ယခုနှစ်ဇန်နဝါရီလမှ သြဂုတ်လ နောက်ဆုံးပတ်အထိ ကရင်ပြည်နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားသူ ၄၂ ဦးအထိရှိပြီး လူသုံးဦး သေဆုံးခဲ့ကြောင်း ကရင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

zikarvirus

ကရင်ပြည်နယ်တွင်း မြို့နယ် ခုနစ်မြို့နယ်ရှိသည့်အနက် ယင်းရောဂါကို ဘားအံ၊ လှိုင်းဘွဲ့နှင့် ကော့ကရိတ်မြို့နယ် များတွင်သာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူများမှာ ကလေးသူငယ်များဖြစ်ကြောင်း ကရင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိအေးက ရှင်းပြသည်။

လတ်တလောတွင် ရောဂါ ဖြစ်ပွားလျက်ရှိသော မြို့နယ်များသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများ က သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများကိုလုပ်ဆောင်ပေးလျက်ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ညဘက်တွင် ကိုက်တတ်လေ့ရှိသော ကျူးလက်(စ်) ခြင်အမျိုးအစား ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်ပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ကာ ကုသရန်မလွယ်ကူကြောင်း ဆရာဝန်များထံမှ သိရသည်။

ယင်းကြောင့် ခြင်ကိုက်ခံရမှုမရှိစေရန် ကလေးသူငယ်များအနေဖြင့် အကျီလက်ရှည် ဘောင်းဘီရှည်များ ဝတ်ဆင်၍ ညအိပ်သင့်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိမိအေးက ပြောကြားသည်။

ထို့ပြင် ဂျပန်ဦးနှောက်ရောင်ရောဂါမှာ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်ပြီး အသက်အရွယ်မရွေးဖြစ်ပွား နိုင်သည့်အတွက် သတိထားရမည့် ရောဂါတစ်မျိုးဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

အလားတူပင် ယခုနှစ် သြဂုတ်လအထိ မွန်ပြည်နယ်တွင် ဂျပန်ဦးနှောက်ရောင် ရောဂါ ဖြစ်ပွားသူသုံးဦးရှိပြီး တစ်ဦး သေဆုံးကာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ကျော်တွင် ယင်းရောဂါဖြစ်ပွားလျက်ရှိကြောင်း မွန်ပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Leave a Reply