ကရင်ပြည်နယ် ဗဟိုရေကစားမဏ္ဍပ်ကို သံလွင်မြစ် ကမ်းနားလမ်းသို့ ပထမဆုံးအကြိမ် ပြောင်းရွှေ့

ဘားအံ ၊ ဧပြီ ၁၀

ယခုနှစ် ၂၀၁၈ သင်္ကြန်ပွဲတော်အတွက် ကရင်ပြည်နယ် ဗဟိုရေကစားမဏ္ဍပ်ကို ဘားအံမြို့၊သံလွင်မြစ် ကမ်းနားလမ်းသို့ ပြောင်းရွှေ့တည်ဆောက်ထားပြီး ယင်းလမ်းမတစ်လျှောက်တွင် ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်ပေါင်း ၃၀ကျော်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

“ဒီနှစ်က ဘားအံမှာ သံချပ်နှစ်ဖွဲ့လောက် ထွက်မယ်။ အလှပြယာဉ်နဲ့ အကအဖွဲ့တွေ ရပ်ကွက်တိုင်းက ပြိုင်ကြရမယ်။ ဌာနဆိုင်ရာတွေကလည်း သင်္ကြန်ယိမ်းအကအဖွဲ့တွေ ပါဝင်မယ်။ ဇွဲကပင်မောင်မယ် သံချပ်အဖွဲ့ကတော့ သင်္ကြန်မတိုင်ခင်ကတည်းက လိုက်ဖျော်ဖြေမယ်လို့ သိရတယ်။ ထူးခြားတာကတော့ ဒီနှစ်က ကမ်းနားလမ်း သင်္ကြန်လုပ်မယ်လို့တော့ ကြားသိရတယ်။ ခါတိုင်းနှစ် ဗဟိုမဏ္ဍပ်က မြို့လယ်နာရီစင်နားကနေ ဒီနှစ်တော့ ကမ်းနားလမ်း သံလွင်မြစ်ဘေးမှာ ဆောက်နေပြီ ” ဟု အမှတ် ၄ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ဆိုသည်။

ယခုနှစ် သင်္ကြန်ပွဲတော်ကို ဘားအံ၊ ကမ်းနားလမ်းတွင် ဝန်ကြီးဌာနအလိုက်၊ ရပ်ကွက်အလိုက် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များတွင် ယိမ်းအဖွဲ့၊ အကအဖွဲ့များဖြင့် ဆင်နွှဲကြမည်ဟုသိရပြီး ချစ်သူမြိုင်ပန်းခြံအတွင်း၌ ဖျော်ဖြေရေးအဖြစ် EDM, DJ Show ပါ ထည့်သွင်းကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြို့ခံများကပြောသည်။

“ဒီနှစ်ကတော့ ဘားအံမှာ တော်တော် စည်ကားမယ်။ အရင်တုန်းက ကိုယ့်ရပ်ကွက် လမ်းထိပ်လောက်ပဲ စည်တာ၊ အခုက သံလွင်မြစ်ကမ်းနားလမ်းသင်္ကြန်လုပ်မှာ ဆိုတော့ ပိုစည်ကားမယ်။ နောက်ပြီး ဘားအံမှာ တစ်ခါမှ မရှိသေးတဲ့ EDM ရှိုးတို့ DJ ရှိုး တို့လည်း မဏ္ဍပ်ဆောက်ခွင့် ပေးထားတော့ ရန်ကုန်လို သင်္ကြန်မျိုး ကိုယ်ဒေသမှာ လုပ်လို့ရပြီဆိုတော့ ပျော်ပါတယ်”ဟု ဘားအံ လူငယ်ကွန်ယက် ခေါင်းဆောင် စောကွီးကပြောသည်။

ရာဟု(ဘားအံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်