Advertisements

မော်လမြိုင် နိုဝင်ဘာ

မော်လမြိုင် ကမ်းနားလမ်းရှိ မြေကျွံနေသည့် လမ်းပိုင်းများကို လာမည့်ဇန်နဝါရီလမှစ၍ ပြုပြင်သွားမည်ဟု မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုကပြောသည်။

လက်ရှိ မြေကျွံမှုများ ဖြစ်ပေါ်နေသည့် သိပ္ပံလမ်းထိပ်မှ သံလွင်ဈေးအထိလမ်းပိုင်း၊ ဘိတ်တံတား(ဘုန်းကြီးစားသောက်ဆိုင်)အနီးနှင့် Strand Hotel အနီးတို့တွင် အောက်ခြေမြေထိန်းနံရံကို ပြုပြင်သွားမည်ဟု၎င်းကဆိုသည်။

“အောက်ကမြေထိန်းနံရံက တည်ဆောက်စဉ်က သဲတွေဖြည့်ခဲ့တော့ မလုံဘူး။ မြေပြန်ကျွံနေတော့ အဲဒီလမ်းကို အဆင့်မြှင့်လို့မရဘူး၊ မငြိမ်ဘူးဖြစ်နေတယ်။ ရှိပြီးသား ကျောက်စီနံရံရဲ့ အောက်ခြေကို ပြန်ထိန်းမှာ” ဟု ဦးတင်ကိုကိုကပြောသည်။

မြေကျွံရသည့်အကြောင်းရင်းမှာ ကြွက်များကိုက်ဖောက်၍ အောက်ခြေမြေသားနိမ့်ဆင်းသွားခြင်းနှင့် မြေကြီးစိမ့်ထွက်မှု မရှိစေရန် မြေထိန်းနံရံနှင့် ဖို့မြေကြားတွင် ရွှံ့ဆီကဲ့သို့ ပစ္စည်းများဖြင့် အကာအကွယ် မပြုထားသောကြောင့်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“ဖြစ်နေတာကကြာပြီ။ ကျွံသွားတဲ့နေရာကို မြေပြန်ဖို့လိုက် ပလက်ဖောင်းပြန်ပြင်လိုက် အဲလိုထားထားတော့ ရုတ်တရက် မသိရဘူး။ နှစ်တိုင်းပြန်ဖို့နေရတော့ မဖြစ်ဘူး ဒီတစ်ခေါက် လုပ်မှရမယ်ဆိုပြီး လုပ်ဖို့အတွက် စီစဉ်ထားတာ” ဟု ၎င်းကပြောဆိုသည်။

ပြုပြင်မှုများအတွက် ကျပ် သိန်းပေါင်း ၄၅၂၀ ကျော်ကို ၂၀၁၈-၂၀၁၉ ပြည်နယ်ဘက်ဂျက်တွင် ထည့်သွင်းထားပြီး စည်ပင်သာယာရေးအဖွဲ့မှ မိုးဦးမကျမီ အပြီးဆောင်ရွက်မည်ဟု ၎င်းကပြောသည်။

“ဘက်ဂျက်ကတော့ လျာထားတာပေါ့။ အတိအကျတော့ မှန်းလို့မရသေးဘူး။ တကယ်လုပ်တဲ့အချိန် တူးတဲ့အချိန်မှပဲ သိရမယ်” ဦးတင်ကိုကိုကပြောသည်။

ကမ်းနားလမ်း ပလက်ဖောင်းများ မြေကျွံခြင်း မကြာခဏဖြစ်နေသည်မှာ စတင်တိုးချဲ့ကတည်းက အချိန်ယူ၍ စနစ်တကျ မလုပ်ခဲ့ခြင်းကြောင့် လိုချင်သည့် ကွာလတီအပြည့်မရကြောင်း၊ အနည်းဆုံး ၁ နှစ် သို့မဟုတ် ၁ နှစ်ခွဲခန့် အချိန်ယူသင့်သည်ဟု ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကပြောသည်။

“သက်ဆိုင်ရာ ဌာနတစ်ခုတည်းမလွှတ်ထားသင့်ဘူး။ ဥပမာ စည်ပင်နဲ့ဆိုင်တယ်ဆိုရင် သူ့ဆီက ကျွမ်းကျင်အင်ဂျင်နီယာတွေအပြင်  နိုင်ငံတကာ ပညာရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ပြင်ရင်ရတယ်” ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

မော်လမြိုင်ကမ်းနားလမ်းသည် အရှည် ၂ မိုင်ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အရှည်လျားဆုံးဖြစ်သည်။

စန္ဒာဉာဏ်

Leave a Reply