ကရင်ပြည်နယ် ရေကြီးနေသော်လည်း ထိုင်းမှ ဌာနေပြန် မြန်မာရွှေ့ပြောင်းလုပ်သား နေ့စဉ်မပြတ်

မြဝတီ ၊ သြဂုတ် ၃

ပြီးခဲ့သည့် ဇူလိုင်တတိယပတ်အဝင်မှ စ၍ ကရင်ပြည်နယ်အနှံ့အပြားတွင် ရေကြီးရေလျှံမှု၊ လမ်းပန်းခက်ခဲမှုများ ဖြစ်ပေါ်နေသည့်တိုင် မြဝတီမြို့ နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဌာနေပြန် မြန်မာရွှေ့ပြောင်းလုပ်သားဝင်ရောက်မှုမှာ နေ့စဉ်မပြတ်ရှိနေခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ နယ်စပ်ဝင်ပေါက်အသီးသီးမှ မြန်မာနိင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်နေကြခြင်းဖြစ်သည်။

မြဝတီမြို့အမှတ်(၄)ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအချိန်အတွင်း ပြန်လည်ဝင်ရောက်ကြသည်မှာ ဇူလိုင်လ ၂၁ ရက်နေ့မှ လကုန်ရက်အထိ ၁၄၈၈ ဦးရှိခဲ့သည်။ အမျိုးသား ၁၀၉၁ ဦး၊ အမျိုးသမီး ၃၉၇ ဦး ပြန်လည် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကာလအတွင်း နေ့စဉ်ဝင်ရောက်လျက်ရှိကြရာတွင် ဇူလိုင်လ ၂၁ ရက်နေ့က ၂၂၀ ဦး၊ နောက်ရက်များတွင် ၉၇ ဦး၊ ၁၂၈ ဦး၊ ၁၉၄ ဦး၊ ၂၁၀ ဦး၊ ၆၇ ဦး၊ ၂၀၀ ဦး၊ ၇၀ ဦး၊ ၁၅၅ ဦး၊ ၅၄ ဦး၊ လကုန်ရက်တွင် ၉၃ ဦးဟူ၍ နေ့စွဲအလိုက် တွေ့ရှိရသည်။

အဆိုပါဝင်ပေါက်အပြင် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက် သွပ်ပြားပေါက်မှတစ်ဆင့် ဝင်ရောက်မှုမှာလည်း ၆၅ ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့ပါ ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။

စားစရာ၊ ရေနှင့်လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း နေ့စဉ်သတင်းထုတ်ပြန်ချက်များက ပြဆိုသည်။

“အခုအချိန်ထိတော့ နယ်စပ်ကပြန်လာတဲ့ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေ ကျွန်တော်တို့ မြဝတီမှာ သောင်တင်နေတာမျိုးမရှိပါဘူး။ မြန်မာနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာတဲ့ လုပ်သားတွေကို ကျောက်လုံးကြီးစခန်းက လက်ခံပေးထားပြီး သူတို့ရဲ့ နေရပ်တွေကို ပြန်ရောက်နိုင်ဖို့အတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက စီစဉ်ဆောင်ရွက်ပေးနေပါတယ်” ဟု မြဝတီမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ် လှိုင်စိုးက သြဂုတ်လ ၃ ရက် ညနေပိုင်းတွင် ဟင်္သာသို့ ပြောကြားသည်။

ဇူလိုင်လအတွင်း မြဝတီနယ်စပ်မှ ပြည်မသို့ သွားရာလမ်းတစ်လျှောက် အာရှလမ်းမကြီး၊ နတ်စင်ကွေ့အနီးတွင် တောင်မြေပြိုကျမှုကြောင့်တစ်ကြိမ်၊ ဘားအံ- သထုံ- ဘီးလင်း-ဘုရားကြီးလမ်းပိုင်း ကားလမ်း ရေကျော်ဖုံးလွှမ်းနေမှုတစ်ကြိမ် ရှိခဲ့သော်လည်း ဌာနေပြန်လုပ်သားများ သောင်ရင်းမြစ်ဖြတ်ကျော်၍ ပြန်လည်ဝင်ရောက်မှုမှာ ရှိနေဆဲဖြစ်သည်။

ယင်းဝင်ပေါက်မှ ယခုသြဂုတ် ၁ရက်နေ့တွင် ၅၈ ဦး(ကျား ၃၈၊ မ ၂၀)၊ သြဂုတ်လ ၂ ရက်နေ့တွင် ၁၆၈ ဦး (ကျား ၁၁၇၊ မ ၅၁) တို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ခေတ်မင်း

ဓာတ်ပုံ – ဆုလာဒ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.