မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မော်လမြိုင်မြို့၏ အဓိကလမ်းမကြီးများဖြစ်သည့် ကမ်းနားလမ်းနှင့် အထက်လမ်းမကြီးအား ထပ်ပိုးလွှာခင်း ခြင်းကို ၂ဝ၁၆ ခုနှစ် အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဒေါ်သိင်္ဂီအောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

upper-road

“အထက်လမ်းမကြီးက လာမယ့်နှစ်ပတ်အတွင်း ပြီးသွားမယ်၊ ကမ်းနားလမ်းက နိုဝင်ဘာလမှ စတာဖြစ်ပြီးတော့ နှစ်ပိုင်းခွဲလုပ်တာဆိုတော့ နှစ်လအတွင်း အပြီးသတ်လုပ်ရမှာပေါ့”ဟု ၎င်းက ဆိုသည်။

အထက်လမ်းမကြီး ထပ်ပိုးလွှာခင်းခြင်းကို စုစုပေါင်းငွေကျပ် ၂၄၃ သန်းကျော်ဖြင့် သီတင်းကျွတ် လပြည့်ကျော် မှစ၍ အမှတ် (၆) အထက်တန်းကျောင်းမှ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထက်လမ်းမကြီးပြီးလျှင် ဗဟိုလမ်းပိုင်းတစ်လျှောက်ဖြစ်သည့် မြို့တော်ဦးပန်းခြံမှ သိပ္ပံလမ်းထိပ်ထိသို့ ငွေကျပ် ၃၂၆၄ ဒသမ ၁ သိန်း အကုန်အကျခံပြီး ထပ်ပိုးလွှာများ ထပ်မံခင်းခြင်းနှင့် အောက်လမ်းမကြီး တစ်လျှောက် နိုင်လွန်ကတ္တရာများခင်းရန် အစီအစဉ်ရှိကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

ကမ်းနားလမ်းပိုင်းတွင် သိပ္ပံလမ်းဆုံမှ ထားဝယ်တံတားလမ်းပိုင်းနှင့် ဖက်တန်းလမ်းမှ အမှတ်(၄) တံတားလမ်း ပိုင်းဟူ၍ နှစ်ပိုင်းခွဲကာ ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း ငွေကျပ်သိန်း ၁၉၄၈ သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“မော်လမြိုင်မြို့ သာယာလှပဖို့နဲ့ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ဖို့အတွက် ဆောင်ရွက်တာပေါ့၊ လမ်းတွေ ကောင်းသွားတဲ့အခါကျတော့ အများပြည်သူတွေ လုံခြုံစိတ်ချစွာနဲ့ ရောင်းဝယ်သွားလာ အဆင်ပြေသွားမှာ”ဟု ၎င်းက ဆိုသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂ဝ၁၆-၂၀၁၇ ခုနှစ် မူလ ဘတ်ဂျတ်ခွင့်ပြု လျာထားငွေဖြင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

Written by – ဖိုးဝ

Leave a Reply