ဘားအံ ၊ ဇန်နဝါရီ

ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင်လလယ်က ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသော ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်မှာ ဘယ်ဘက်ခြေသလုံးရိုးကျိုးဒဏ်ရာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဒီဇင်ဘာလ ၁၉ ရက်က တတိယအကြိမ်ခွဲစိတ်ခဲ့ကြောင်း၊ ကျန်းမာရေးအခြေအနေ ကောင်းမွန်သော်လည်း ၂ လခန့်အနားယူရမည်ဟူသော ဆရာဝန်ညွှန်ကြားချက်အရ ဆေးခွင့်အဖြစ် ၄၅ ရက်တာ တင်ပြထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ ၊အတွင်းရေးမှူး ဦးခင်မောင်စန်းက ပြောသည်။

“ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဆေးခွင့် ၄၅ ရက်တင်တယ်။ ခေတ္တဝန်ကြီးချုပ်တာဝန်ကိုတော့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို တာဝန်လွှဲပေးထားပါတယ်”ဟု ၎င်းကဆိုသည်။

ယခု၂၀၁၈ ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ အပြောင်းအလဲမရှိဘဲ မူလတာဝန်အတိုင်း ဆက်လက်ထမ်းဆောင်နေကြကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများလည်း ပုံမှန်အတိုင်း တာဝန်ထမ်းဆောင်လျက် ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ကရင်ပြည်နယ် ခေတ္တဝန်ကြီးချုပ်ဦးသန်းနိုင်က “အစ်မကတော့ ဆေးစာအရအနားယူတယ်။ကျွန်တော့်ကို ခေတ္တဝန်ကြီးချုပ်အဖြစ်တာဝန်လွှဲပေးသွားတယ်။ခါတိုင်းလည်းသူခရီးရှည်သွားတိုင်းမှာ ဒီလိုပဲလွှဲနေကျပါ။ ခုကတော့ ၄၅ ရက်ပေါ့။ နေ့တိုင်းတော့ ညနေတိုင်းသွားတွေ့တယ်။ ပြည်နယ်တွင်း အခြေအနေတင်ပြတယ်။ ဆွေးနွေးတယ်။အကြံပြုချက်ယူပါတယ်။ တာဝန်တွေ ပိုလာတော့ ပိုဂရုစိုက် လုပ်ရတာက လွဲရင် အခက်အခဲမရှိပါဘူး ။အစ်မ နေကောင်းသွားရင် ပြန်လည်ပတ်သွားမှာပါ ” ဟု ဆိုသည်။

နန်းခင်ထွေးမြင့်မှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လ၁၄ရက်က တောင်ကလေးကျေးရွာသို့ အသွား၊ ဘားအံ-လှိုင်းဘွဲလမ်း၊ဘားအံဂေါက်ကလပ်အရှေ့တွင် စီးနင်းလာသော ပါဂျဲရိုယာဉ်အစိတ်အပိုင်း ချို့ယွင်းရာမှ လမ်းဘေးကျွန်းပင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ယာဉ်မတော်တဆမှုတွင် ဘယ်ခြေသလုံးရိုး ၂ ချောင်းစလုံး ကျိုးသွားခဲ့ပြီး ဆေးကုသမှု နှင့် ခွဲစိတ်မှုကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တစ်ကြိမ်၊ ဘားအံပြည်သူ့ဆေးရုံကြီးတွင် တစ်ကြိမ်အပြင် ယင်းနောက် တတိယအကြိမ်အနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တစ်ကြိမ် ၊ ပေါင်း သုံးကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။

Written by – ရာဟု(ဖားအံ)

Leave a Reply