မော်လမြိုင်၊ စက်တင်ဘာ

၂၀၁၉ – ၂၀၂၀ ငါးဖမ်းရာသီမှစတင်ပြီးကမ်းဝေးငါးဖမ်းလုပ်ငန်း လုပ်ကိုင်ရာတွင် တရားမဝင် ငါးဖမ်းဆီးမှု မဖြစ်ပေါ်စေရေးအတွက် ရေယာဉ်စောင့်ကြည့်ထိန်းသိမ်းရေးစနစ် (VMS) ကို တပ်ဆင်သုံးစွဲသွား မည်ဖြစ်သည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးဌာနမှူး ဦးစိုးမြင့်က ပြောကြားသည်။

ယင်းစံနစ်မှာ နိုင်ငံတကာ တွင်ကျင့်သုံးနေသည့် စနစ်အမျိုးအစားဖြစ်ပြီး ကမ်းဝေးငါးဖမ်းရာတွင် အကူအညီများ တောင်းခံနိုင်သည့်စနစ်လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လှေတစ်စီးသည် သူရဲ့ငါးဖမ်းလုပ်ငန်းကွက်ထဲမှာ ဖမ်းနေသလား၊ ကျော်ပြီးတော့ သွားနေသလား၊ ငါးဖမ်းနယ်မြေကျော်ဖမ်းတာတို့ နောက်တစ်ခါ ကမ်းဝေးငါးဖမ်းက ကမ်းနီးထဲဝင်နေသလားပေါ့ဗျာ၊ ရာသီပိတ်တဲ့အချိန်မှာ ငါးဖမ်းနေသလား၊ ဒါမျိုးတွေပေါ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလိုက်နာစေရန်အတွက် စောင့်ကြည့်ထိန်းချုပ်တဲ့ စနစ်ပေါ့ “ဟု ၎င်းင်းက ဆိုသည်။

နိုင်ငံတကာ နည်းပညာကုမ္ပဏီများ တင်ဒါခေါ်ယူပြီး ယင်းစံနစ်ကို နိုဝင်ဘာလတွင်စတင်မည်ဖြစ်ကြောင်း ဦးစိုးမြင့်က ဆိုသည်။

“ဆော့ဝဲနဲ့ ပတ်သက်တဲ့ တင်ဒါတွေ စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ တင်ဒါတွေ တင်ဒါနည်းစနစ်တွေ ကျန်နေသေးတဲ့အတွက်ကြောင့် စက်တင်ဘာ အောက်တိုဘာကိုဒီအတိုင်းသွားနှစ်လပြီးသွားပြီဆိုလိုရှိရင်တော့ အကုန်တပ်ရမယ်“ဟုဦးစိုးမြင့်က ဆိုသည်။

ကမ်းရိုးတန်းဒေသဖြစ်သည့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း တို့တွင် စောင့်ကြည့်မှုဌာနခွဲများရှိမည်ဖြစ်ပြီး နေပြည်တော်တွင် ဌာနချုပ်အဖြစ် ထားရှိမည်လည်းဖြစ်သည်။

“တန် ၅၀ ယာဉ်တွေကို ပေးတပ်ခိုင်းပြီးတော့မှ တန် ၃၀ ယာဉ်တွေကို နောက်မှ ပေးတပ်ခိုင်းရင် ပိုကောင်းမယ်။ ကျွန်တော်တို့ ငါးဖမ်းရေယာဉ်လေးတွေက ဘောင်တွေကမလုံ ရေလုပ်သားတွေက ဒါတွေကို မကိုင်တတ်ဆိုတော့ အခုက ကမ်းဖွင့်လို့သွားကြပြီး နှစ်လနေပြီးတော့ လာပြန်တပ်ရမယ်ဆိုတော့ နည်းနည်းလေး အခက်အခဲတွေတော့ဖြစ်ကြတာပေါ့ “ဟု ဦးမြင့်စိုးက ဆိုသည်။

မွန်ပြည်နယ်ရှိ ကမ်းဝေး ငါးဖမ်းယာဉ်မှာသံဖြူဇရပ်မှာ ၁၁၉ စီး၊ ချောင်းဆုံမှာ ၆ စီး၊ ရေးမှာ ၁၉၅ စီး စုစုပေါင်း ၃၂၀စီး ရှိကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ရန်လင်းအောင်

Leave a Reply