သတင်းနှင့် မီဒီယာကွန်ရက်

၂၀၁၉ ခုနှစ် သြဂုတ်လ ၂၃ ရက်။

အရပ်သားအစိုးရလက်ထက် နှစ်ဆက်အတွင်း ကယားပြည်နယ်အတွင်း မြေဧက ၅ သောင်း ဝန်းကျင် အသိမ်း ခံထားရပြီး အများစုမှာ တပ်မတော်က သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် ကယားပြည်နယ်အတွင်းက တောင်သူအရေး လုပ်ဆောင်နေသူများက ပြောသည်။

တပ်မတော်၊ အစိုးရဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသခံတောင်သူများ၏ မြေယာများကို သိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု ကရင်နီပြည်တောင်သူသမဂ္ဂ က ပြောသည်။

“သိမ်းထားတယ်ဆိုတာ ပိုပြီးတော့ ပေါ်လွင်လာတယ်ဆိုတာကို Highlight လုပ်ချင်တယ်။ အရင်ကတော့ သိမ်း ထားတယ်။ သိပ်မပေါ်လွင်ဘူးပေါ့၊ နောက်ပိုင်းမှ တောင်သူတွေကလည်း မြေယာအခွင့်ရေးတွေ၊ ဥပဒေတွေပိုပြီး မှ သိလာတယ်။ တောင်သူလယ်သမားအခွင့်ရေးတွေပိုသိလာတဲ့အခါကြတော့ ပြန်သုံးသပ်တဲ့အချိန်ကြတော့ သူတို့မြေယာက သိမ်းထားတာမျိုးဖြစ်လာတယ်” ဟု ကရင်နီပြည်တောင်သူသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ် က ပြော သည်။

“ဧကနဲ့ တွက်ရင် စာရင်းအတိအကျနဲ့ တွက်ရင် ဧက ၅သောင်းလောက် စာရင်းပြုစုထားတယ်။ ၂၀၁၀နောက်ပိုင်းသိမ်းတာလည်း ရှိတယ်။ တပ်တည်ဖို့သိမ်းတာ။ တပ်သိမ်းမြေက ပိုများတယ်။”

လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆိုမြို့နယ်များတွင် မြေယာသိမ်းဆည်းခံရမှု အများဆုံးဖြစ်သည်ဟု ပြောသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေါမူကားကျေးရွာက တောင်သူအချို့ နှင့် ဒီးမော့ဆိုမြို့နယ်ထဲက ဒေါဆိုရှေးကျေးရွာ က တောင်သူ အချို့တို့အား မြေယာကိစ္စနှင့် ပတ်သက်၍ ယခုခါ တပ်မတော်က တရားစွဲထားပြီး အမှုရင်ဆိုင် နေကြရသည်။ သြဂုတ်လ ၅ ရက်နေ့က ဒေါဆိုရှေးတောင်သူများ ရုံးချိန်းတက်ခဲ့ရသည်။

ဒေါဆိုရှေးကျေးရွာက တောင်သူ ကိုမာက “ဘယ်လောက်ထိစိုးရိမ်လဲဆိုတော့ စားဝတ်နေရေးအတွက် တရားစွဲခံရတယ်ဆိုတော့ တော်တော်လေး စိတ်ပူတယ်ပေါ့နော်။ ပြီးတော့ ရှေ့ ဆက် ဘာလုပ်ရမလဲ ဆိုတာ တွေဝေနေတယ်။ စိုးရိမ်တာတော့ အများကြီးပါ။ ဒီဟိုဥစ္စာ တောင်ယာလေးပဲ ရှိတယ်။ တခြား စီးပွားရေး၊ တခြားဝင်ငွေ လည်းမရှိဘူး။ တခြားလယ်ယာလည်းမရှိဘူး။ အဲဒါကြောင့်မို့ ဒီတောင်ယာ လေးကိုပဲ ပြန်လိုချင်တယ်။ သား သမီးတွေ အတွက်ပညာရေး၊ စားဝတ်နေရေး၊ လူမှုရေး၊အကုန်လုံးပဲပေါ့နော်။ ဒီတောင် ယာက ကျမတို့ မိဘပဲ” ဟု ပြောသည်။

ခေတ်အဆက်ဆက် တရားမဝင် သိမ်းဆည်းထားသည့် မြေယာများကို ၂၀၁၀ နောက်ပိုင်း အရပ်သားအစိုးရ လက်ထက်တွင် တရားဝင်ပုံစံ ဖြစ်လာသည့်အတွက် မြေယာသိမ်းဆည်းသူများနှင့် ဒေသခံတောင်သူများကြား တွင် ပဋိပက္ခပိုမိုများပြားလာသည် ဟု ဒေသခံတောင်သူများနှင့် တောင်သူအရေး လုပ်ဆောင်သူများက ပြော သည်။

အထူးသဖြင့် ကယားပြည်နယ်အတွင်း တပ်မတော်နှင့် တောင်သူများကြား ပဋိပက္ခများ ပိုမိုများပြားလာသည်ဟု ကရင်နီပြည်တောင်သူသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ် က ဆက်ပြောသည်။

“တချို့ ရွာတွေဆို ရွာပုန်း၊ ရွာရှောင် IDPs တွေ ဖြစ်ကုန်တယ်။ ဆိုလိုချင်တာက ဧည့်သည်လာနေချင်တာကို အိမ်ရှင်တွေက ပြန်ဖယ်ပေးရတဲ့ သဘောမျိုး ဖြစ်သွားတယ်။ အခုလက်ရှိမှာ မြေယာအငြင်းပွားမှုက ပိုပြီးတော့ ပြင်းထန်လာတယ်။ တောင်သူတွေရဲ့ အသက်ရှင်စားသောက်မှုဆိုတာ ဒီမြေပေါ်မှာ အများကြီးမှီခိုတယ်။ တောင် သူတွေက တောင်ယာမလုပ်ဘဲ ဘယ်ရာလုပ်မလဲပေါ့။ လက်နက်ကိုင်မလားပေါ့။ ဒါက သူတို့ဘဝ သူတို့ နှစ်စဉ် ရှင်သန်မှုပုံစံတိုင်းသွားမှာပဲလေ။ တပ်က သူတပ်ပိုင်မြေပါ။ သူတို့ဧရိယာပါ လာမလုပ်နဲ့ လာလုပ်ရင် တရားစွဲ မယ်ကစဖြစ်လာတော့ တောင်သူတွေက မခံမရပ်နိုင်တော့ အင်အားသုံးတာတွေ ရှိသွားတယ်။”

ကယားပြည်နယ်အတွင်း ဌာနေတိုင်းရင်းသားများ၏ မြေယာများအား သစ်တောကြိုးဝိုင်းအဖြစ် သတ်မှတ်ကာ သိမ်းဆည်းထားသည့်အပြင် တပ်မတော်ကလည်း တပ်နယ်မြေချဲ့ ထွင်ရန်နှင့် တပ်လုံခြုံရေးအရ မြေသိမ်းမှုများ အများဆုံးပြုလုပ်နေသည်ဟု ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ က ပြောသည်။

ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူး က “တပ်သိမ်းမြေကြောင့် ပြည်သူ သုံးပုံပုံတစ်ပုံလောက်က ထိခိုက် နစ်နာကြတဲ့ဟာတွေရှိတယ်ပေါ့နော်။ မြို့တိုင်း လိုလို ကြည့်လိုက်ရင် တပ်သိမ်းမြေက မကင်းဘူး။ တပ်သိမ်းမြေ ကြောင့် ဆုံးရှုံးခဲ့ရတဲ့တောင်သူတွေ၊ ဆုံးရှုံးခဲ့ရတဲ့ လယ်ယာမြေတွေကလည်း မနည်းမနောပေါ့နော်။ အခု အထူး သဖြင့် စားဝတ်နေရေး ပြဿနာ မပြေလည်တဲ့ ကိစ္စတွေပေါ့နော်။ ဆိုတော့ တပ်သိမ်းမြေကကျနော်တို့ ဒေသခံ တွေအတွက် တော်တော်လေးကို ဆိုးရွာတဲ့ မြေသိမ်းမှုတစ်ခုဖြစ်တယ်” ဟု ပြောသည်။

အရပ်သားအစိုးရ နှစ်ဆက်ဖြစ်သည့် သမ္မတဦးသိန်းစိန်လက်ထက်နှင့် လက်ရှိ အမျိုးသားဒီမိုကရေစီ အစိုးရ လက်ထက်၊ ၂၀၁၀ ခုနှစ် နောက်ပိုင်းမှ စတင်၍ ယနေ့အချိန်ထိ မြေယာသိမ်းဆည်းခံရမှု ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

သြဂုတ်လ ၂၀ ရက်နေ့က “ဖက်ဒရယ် မြေအုပ်ချုပ်စီမံမှုသို့ အလှမ်းဝေးနေသေးသည့် နိုင်ငံ၏ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာ” ကို ထုတ်ပြန်ခဲ့ပြီး ဌာနေတိုင်းရင်းသားများ၏ မြေယာများကို သိမ်းယူ ခြင်း၊ ဒေသခံများကို တရားစွဲခြင်းများကြောင့် ဒေသခံများ၏ ဘဝလုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသည့် အတွက် ဖမ်းဆီး အရေးယူ တရားစွဲမှုများကို ရပ်တန့်ပေးရန် တောင်းဆိုထားသည်။

ကယားပြည်နယ်အတွင်းက တောင်သူများသည် တပ်သိမ်းမြေများ ပြန်လည်ရရှိရေး အသံတိတ်ဆန္ဒထုတ်ဖော် ခြင်း၊ ထွန်တုံးတိုက်ပွဲများဆင်နွှဲခြင်း၊ သိမ်းဆည်းခံထားရသည့် မြေများပေါ်တွင် သွားရောက်စိုက်ပျိုးခြင်းများ ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လများတွင် ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။

အဆိုပါတောင်သူများသည် အကျိုးဖျက်ဆီးမှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇၊ ပိုင်နက်ကျူးကျော်မှု (ကျော်နင်းမှု) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇၊ တာဝန်ဝတ္တရားထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန် နိုင် ထက်စီးနင်း ပြုကျင့်မှု ဥပဒေပုဒ်မ ၃၅၃ နှင့် ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆၁ တို့ဖြင့် တရားစွဲဆို ခံထားရသည်။

Leave a Reply