ဘားအံ အောက်တိုဘာ

၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အောက်တိုဘာ ၁၆ရက်တွင် ဟင်္သာမီဒီယာကို ပြောကြားသည်။

နိုဝင်ဘာ ၇ ရက်တွင် ဘားအံမြို့ သီရိကွင်း၌ ကျင်းပမည်ဖြစ်ရာ ကုန်ပစ္စည်းပြခန်းများ၊ ရိုးရာအကပြိုင်ပွဲများ၊ အငြိမ့် ဇာတ်ပွဲများ၊ ဂီတဖြေဖျော်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများပါဝင်သကဲ့သို့ ကရင်ရိုးရာ အစားအသောက် ဆိုင်ခန်းများအပြင် လက်ဝှေ့ပြိုင်ပွဲများကိုလည်း ထည့်သွင်းထားကြောင်း စည်ပင်ဝန်ကြီးက ပြောသည်။

လက်ဝှေ့ စိန်ခေါ်ပွဲပေါင်း ၃၇ ပွဲ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၁ ရက်က ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။

တောင်ကလေး၊ မျိုးဆက်သစ်၊ တိုက်ဂါး၊ ရွှေဖူး၊ ရန်စစ်ငြိမ်း၊ ဇွဲကပင်မြေ၊ ရွှေမိုးထိငြိမ်းချမ်းရေး၊ ဓမ္မဟေဝန်၊ ယူနိုက်တက်မန္တလေး၊ သုံးပန်လှ၊ ရွှေဒေါပုံ၊ စက်ရုံ၊ ရွှေဘားလား၊ ဇာနည်မောင်၊ Adventure အစရှိသည့် လက်ဝှေ့ကလပ်များမှ တက်သစ်စအားကစားသမားများ ပါဝင်မည်ဟုလည်း သိရသည်။

ရွှေတံဆိပ်ဆုရှင်နှင့်ရွှေခါးပတ်ပိုင်ရှင် နာမည်ကြီးရိုးရာလက်ဝှေ့ကျော်များ ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ကာ ဖျံသွေး (ရွှေမိုးထိငြိမ်းချမ်းရေး)နှင့်ရွှေရာမာန်(ရွှေဒေါပုံ)၊ သပြေညို(စက်ရုံ)နှင့်စောဘဦး(တောင်ကလေး)၊ စောမင်းအောင်(တောင်ကလေး)နှင့်ဖိုးလပြည့်(ရွှေဖူး)၊ မိုက်ရိုင်း(ရွှေဖူး)နှင့် ရန်နိုင်ထွန်း(ဇွဲကပင်မြေ)၊ ဘဟိန်း(စက်ရုံ)နှင့်ထူးနေသူ(တောင်ကလေး)၊ သွေးသစ်အောင်(သုံးပန်လှ)နှင့်သွေးသစ်ဝင်းလှိုင်(Adventure)၊ ရဲသွေးနီ(တောင်ကလေး)နှင့်ရွှေထွန်းယုံ (ရန်စစ်ငြိမ်း)၊ ကျားပေါက်(ရန်စစ်ငြိမ်း)နှင့်အရှေ့ဒေါန(သုံးပန်လှ)၊ ဆန်းသူဦး(ရွှေဘားလား)နှင့်ရန်နိုင်အောင်(ရွှေမိုးထိငြိမ်းချမ်းရေး)၊ ဝမ်းစတား(တိုက်ဂါး)နှင့်မင်းမောင်မောင် (တောင်ကလေး) အစရှိသည့် အတွဲဆိုင်းများ ပါဝင်ကြောင်း သိရသည်။

” ဒီသီရိကွင်းမှာ လာပြီးဈေးရောင်းသူတွေအတွက်လည်း ဆိုင်ခန်းအခ သက်သက်သာသာနဲ့ ဈေးရောင်းနိုင်ဖို့ တင်ဒါစနစ်နဲ့ ခေါ်တယ်”ဟု ပြည်နယ်ဝန်ကြီးက ဆိုသည်။

ယင်းတင်ဒါစနစ်ကို Dawna Nuttmee ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိကာ ဆိုင်ခန်း ၂၅၉ခန်း ပါဝင်ကြောင်း၊ ဆိုင်ခန်းနှင့် အခနှုန်းထားကို A,B,C,D ဟု အဆင့်ခွဲ၍ စတင်ရောင်းချနေပြီဖြစ်ကြောင်း၊ လုံခြုံရေးစနစ်အနေဖြင့် နေရာအများအပြား၌ CCTV ကင်မရာ တပ်ဆင်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခဲ့ပါက အရေးပေါ် သုံးရန် အရံမီးစက် ၃လုံးကို အဆင်သင့် ထားရှိသွားခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်ခန်း အရောင်းတာဝန်ခံ ကိုကျော်ဇေယျကပြောသည်။

စောအယ်လ်ဒီး

Leave a Reply