Advertisements

ဘားအံ ၊ မတ်လ၂၉

၄၈ ကြိမ်မြောက် ကရင်စာပေ၊ ယဉ်ကျေးမှု ဆရာဖြစ်(နည်းပြ)သင်တန်းကို ကရင်စာပေ၊ ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကရင် ကျောင်းသားများ ရိပ်သာတွင် မတ်လ ၂၈ ရက်မှ စတင်ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ ကရင်ပြည်နယ်အပါအဝင် အခြား ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လူငယ် သင်တန်းသား၊ သင်တန်းသူ ဦးရေ ၇၀၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။

ဧပြီလ ၁၁ရက်နေ့အထိ သင်ကြားပို့ချမည့် အဆိုပါ သင်တန်းသို့ ကရင်ပြည်နယ်တွင်း မြို့နယ်များမှ လူငယ်များအပြင် မွန်ပြည်နယ်နှင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ စသည့် တိုင်းဒေသကြီးများမှ ကရင်တိုင်းရင်းသား ၇၂၃ဦး တို့ တက်ရောက်လျက်ရှိသည်။

ပိုးကရင်နှင့် စကောကရင် စာပေအမျိုးအစား နှစ်ရပ်အပြင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ ဒုံးယိမ်းအက၊ ကဗျာလင်္ကာဖွဲ့စပ်နည်း၊ ရိုးရာ တူရိယာ အတီးအမှှုတ် စသည်တို့ကိုပါ နည်းပြ ဆရာ၊ ဆရာမ ၁၁၂ ဦးတို့က သင်ကြားပို့ချပေးသွားမည့် ရက်ရှည်သင်တန်းဖြစ်ကြောင်း သိရသည်။

ကရင်စာပေ၊ ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စောအေးမြက “သူတို့ (သင်တန်းသား) ကတစ်ဆင့် ကျေးရွာတွေ ပြန်ရောက်ရင် တိုင်းရင်းသား ကလေးသူငယ်တွေကို ပြန်လည်သင်ကြားပြီး ကိုယ့်ရိုးရာ စာပေယဉ်ကျေးမှုတွေ ပျောက်ပျက်မသွားဘဲ ရေရှည် တည်တံ့တိုးတက်နိုင်အောင် လုပ်ဆောင်နေတဲ့ နေရာမှာ အစိုးရကလည်း ပံ့ပိုးတာ၊ ထောက်ပံ့တာတွေတော့ ရှိလာနေပါပြီ။ အရင်တုန်းကတော့ ကန့်သတ်ခံထားခဲ့ရတော့ အခု မနည်း အရှိန်ယူ လုပ်ဆောင်ခဲ့ရတာ၊ ဒီအခြေအနေကို ရောက်လာတာ”ဟု ဆိုသည်။

အဆိုပါသင်တန်းတွင် ကရင်စာ ၂ တန်း အနိမ့်ဆုံး အောင်မြင်ထားသူ၊ အခြေခံ ဒုံးအက တတ်မြောက်သူ၊ အသက် ၁၆ နှစ် အထက် ရှိပြီးသူ၊ အစိုးရ ပညာရေး အထက်တန်းအဆင့် သင်ယူနေကြသောသူများကိုသာ တက်ရောက်ရန် စည်းကမ်းသတ်မှတ်ချက် ထားရှိကာ တက်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရာဟု (ဖားအံ)

Advertisements
<

Leave a Reply