ကရင်တွင် စပါးထွက်နှုန်း သုံးပုံတစ်ပုံ နှစ်စဉ် လေလွင့်နေ

ဘားအံ အောက်တိုဘာ

ကရင်ပြည်နယ်ရှိ တောင်သူလယ်သမားများအနေဖြင့် စပါးစိုက်ပျိုးပြီးနောက် ရိတ်သိမ်းချိန်တွင် နှစ်စဉ် ၃၆တင်းနှုန်း လေလွင့်ဆုံးရှုံးလျက်ရှိကြောင်း လေ့လာတွေ့ရှိချက်အရ သီးနှံရိတ်သိမ်းချိန်လွန်လုပ်ငန်းများ၌ စနစ်ကျမှု ရှိရန် လိုအပ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဒု ဦးစီးမှူး ဦးကျော်မောင်မောင်က တိုက်တွန်းပြောဆိုသည်။

စပါးသီးနှံ ရိတ်သိမ်းချိန်လွန်လုပ်ငန်းများတိုးတက်ခြင်းဖြင့် ဆန်စပါးအခြေခံစီးပွားရေး ကောင်းမွန်လာစေရေးဆွေးနွေးပွဲတစ်ရပ်ကို သံလွင်ပါရာဒိုက်စ် ဟိုတယ်တွင် အောက်တိုဘာလ ၃၀ ရက်က ကျင်းပခဲ့ရာ အခမ်းအနား၌ ၎င်းက ယင်းသို့ ဆိုခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်ဦးက တောင်သူလယ်သမားများအနေဖြင့် သိုလှောင်ရန် နေရာ အခက်အခဲနှင့် ရာသီဥတုအပြောင်းအလဲများကြောင့် စနစ်တကျသိုလှောင်သိမ်းဆည်းနိုင်မှု အားနည်းလျက်ရှိကြောင်း၊ သိုလှောင်သိမ်းဆည်းမှု အားနည်းသည်နှင့်အမျှ ဆန်အရည်အသွေး ကျဆင်းလာပြီး တောင်သူများအတွက် ဈေးကောင်းမရ အကျိုးနည်းစေကြောင်း မှတ်ချက်ပြုသည်။

သို့ဖြစ်ရာ သိုလှောင်ပုံစနစ်နှင့် အခြောက်ခံရမည့်နည်းနာကို တောင်သူလယ်သမားများအနေဖြင့် အသိပညာရရှိကာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြနိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဆွေးနွေးပွဲများ ဌာနက ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူးက အခမ်းအနားတွင် ပြောသည်။
ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် MEDA Myanmarတို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါဆွေးနွေးပွဲသို့ ပြည်နယ်အတွင်းရှိ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။


ပွဲဖြစ်မြောက်ရေး တာဝန်ခံ MEDA Myanmar မှ ဒေါ်သိန်းသိန်းအောင်က ဆွေးနွေးပွဲမှာ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ် မြို့နယ်များတွင် ဆန်စပါးကဏ္ဍ ကွင်းဆက်ဖွံ့ဖြိုးရေးစီမံကိန်းအရဖြစ်ပြီး စိုက်ပျိုးရေးနည်းပညာအသစ်များကို တောင်သူများနှင့်ရင်းနှီးစေရန် ရည်ရွယ် မိတ်ဆက်ပေးခြင်းဖြစ်ကြောင်း ပြောသည်။

“လေလွင့်ဆုံးရှုံးမှုတွေကို စီးပွားရေးအရ ကိန်းဂဏန်းတစ်ခုအနေနဲ့ တွက်ချက်ပြီး ဒါတွေကို ကောင်းမွန်တဲ့ နည်း စနစ်တွေသုံးပြီး ပြင်ဆင်လိုက်မယ်ဆိုရင် လေလွင့်ဆုံးရှုံးတာတွေကနေ ဝင်ငွေတွေဖြစ်လာမယ်”ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ် စိုက်ပျိုးရေးလုပ်ငန်းတွင် မျိုးကောင်းမျိုးသန့် ရနိုင်ရေး အခက်အခဲ၊ စိုက်ပျိုးနည်း စနစ်၊ လုပ်သားရှားပါးခြင်း စသည့် အားနည်းချက်များ ရင်ဆိုင်နေရကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ပတ်သက်သည့်အကြောင်းအရာ၊ ပံ့ပိုးပစ္စည်း များ ထုတ်လုပ်တင်သွင်း ရောင်းချခြင်းဆိုင်ရာနှင့် ပတ်သက်၍ ဆွေးနွေးဖြစ်ခဲ့ကြောင်း ပွဲတက်ရောက်လာသူ Pioneer Agrobizကုမ္ပဏီမှ ကိုမြတ်သူအောင်က ပြောသည်။

ဆွေးနွေးပွဲတွင် ဘားအံမြို့ နယ် ထုံးအိုင်စံပြကျေးရွာမှ ကိုအောင်ဇော်ထက်က ဆန်စပါးအခြင်အတွယ်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးဖြစ်ခဲ့ကြောင်း ပြောသည်။

ပွဲတက်ရောက်လာသူ ၊ စိန်ကြုံကျေးရွာခံ တောင်သူ ဒေါ်ကြည်ရွှေက “သူတို့က နည်းပညာပိုင်းတွေ ပေးတယ် ၊ ကျွန်မတို့တောင်သူတွေက စက်ကိရိယာ အကူအညီ လိုတယ်”ဟု ဆိုသည်။

အခမ်းအနား၌ တက်ရောက်လာသူများက လက်ရှိဆန်စပါးရိတ်သိမ်းမှုပြောင်းလဲခြင်းနှင့် စပါးကိုင်တွယ်ထိန်းသိမ်းမှုစနစ်များအကြောင်း၊ စပါးအခြောက်ခံစက်များ တည်ထောင်ရန် လုပ်ငန်းရှင်များ၏ စိတ်ပါဝင်စားမှုတိုးတက်လာစေရေး စသည့် ဆန်စပါးအခြေခံစီးပွားရေး ကောင်းမွန်လာရေးအချက်များကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၄၈၀,၀၀၀ကျော်၊ နွေစပါးစိုက်ဧက ၁၀၀,၀၀၀ကျော်၊ ရေကျနောက်စိုက် ဧက ၅၀,၀၀၀ ရှိပြီး ဆင်းသုခစပါးမျိုးကို အဓိကထား၍ အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

စောအယ်လ်ဒီး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.