Advertisements

ဘားအံ ၊ ဇန်နဝါရီ 

ဒေသတွင်းနေ ဟိန္ဒူဘာသာဝင်များ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရန် ကရင်ပြည်နယ်လုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့က ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန(လဝက)နှင့် ပူးပေါင်းလုပ်ဆောင်နေမှုအပေါ် ပြောဆိုဝေဖန်နေသူများအနေဖြင့် တာဝန်ရှိသူများထံ လာရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း ယင်းအသင်း နာယက ဦးဌေးလှိုင်က ဇန်နဝါရီ ၈ရက်တွင် ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းကစ၍ အဆိုပါမှတ်ပုံတင်ရရှိရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ယခုအခါ ဟိန္ဒူဘာသာဝင် ဒေသခံများအကြား ဝေဖန်ပြောဆိုမှုအမျိုးမျိုးမှာ လူမှုကွန်ရက်စာမျက်နှာတွင်ပါ ပျံ့နှံ့လျက်ရှိကြောင်း နယ်မြေခံတစ်ဦးက ဆိုသည်။ ယင်းကတ်ပြားရရှိရန် ကြန့်ကြာနေခြင်းအပေါ် ကောက်ချက်ချ မှတ်ချက်ပြုစကားများ ပြောဆိုနေကြခြင်းအပေါ် ဦးဌေးလှိုင်က ယင်းကဲ့သို့ တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပြောဆိုဝေဖန်နေသူများမှာလည်း ယခင်အစိုးရလက်ထက်က မှတ်ပုံတင်ရရှိရေးအတွက် နှစ်ကြိမ်တိုင် စုဖွဲ့လုပ်ဆောင်ခဲ့ကြပြီး အာင်မြင်မှု မရရှိခဲ့သောသူများဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့လက်ထက်လုပ်ဆောင်နေမှုများကို ဖျက်ဆီးလိုခြင်းသာဖြစ်ပြီး မိမိတို့မှ ဝိုင်းဝန်းလုပ်ဆောင်ရန် ခေါ်ယူညှိနိုင်းသော်လည်း ပူးပေါင်းလုပ်ဆောင်ခြင်းမရှိခဲ့ဘူး။ဒီအပေါ်မှာအပြစ်တော့မပြောပါဘူး။မလိုလားအပ်တဲ့ပြသနာတွေဖန်တီးသလိုဖြစ်နေတဲ့အတွက် ကျနော်တို့ ဟိန္ဒူဘာသာဝင်တွေ ရရှိမယ့် အခွင့်အရေးကို ဖျက်ဆီးသလို ဖြစ်စေပါတယ်” ဟု ဦးဌေးလှိုင်က ဖြည့်စွက်ပြောဆိုသည်။ ယင်းအပြင်

“နိုင်ငံသားကတ်၊ ပြုနိုင်ငံသားကတ်ကို သတ်မှတ်ရက်ပေးပြီး လုပ်ပေးလို့ မရပါဘူး။ဒီကိစ္စက ၃လ၊ ၄လတန်သည် ကြာပါမယ်။ မြို့နယ် ခရိုင်အဆင့်၊ ပြည်နယ်အဆင့်ကနေ နေပြည်တော်အဆင့်မှာ ဆုံးဖြတ်ခံယူပြီးမှ မှတ်ပုံတင်တွေ ရရှိမှာဖြစ်တယ်။ အမြင်မရှင်းတာ မသိတာတွေ ပြောဆိုဝေဖန်နေမယ့်အစား လာမေးမြန်းနိုင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

တမီလ် ဟိန္ဒူဘာသာဝင်များ နိုင်ငံသားကတ်ပြားရရှိရန် ဆောင်ရွက်ရာတွင် သွေးစစ်ခ၊အချက်အလက်ဖောင်ပုံစံ ၊တရားရုံးကျမ်းကျိန်ခ၊ ရုံးစရိတ်အဖြစ် တစ်ဦးကို ၃၂၀၀၀ ကျပ်ကုန်ကျပြီး ရုံးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်ရသည့်အတွက် ကြန့်ကြာမှု ရှိနိုင်ကြောင်း၊ ၂၀၁၇ အောက်တိုဘာလက အသင်းဆုံးဖြတ်ချက်နှင့်အညီ လက်မှတ်ထိုးပြီး လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်လို့တမီ ဟိန္ဒူအသင်းက တာဝန်ရှိသူတွေ ဒေသတွင်း ကျေးရွာ၊ မြို့နယ်တွေက ဦးဆောင်သူတွေကို ခေါ်ယူပြီးမှတ်ပုံတင်လုပ်ငန်းစဉ် လုပ်ဆောင်နေမှုအပေါ်မှာဘယ်အဆင့်ထိပြီးစီးနေပြီ၊ ဘယ်အခက်အခဲတွေရှိနေတယ်၊ ငွေစာရင်းရှင်းတမ်းတွေပါ စိစစ်လုပ်ဆောင်ကြဖို့၊ ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ ပြည်နယ် လဝက ထံကို လုပ်ဆောင်ချက်တွေကို တင်ပြစေပြီး ဒါတွေကို ဘယ်လို ဆက်လက်ဆောင်ရွက်ပါဆိုတာကို ကျွန်တောာ်တို့ ကူညီ လမ်းညွှန်ဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြည်နယ် လဝက၊ ညွှန်ကြားရေးမှုး ဦးရင်ထွေးက ဆိုသည်။

ပြည်နယ်လုံးဆိုင်ရာ တမီလ် ဟိန္ဒူအဖွဲ့အနေဖြင့် မှတ်ပုံတင်ရရှိရေးကို ကော့ကရိတ်၊လှိုင်းဘွဲ၊ဘားအံ၊ကြာအင်းဆိပ်ကြီး၊ဘုရားသုံးဆူဒေသအတွင်းရှိ ဟိန္ဒူဘာသာဝင်များနေထိုင်ရာ ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်နေကြောင်း သိရသည်။

မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်မှ မည်သည့် လဝက ဝန်ထမ်း၊အရာထမ်းကိုမျှ လာဘ်ပေးလာဘ်ယူ ပြုလုပ်ထားမှု မရှိကြောင်း၊ အသင်းအနေဖြင့် မှတ်ပုံတင် ပြုလုပ်ရာတွင် ကုန်ကျငွေ စာရွက်စာတမ်းကြေး ငွေကျပ် ၃၂၀၀၀ အပြင် တစ်ပြားမှ ပို ယူမထားကြောင်း၊ ပြည်နယ်အတွင်း စာရင်းပြုစုထားမှုအရ ပြုနိုင်ငံသားနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးရန် လူဦးရေ ၄၇၀၀ဦးရှိရာမှ လူဦးရေ ၆၀၀စာ စိစစ်ဖို့ အပြီးသတ် လုပ်ဆောင်နေကြောင်း၊ မြို့နယ်၊ ကျေးရွာများတွင် ငွေ ပိုတောင်းခံခြင်း ရှိပါက အသင်းတာဝန်ရှိသူများကိုယ်တိုင် ကွင်းဆင်း၍ ဖြေရှင်းသွားမည်ဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်တွင် ဟိန္ဒူဘာသာကိုးကွယ်သူ ၉၅၈၅ ဦးရှိပြီး ပြည်နယ်လူဦးရေ၏ ၀ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

Written by ရာဟု(ဖားအံ)

Advertisements
<

Leave a Reply