Advertisements

ဘားအံ၊ အောက်တိုဘာ

ပြီးခဲ့သည့် ဇူလိုင်လလယ်က ယာဉ်မတော်တဆမှုကြောင့် ခြေထောက်ဒဏ်ရာရရှိခဲ့သော ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်မှာ အောက်တိုဘာ ၅ရက်က ဘားအံပြည်သူ့ဆေးရုံကြီး၊ ခွဲစိတ်ကုသဆောင်တွင် ဒုတိယအကြိမ် အသေးစားခွဲစိတ်ကုသမှု ခံယူခဲ့ကြောင်း သိရှိရသည်။
ခြေထောက်ဒဏ်ရာ သက်သာလာပြီဖြစ်သော်လည်း အရိုးပြန်ဆက်ရာတွင် အားနည်းချက်များရှိနေခြင်းကြောင့် ကုသမှု ထပ်မံခံယူရခြင်း ဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“အဖီးက ခြေထောက်အရိုး သိပ်မဆက်ချင်ဘူးဖြစ်နေတယ်။ အရိုးကိုထိန်းထားတဲ့ အထိန်းမူလီတွေ ဖြုတ်တာနဲ့ အရစ်ကျပ်နေတာလေးတွေ ပြန်လျှော့တာပါ။ အနားယူတာတွေ လေ့ကျင့်ခန်းတွေ လုပ်ပြီး အချိန်တစ်ခုတော့ ပြန်ပေးရမယ်။ အရိုးတွေပြန်ဆက်ဖို့ ဂရုစိုက်ရမယ်။ ခွဲစိတ်မှုက အဆင်ပြေပါတယ်။မနက်၉နာရီမှာ ခွဲခန်းဝင်တယ်။ နာရီဝက်လောက်ပဲ ကြာခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ဇူလိုင် ၁၄၊ နံနက်က ဝန်ကြီးချုပ် လိုက်ပါစီးနင်းလာသော ပါဂျဲရိုးအမျိုးအစား၊ အပြာနုရောင်ယာဉ်မှာ ဘားအံ-လှိုင်းဘွဲလမ်း၊ ဘားအံဂေါက်ကလပ်ရှေ့တွင် ရုတ်တရက်ယာဉ်အစိတ်အပိုင်း ချွတ်ယွင်းရာမှ လမ်းဘေး ကျွန်းပင်ကို ဝင်တိုက်မိခဲ့၍ ဝန်ကြီးချုပ်၏ ဘယ်ခြေသလုံးရိုး ၂ ချောင်းစလုံး ကျိုးခဲ့ရပြီး ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

Written by – ရာဟု(ဖားအံ)

Leave a Reply