Advertisements

ဘားအံ ၊  ဖေဖေါ်ဝါရီ

ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် လာမည့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ရက်ထိ ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပမည့် တိုင်းရင်းသားများရိုးရာစာပေယဉ်ကျေးမှုပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်းသိရှိရသည်။

“ဘားအံကို အမေစု လာမယ့်ခရီးစဉ်ရှိနေတယ်။ဖေဖော်ဝါရီ ၉ရက်၊ ၁၀ရက်လို့တော့သိရတယ်။ ဒါကြောင့် ကျနော်တို့တွေ ပြင်ဆင်မှုတွေ၊ သန့်ရှင်းရေးတွေ ၊လမ်းတွေ ၊တံတားတွေ ၊လုပ်ငန်းတွေ နေ့ ည တာဝန်ခွဲပြီး မြို့သာယာ လှပရေး လုပ်ငန်းတွေ လက်စသတ် လုပ်ဆောင်နေရတယ်”ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးကျော်ဦးက ပြောသည်။

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဆိုပါ အခမ်းအနားကို ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ မြို့နယ် ခုနှစ်ခုမှ ဒေသအလိုက်၊ လူမျိုးစုအလိုက် နေထိုင်ကြသော ကရင်၊ဗမာ၊ ရှမ်း ၊ ပအိုဝ်း၊ မွန် တိုင်းရင်းသားကျေးရွာများမှ အစုအဖွဲ့အလိုက် ၎င်းတို့ ဒေသဓလေ့ရိုးရာယဉ်ကျေးမှု စာပေ၊ ဂီတ၊ အကများကို ၄ရက်တိုင်တိုင် တင်ဆက်ရန် ပြင်ဆင်နေကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဝင်များထံမှ သိရသည်။

ပွဲတော်ရက်များတွင် တိုင်းရင်းသားတို့၏ ရိုးရာအက၊ ခေတ်ပေါ် တေးဂီတ ဖျော်ဖြေပွဲများအပြင် စာတမ်းဖတ်ပွဲများပါ ထည့်သွင်းကျင်းပရန် ရှိသည်။ ရိုးရာ အသုံးအဆောင်နှင့်အစားအသောက်များ၊ ဒေသထွက် လက်မှုပညာထုတ်ကုန် အမှတ်တရပြခန်း၊ ဆိုင်ခန်းများလည်း ဖွင့်လှစ်၍ ခင်းကျင်းပြသရန် ရှိနေသည်။

“ကျနော်တို့ကတော့ မြို့ခံတွေအနေနဲ့ အစိုးရရုံးဝန်ထမ်းတွေကတစ်ဆင့် ကြားသိရတာတော့ ရှိတယ်။ကရင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည် လာမယ်။ နောက်ပြီး ကရင် အပစ်ရပ် လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့လည်း ငြိမ်းချမ်းရေးကိစ္စတေ ွတွေ့ဖို့ပြင်ဆင်နေတယ်လို့တော့ ကြားတယ်”ဟု ဘားအံမြို့ခံ ဦးဆွေက ဆိုသည်။

ယခုပွဲတော်ကို NLDအစိုးရလက်ထက်၌ ပြည်နယ်အတွင် ဦးဆုံးအကြိမ် စတင်ကျင်းပခြင်း ဖြစ်ပြီး ပြည်နယ်အစိုးရအနေဖြင့် ပွဲဖြစ်မြောက်ရေးကိစ္စအဝဝအတွက် ဇန်နဝါရီလဆန်းပိုင်းကတည်းက ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Written by ရာဟု(ဖားအံ)

Advertisements
<

Leave a Reply