Advertisements

၂၀၁၉ ခုနှစ် မေလ ၁၆ ရက်

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ်နှင့် ပတ်သက်သည့် ကယားပြည်နယ် ဝန်ကြီးချုပ်၏ ရပ်တည်ချက်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေနိုင်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်အချို့က ပြောသည်။

ကယားပြည်နယ်ရှိ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ပြောင်းရွှေ့ပေးရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီလူငယ်များ ဆွေး နွေးနေရာမှ မေလ ၁၄ ရက်နေ့က ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုးက လုံးဝမရွှေ့ပေးနိုင်ကြောင်း၊ ကာကွယ်စောင့် ရှောက်သွားမှာဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ်နေ့များကိုလည်း ထိန်းသိမ်းစောင့်ရှောက် သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲပျက်ကာ နှစ်ဖက်ကြားတင်းမာမှုများ ပေါ်ပေါက်စေခဲ့သည်။

မွန်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “အတင်းအကြပ်လုပ်စေတဲ့ပုံစံမျိုးနဲ့ တိုင်းရင်းသား ဒေသခံတွေရဲ့ တောင်းဆိုချက်ကို လစ်လျူရှုတဲ့ပုံစံတွေဖြစ်လာတယ်။ အဲဒီတော့ဒါက ကျနော်တို့ အမှန်တကယ် လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီတို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ကိစ္စတွေကတော့ ဆက်ပြီးတော့ ဝေးနေဦးမှာပဲလို့ ယူဆတယ်” ဟု ပြောသည်။

ယမန်နေ့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေး ညှိနှိုင်းဖော်ဆောင်ရေး ကော်မတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကလည်း “ဝန်ကြီးချုပ်တစ်ယောက်နေနဲ့ ဒါမျိုးမလုပ်သင့်ဘူးလို့မြင်တယ်။ အစည်းအဝေး ဖျက်လိုက် ရတာပေါ့။ လူငယ်တွေကလည်း ဆက်လက်ပြီးတော့မှ ကန့်ကွက်သွားမယ်လို့ ကြေငြာချက်ထုတ်ထားတာတွေ ရှိတယ်။ ဆိုတော့ ဒီနေရာမှာ မပြီးနိုင်သေးဘူးလို့ နားလည်လိုက်တယ်။ ဒီပြဿနာကို ဒီကလူတွေ အချင်းချင်း ရှင်းခိုင်းရင်တော့ ဒါတစ်သက်လုံးပြီးမှာ မဟုတ်ဘူး၊ ဆိုတော့ ဗဟိုကလာရှင်းပေးမှရမယ်” ဟုပြောသည်။

ကရင်နီလူငယ်များအနေဖြင့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို အခြားသော ပြည်နယ်၊ တိုင်းများသို့ ပြောင်းရွှေ့ရန် တောင်းဆိုခြင်းမဟုတ်ကြောင်း၊ အများပိုင်ဖြစ်နေသည့် နေရာများတွင် မထားရန်သာ တောင်းဆိုနေခြင်းဖြစ် ကြောင်း၊ အဆိုပါတောင်းဆိုချက်ကို သဘောတူလိုက်မည်ဆိုပါက ပြဿနာများ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဦးသဲရယ်က ပြောသည်။

မွန်ပြည်နယ်တွင် မော်လမြိုင်မြို့ နှင့် ချောင်းဆုံမြို့ကို ဆက်သွယ်ထားသည့် တံတားကိုလည်း သံလွင်တံ တား(ချောင်းဆုံ)ဟု အမည်ပေးရန် ဒေသခံများ တောင်းဆိုနေသည့်ကြားက ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပေးပြီး ၂၀၁၇ ခုနှစ် ဧပြီလက ဖွင့်လှစ်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် လက်ရှိ ကယားပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကိစ္စမှာ ရည်ရွယ်ချက် ချင်း တူညီသည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ရည်ရွယ်ချက်ချင်းကတော့ တူတယ်၊ လုပ်ဆောင်ချက်ချင်းက မတူဘူးလို့ ကျနော်ယူဆတယ်။ ရည်ရွယ်ချက်က တော့ သူတို့ရဲ့ အစီအစဉ်တကျလုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ လုပ်ငန်းစဉ်တစ်ခုဆိုတာကတော့ ခန့်မှန်းယူလို့ရတယ်။ လုပ်ငန်းစဉ်အပိုင်းကတော့ လုပ်ပုံကိုင်ပုံကမတူတာကတော့ ကျနော်တို့ဆီမှာ ဖြစ်တဲ့ဖြစ်စဉ်ကတော့ ပြည်သူ့ လွှတ်တော်အထိ အဆိုတွေတင်သွင်းပြီးတော့ အတင်းအကြပ်ကိုင်လုပ်ခဲ့တဲ့ကိစ္စ၊ ဒါကတော့ ပုံစံတစ်မျိုးပေါ့၊ ကရင်နီမှာ ကယားပြည်နယ်မှာဖြစ်တဲ့ကိစ္စကတော့ ဒါကတော့ ပြည်နယ်အစိုးရအဖွဲ့ကို ခေါင်းခံစေပြီး အတင်း အကြပ်လုပ်တဲ့ပုံစံမျိုးဖြစ်တယ်”

အနိုင်ရပါတီက ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုစိုက်ထူခြင်း၊ လမ်းတံတားများ အဆောက်အဦများတွင် ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးခြင်းများ လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသားပြည်သူများ၏ အမှတ်သင်္ကေတများကို ဦးစားပေးခြင်းမရှိသည့်အပြင် မဟာလူမျိုးကြီးဝါဒီကို ကျင့်သုံးနေခြင်းဖြစ်သည်ဟု ကချင်ဒီမိုကရက်တစ်ပါတီ (KDP) က ပြောသည်။

“ကယားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဟာက နမူနာဖြစ်တယ်။ ဒါက NLD ပါတီဟာလည်း မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးနေတယ်လို့ ပြောလို့ရပါတယ်။ ကယားပြည်သူလူထုတစ်ရပ်လုံးက မကြိုက်ဘူးပြောနေတာကို မလုပ်သင့်ပါ ဘူး။ ကချင်မှာလည်း ဖြစ်ခဲ့တာက အလားသဏ္ဍာန်တူပါတယ်။ ကချင်လူထုရဲ့ ကချင်အမျိုးသားတွေရဲ့ သဘော ထား တောင်းခံခြင်းတွေလည်း မရှိခဲ့ဘူး။ သူတို့ရဲ့ အလိုကျအတိုင်းပဲ၊ အနာဂတ်အတွက် အခြေအနေကောင်း မယ့်လမ်းမမြင်ဘူး။ တိုင်းရင်းသားတွေရဲ့ သဘောထား မယူပဲ၊ လစ်လျူရှုပြီးလုပ်မယ်ဆိုရင် ပဋိပက္ခက ပိုပိုကြီး ထွားလာမယ်။ သူတို့ရဲ့ မဟာလူမျိုးကြီးဝါဒအောက်မှာ လက်နက်နဲ့စိုးမိုးပြီးတော့ အုပ်ချုပ်ခံရတာကြောင့်ဖြစ် တယ်။ ဒါကို လုံးဝကျေနပ်မှုမရှိဘူး” ဟု KDP ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့လယ်နာရီအနီးရှိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအား ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက လူထုများမသိပဲ စိုက်ထူခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် မည်သူမည်ဝါမှန်း မသိရသူများက ရုပ်တုရင်ပြင်ကို ရိုက်ချိုးခဲ့ခြင်း၊ ရုပ်တုအား တူဖြင့်ရိုက်ခြင်း၊ ဗိုလ်ချုပ်ရုပ်တုအား သင်္ဘောဆေးရည်များဖြင့် ပက်ခြင်းများ ပြုလုပ်ခဲ့ သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများ၊ ဗိုလ်ချုပ်အောင်ဆန်းနာမည်ဖြင့် အထင်ကရနေရာများအား ခေါ်ဆိုခြင်းများ ထက် ဗိုလ်ချုပ်ထားခဲ့သည့် ပင်လုံကတိကဝတ်များကို အကောင်အထည်ဖော်စေလိုသည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

မေလ ၁၃ ရက်နေ့မှစတင်ကာ လွိုင်ကော်မြို့ ၊ ကန္ဒာဝန်ပြန်းခြံအတွင်းထားရှိသည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီ းကြေးရုပ်အား ရဲတပ်ဖွဲ့မှ လုံခြုံရေးများယူထားကြောင်း၊ ကြေးရုပ်အားလည်း သံဆူးကြိုးများဖြင့် နှစ်ဆတိုး ကာ ထားသည်ဟု ဒေသခံများက ပြောသည်။

ကရင်နီပြည်လူငယ်များအင်အားစုအနေဖြင့် လူထုရဲ့ သဘောဆန္ဒအတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည် ဟု မေလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်

Leave a Reply