Advertisements

ဘားအံ ၊ မတ် ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိဘားအံဟိုတယ်၌ မဏ္ဍိုင် ၄ ရပ် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မတ်လ ၂၈ရက်နေ့က ကျင်းပခဲ့ပြီး စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာနှင့် တရားစီရင်ရေး ၊ ဥပဒေပြုရေး မဏ္ဍိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာ အုပ်ချုပ်ရေးမဏ္ဍိုင်မှ တက်ရောက်ဆွေးနွေးခြင်းမရှိဘဲ ကိုယ်စားပြု မှတ်သားကာ ပြန်လည်တင်ပြပေးမည့် ကိုယ်စားလှယ်သာ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ဆွေးနွေးပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား) ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယ ဥက္ကဋ္ဌ – ၁ ဟံသာဝတီ ဦးအုန်းကြိုင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ် ဥပဒေချုပ် ဦးစောချစ်မြင့်လေးတို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ တွဲဖက်အတွင်းရေးမှူး ဦကျော်စွာမင်းက မဏ္ဍိုင် ၄ ရပ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံ၊ သတင်းမီဒီယာ စတုတ္ထမဏ္ဍိုင်နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားလာရေး ရည်ရွယ်ချက်များ စသဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ခေတ္တနားနေချိန်တွင် ဝန်ကြီးများနှင့်အဖွဲ့များ ပြန်လည် ထွက်ခွာသွားခဲ့ပြီး နေ့လည်ပိုင်း မဏ္ဍိုင်များအလိုက် ဆွေးနွေးရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ကိုယ်စားပြု မှတ်သားကာ ပြန်လည် တင်ပြပေးမည့်သူသာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆွေးနွေးတာမှာ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်တွေနဲ့ ဆွေးနွေးကြတာ တော်တော် အဆင်ပြေ နားလည်မှု ရရှိခဲ့တဲ့အတွက် အားရတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်က မလာတော့ စိတ်မကောင်းဖြစ်ရတယ်။

ရဲဌာနကတာဝန်ရှိသူ၊ ထွေအုပ်ဌာနက တာဝန်ရှိသူ၊ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေမလာတော့ အဓိကဖြစ်တဲ့ မဏ္ဍိုင်က ကျွန်တော်တို့ သတင်းမီဒီယာသမားတွေအပေါ် မျက်ကွယ်ပြုသလို ခံစားရတယ်”ဟု ဆွေးနွေးပွဲ တက်ရောက်လာသူ အလွတ်တန်းသတင်းထောက် ကိုသက်နိုင်က ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်အတွင်း သတင်းမီဒီယာသမားများမှ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ပတ်သက်ပြီး အစိုးရ ဌာနဆိုင်ရာများတွင် သတင်းအချက်အလက် မေးမြန်းခွင့်များ၊ နိုင်ငံတော် အကြီးအကဲခရီးစဉ်များတွင် သတင်းရယူခွင့်များနှင့် အခြားအခက်အခဲများကို တင်ပြဆွေးနွေးခဲ့သည်။

ယင်းနောက် ဥပဒေပြုရေးမဏ္ဍိုင်နှင့် ပတ်သက်ပြီး လွှတ်တော်အစည်းအဝေးတွင် သတင်းရယူခွင့်ဆိုင်ရာများ၊ သတင်းရယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ဆွေးနွေးခဲ့သလို ဆက်လက်၍ တရားစီရင်ရေးမဏ္ဍိုင်နှင့် ပတ်သက်ပြီး အမှုသည်များနှင့် အချုပ်ခန်း၊ ရဲစခန်း၊ အကျဉ်းထောင်များတွင် သတင်းရယူခွင့်ဆိုင်ရာများ၊ တရားရုံးတွင် သတင်း ရယူခွင့်ဆိုင်ရာများနှင့် အခြားအခက်အခဲများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်မှ ပြည်နယ် ဥပဒေ အရာရှိနှစ်ဦးတို့က ဆွေးနွေးပွဲတင်ပြမှုများကိုသာ မှတ်သားကာ တာဝန်ရှိသူများထံ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း ပြည်နယ် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အပြန်အလှန် ဆွေးနွေးချက်များ အနှစ်ချုပ်ရလဒ်များကို သုံးသပ်တင်ပြကြပြီးနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ဒုတိယ ဥက္ကဋ္ဌ-၂ ဒေါက်တာ မျိုးသန့်တင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ လှိုင်းဘွဲ့၊ မော်လမြိုင် အစရှိသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များမှတဆင့် သတင်းဌာန အသီးသီးတွင် ရေးသားနေကြသော သတင်းထောက် ဦးရေ ၃၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရပြီး ယခု ဆွေးနွေးပွဲ မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဋ္ဌမအကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

Written by ရာဟု (ဖားအံ)

Advertisements
<

Leave a Reply