္ဘောဒီးယားနိုင်ငံ၏လူမှု-စီးပွားရေး ဖွံံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ကြီးမားစွာ အထောက်အပံ့ဖြစ်စေကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေး အသိုက်အဝန်း ခေါင်းဆောင်များက သုံးသပ်ခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) နှင့် ခရီးသွားလုပ်ငန်း နှစ်ခုလုံးအတွက် အကြီးဆုံး ရင်းမြစ်ကြီး ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကောင်စီ၏ အစီရင်ခံစာအရ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသည် ၁၉၉၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၀.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၄၃ ဘီလီယံ သို့မဟုတ် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ၂၇ ရာခိုင်နှုန်း ဆွဲဆောင်ထားနိုင်ခဲ့သည်။

ခရီးသွားလုပ်ငန်းဘက်ကို ကြည့်ပါက ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် ၁ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးအတွင်းသို့ အမေရိကန်ဒေါ်လာ ၇၀၀ သန်းဝန်းကျင် ပံ့ပိုးပေးခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဋ္ဌာန သုန်ခွန် (Thong Khon) က ပြောကြားခဲ့သည်။

စိုက်ပျိုးရေး-စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း An Mady Group ၏ ဥက္ကဋ္ဌလည်းဖြစ်သူ Lim Heng က တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက ကမ္ဘောဒီးယားနိုင်ငံရှိ အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်း၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ စိုက်ပျိုးရေး-စက်မှုလုပ်ငန်း၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး အပါအဝင် နယ်ပယ်ပေါင်းစုံ၌ ရင်းနှီးမြှုပ်နှံကြသည်ဟု ဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံသို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံအကြား နိုင်ငံရေးနှင့် စီးပွားရေး ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာလာစေခဲ့ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။

“နှစ်နိုင်ငံ အစိုးရအကြား နီးကပ်စွာ ဆက်ဆံရေးက အင်မတန် အရေးပါတဲ့အတွက် ကမ္ဘောဒီးယားမှာ ရင်းနှီးမြှုပ်နှံရတာကို အလွန်နွေးထွေးမှုရှိတယ်လို့ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေက ခံစားကြရတယ်” ဟု အသင်းဝင် အိမ်ခြံမြေကုမ္ပဏီ ၉၇ ခုရှိသော ကမ္ဘောဒီးယားနိုင်ငံ ရာပြတ်နှင့် အိမ်ခြံမြေအကျိုးဆောင်များအသင်း၏ ဥက္ကဋ္ဌ Kim Heang က ၎င်း၏ ထင်မြင်ချက်အား ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းကုမ္ပဏီ ၂၅၀ အား ကိုယ်စားပြုထားသော ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Chhay Sivlin က တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် ခရီးသွားဧည့်သည်များက ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားစွာ အထောက်အကူဖြစ်စေသည်ဟု ထောက်ပြခဲ့သည်။

၎င်းတို့ ကုမ္ပဏီအနေဖြင့် တရုတ် ကုမ္ပဏီ ၅ ခုနှင့် မိတ်ဖက်ပြုကာ နှစ်နိုင်ငံအကြား အုပ်စုလိုက် ခရီးသွားများအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၌ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူနှင့် ခရီးသွားဧည့်သည် အရင်းအမြစ်ဖြစ်သလို ဦးဆောင် ကုန်သွယ်ဖက် နိုင်ငံ တစ်ခုလည်း ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ အစိုးရ စာရင်းအင်းများအရ နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် ၂၀၁၇ ခုနှစ် ပထမ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံရှိခဲ့ပြီး ၂၀၁၆ ခုနှစ် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးကိုပင် ကျော်တက်သွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများကဲ့သို့သော တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများက ကမ္ဘောဒီးယားဈေးကွက်၌ လူကြိုက်များလျက်ရှိသည်။

Ref: Xinhua

Advertisements
<

Leave a Reply