သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်။

ကယားပြည်နယ်အစိုးရက တရားစွဲဆို ဖမ်းဆီးခံထားရသည့် ကရင်နီလူငယ် (၆) ဦးကို လွိုင်ကော်မြို့နယ် တရားရုံးတွင် ဩဂုတ်လလယ်ရက်က ရုံးထုတ်ခဲ့ပြီး လာမယ့် ၂၆ ရက်နေ့တွင် စွဲချက် အမိန့်ချမည်ဖြစ်သည်။

ပြည်နယ်အစိုးရက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ ကာကွယ်ပေးရေး ဥပဒေပုဒ်မ (၁၀) ဖြင့် အမှုဖွင့် စွဲဆိုထားခြင်း ဖြစ်သည်။အမှုရင်ဆိုင်နေရသူများမှာ ကရင်နီလူငယ် (၆) ဦးဖြစ်သည့် ခူးကြူးဖဲကေး၊ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။

“ဒီနေ့(ဩဂုတ် ၁၅) က တရားလို သက်သေတွေကို စစ်ဆေးပြီးတော့ စွဲချက်တင်သင့်မတင်သင့် လျှောက်လဲချက် တင်ကြတာပေါ့လေ။ လာမယ့် ၂၆ ရက်နေ့ကျရင် စွဲချက်အမိန့်ချမယ်။ တကယ်လို့ စွဲချက်မတင်ဘူး ဆိုရင်တော့ ၆ ဦးကို တရားရှင် ပြန် လွှတ်ရမှာပေါ့။ တကယ်လို့ စွဲချက်တင်မယ်ဆိုရင်တော့ စွပ်စွဲခံရတဲ့လူဘက်ကနေ ကျန်တဲ့ တင်သွင်းလာ မယ့် သက်သေတွေကို အမှုဆက်စစ်မှာပေါ့” ဟု ကရင်နီလူငယ် ၆ ဦး အမှုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးစောခူးတလေက ပြောသည်။

ပြည်နယ်အစိုးရကိုယ်စား ဦးသက်နောင် က လွိုင်ကော်မြို့မရဲစခန်းတွင် ကရင်နီလူငယ် (၆) ဦးကို ပုဒ်မ ၁၀ ဖြင့် လွန်ခဲ့သော မေလ ၁၇ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ တရားလိုသက်သေထွက်ဆိုချက်ပေါ်မူတည်ပြီးတော့ နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအပေါ်မှာလည်း အများကြီးမူတည်တာပေါ့။ သူတို့က ကျန်းမာရေးတော့ ကောင်းကြပါတယ်။ ဒါပေမယ့် အချုပ်ထဲမှာနေတာဆိုတော့ အဆင်ပြေတာတော့ မရှိဘူးပေါ့” ဟု တရားလွှတ် တော် ရှေ့နေ ဦးစောခူးတလေ က ဆက်ပြောသည်။

လူငယ် (၆) ဦးထဲမှ ခူးကြူးဖဲကေး (ခ) ဂူးဂူးအား ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး၊ ကျန်သည့် (၅) ဦးမှာ ဇွန်လ ၂၁ ရက်နေ့က လွိုင်ကော်မြို့၊ ကေ့ထျိုးဘိုးခန်းမတွင် ကျင်းပသည့် ၁၄၄ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားအပြီးတွင် အဖမ်းခံခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အစိုးရနှင့် လူငယ်များအင်အားစုများအကြား ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ရွှေ့ပြောင်းပေးရေး ညှိနှိုင်းရာမှ ဝန်ကြီးချုပ်မှ မရွှေ့ပြောင်းပေးနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လူငယ်များအား ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေခြင်းသည် တည်ဆောက်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေသည်သာမက ယုံကြည်မှုတည်ဆောက်နေမှုများပါ ထိခိုက် လာသည်ဟု တိုင်းရင်းသားခေါင်းဆောင်များ က ပြောသည်။

ကယားပြည်နယ်အတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူငယ်များ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် အချို့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကလည်း ကရင်နီလူငယ်များနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန် ပြောဆိုထားကြသည်။

ကယားပြည်နယ်အတွင်း ၂၀၁၈ ခုနှစ်မှ စတင်ကာ ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ရန် လုပ်ဆောင်ရာမှ ပြည်နယ်အတွင်းရှိ ပြည်သူလူထုများအကြား သွေးကွဲစေခဲ့ပြီး ပဋိပက္ခအသွင်ဆောင်ကာ ကန့်ကွက်ဆန္ဒထုတ် ဖော်မှုများ၊ ထောက်ခံကြောင်းဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဗိုလ်ချုပ်ကြေးရုပ်အတင်းအဓမ္မတည်ဆောက်ခဲ့ခြင်း၊ ကန့် ကွက်လူငယ်များနှင့် ဒေသခံပြည်သူများအား ဖမ်းဆီးတရားစွဲခြင်း၊ ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခြင်း၊ စစ်တပ်အင်အားအသုံးပြု၍ ခြိမ်းခြောက်ခြင်း စသည့် အာဏာရှင်ဆန်သည့် လုပ်ရပ်များယခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ကျူးလွန်ခဲ့သည့်အတွက် ၎င်းနေ့ရက်ကိုလည်း ကရင်နီပြည် လူထု အရေးတော်ပုံနေ့အဖြစ် သတ်မှတ်ကြေညာခဲ့ကြသည်။

Leave a Reply