ဘားအံ အောက်တိုဘာ

၆၃ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် အထူးစိန်ခေါ်ပွဲစဉ်အဖြစ် ဖျံသွေး(ရွှေမိုးထိငြိမ်းချမ်းရေး)နှင့် ရွှေရာမာန်(ရွှေဒေါပုံ)တို့ ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အားကစားပညာနှင့်ကာယပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး၊
ပြည်နယ်လက်ဝှေ့ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဆန်းတင်အောင်မြင့်က ဟင်္သာမီဒီယာကို ပြောသည်။

အခမ်းအနားကို ဘားအံမြို့ သီရိကွင်း၌ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။

နိုဝင်ဘာ ၇ မှ ၁၁ရက်နေ့ထိ မွန်းလွဲပိုင်းနှင့် ညပိုင်းများတွင် မြန်မာ့ရိုးရာ စိန်ခေါ်လက်ဝှေ့ပြိုင်ပွဲများကို ၅ရက်တိတိကျင်းပသွားမည် ဖြစ်ပြီး ပွဲစဉ်အားဖြင့် ၃၈ပွဲဖြစ်ကြောင်း (၇)သိန်းဆု အောင်လံပွဲစဉ်များကို နိုဝင်ဘာ ၇ မှ ၁၀ ရက်ထိ၊ (၁၀)သိန်းဆု အောင်လံပွဲများကို နိုဝင်ဘာ ၈မှ ၁၀ရက်နေ့ထိ ကျင်းပရန် ရှိပြီး နယ်အရပ်ရပ်မှ လက်ဝှေ့ဝါသနာရှင်များအတွက် ကြားပွဲ၊ ကြားဆုပွဲစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ရက်မှ ၁၀ရက်နေ့အထိ စုစုပေါင်းပွဲစဉ် ၅၂ပွဲ၊ ကြားပွဲများပါ ထည့်ပေါင်းမည်ဆိုလျှင် ပွဲစဉ် ၁၃၀ပွဲခန့် ရှိလာမည်ဟု ပြည်နယ် အား/ကာ ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။

ယခင်ပြီးခဲ့သော ၂၀၁၇ခုနှစ်တွင် ထိုင်း မြန်မာလက်ဝှေ့ပွဲစဉ်များ ပါရှိသော်လည်း ယခု ၂၀၁၈ခုနှစ်တွင် ထိုင်းလက်ဝှေ့များ မပါဝင်ချေ။

အခြား အားကစားပြိုင်ပွဲများအနေဖြင့် ပြည်နယ်နေ့ မကျရောက်မှီက ကျင်းပရန်ရှိရာ နိုဝင်ဘာ ၁ရက်မှ ၂ရက်နေ့ထိ ဘားအံ ဂေါက်ကလပ်၌ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ဇွဲကပင်ခန်းမတွင် ကာယဗလနှင့် ကာယအလှပြိုင်ပွဲ၊ နိုဝင်ဘာ ၃ရက်မှ ၄ရက်နေ့ထိ ခြင်းလုံးလေ့ကျင့်ရေးရုံ၌ ရိုးရာခြင်းလုံးအလှခတ်ပြပွဲ၊ နိုဝင်ဘာ ၅ရက်မှ၇ရက်နေ့ထိ ကန်သာယာတွင် ရိုးရာလှေလှော်ပြိုင်ပွဲ၊ နိုဝင်ဘာလ ၇ မှ၈ရက်နေ့ထိ သီရိကွင်း၌ ရိုးရာခြင်းလုံး အမှတ်ပေးစနစ် ပြိုင်ပွဲ၊ နိုဝင်ဘာလ ၁၀ရက်မှ ၁၁ရက်နေ့ထိ ဘားအံမြို့မကွင်း၌ တင်းနစ်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။

စောအယ်လ်ဒီး

Leave a Reply