ဘားအံ အောက်တိုဘာ

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ – KNDP အနေဖြင့် ကရင်နိုင်ငံရေးပါတီများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းအပါအဝင် ကြေညာချက် ၃ချက်ကို ကြေညာထားကြောင်း ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဟင်္သာမီဒီယာကို ပြောသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၆ရက်တွင် ပြုလုပ်ခဲ့ရာ အဆိုပါကြေညာချက်များကို ကြေညာ၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကြေညာချက်တွင် အထက်ပါအချက်အပြင် ကရင်လက်နက်ကိုင် တိုင်းရင်းသားအားလုံး ပေါင်းစည်းဆောင်ရွက်ရေးအတွက် အလေးအနက် နှိုးဆော်တိုက်တွန်းကြောင်း၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ ပူးပေါင်းကျင်းပသည့် ငြိမ်ချမ်းရေးဆွေးနွေးပွဲ အောင်မြင်ရန် မျှော်လင့်ပြီး နာလည်မှုရှိစွာဖြင့် သဘောထားကြီးစွာ ထားရှိဆွေးနွေးရန် တိုက်တွန်းကြောင်းလည်း ပါဝင်သည်ဟု သိရသည်

အဆိုပါ အစည်းအဝေးကိုကော်မတီဝင် ၅၀ဦးတက်ရောက်၍ ရေးဆွဲထားသည့် အခြေခံဥပဒေနှင့် ပြင်ဆင်ထားသည့်အရာများ၊ ပါတီ၏စည်းရုံးရေးကျစ်လစ် ခိုင်မာရေးများကို အဓိကထား ဆွေးနွေးဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

” ပါတီကျစ်လစ်ခိုင်မာရေးကိုတော့ ဆက်ပြီးကြိုးပမ်းသွားမယ်။ နောက် ပါတီရံပုံငွေကို တတ်နိုင်သ၍ လုပ်ဆောင်သွားမယ်၊ရွေးကောက်ပွဲအတွက် ဒီထက်ပိုမိုပြီး ကြိုးစားသွားမယ်လို့ ဒီဆွေးနွေးပွဲက အဖြေ ထွက်လာတယ်”ဟု ၎င်းက ဆိုသည်။

KNDP အနေဖြင့် လာမည့်၂၀၁၉ခုနှစ်တွင် ရွေးကောက်ပွဲ မဟာဗျူဟာများကို ချမှတ်ရေးဆွဲခြင်း၊ ဆက်လက်၍ မဟာဗျူဟာ ရေးဆွဲနည်းသင်တန်းများပေးခြင်း ညှိနှိုင်းခြင်းများပြုလုပ်ရန် စီစဉ်ထားရှိကြောင်းသိရသည်။

သံတောင်ကြီးနှင့် ဖါပွန်မြို့နယ်များမှလွဲ၍ ပြည်နယ်တွင်း မြို့နယ် ၅မြို့နယ်တွင် ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် ရုံးများ ဖွင့်လှစ်ထားကြောင်း၊ လတ်တလောအချိန်တွင် ရုံးပေါင်း ၂၀ရုံးခန့် ဖွင့်လှစ်ထားရှိကြောင်း ကျန်ရှိ မြို့မအဆင့်နှင့်ကျေးရွာအုပ်စုအဆင့်များကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပါတီနာယက မန်းအောင်တင်ဝင်းက ပြောကြားသည်။

“ခုလတ်တလောမှာတော့ မြဝတီမြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေကိုတော့ ဖွင့်လှစ်ထားရှိပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ပါတီဝင်အင်အား ၄၀၀၀ခန့်ရရှိပြီး ဗဟိုကော်မတီတွင် ၅၅ဦး ပါဝင်ဖွဲ့စည်းထားကြောင်း၊ ကရင်ပြည်နယ်ရှိမဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်အရွေးချယ်ခံသွားနိုင်ဖို့ ကြိုးပမ်းနေကြောင်း၊ ကရင်ပြည်နယ် တစ်ပြည်နယ်လုံး မရရှိသေးသော်လည်း တစ်ဝက်ခန့် ရရှိနိုင်မည်ဟု မျှော်လင့်ကြောင်း မန်းအောင်တင်ဝင်းက ပြောသည်။

ကရင်အမျိုးသားဒီမိုကရက်တစ် နိုင်ငံရေးပါတီမှာ ပြီးခဲ့သော ဇွန်လ ၂၉ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ သည့် ကရင်တိုင်းရင်းသား လူမျိုးစု ကိုယ်စားပြုပါတီ ဖြစ်ကြောင်း သိရ သည်။

လက်ရှိကာလတွင် ကရင်နိုင်ငံရေးပါတီ ၄ ပါတီရှိနေပြီး ယင်းတို့မှာ ကရင်ပြည်နယ်အခြေစိုက် KNDP ၊ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ရန်ကုန်တွင် ကရင် ပြည်သူ့ပါတီ-KPP နှင့် ကရင်အမျိုးသားပါတီ(KNP)တို့ ဖြစ်ကြသည်။

စောအယ်လ်ဒီး

Leave a Reply